Sunday, September 24, 2017

၁၉၉၁ မှစ၍ ငြိမ်းချမ်းရေး၏အကျိုးများကြောင့် မိမိတို့ဒေသ ယနေ့အထိ တည်ငြိမ်အေးချမ်းလျက်ရှိနေသည်ဟု (PNA) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) တွဲဖက်ကွပ်ကွဲရေးမှူး (၁) ဒု- ဗိုလ်မှူးကြီးခွန်အောင်သန်းကပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်









စန္တာခမ်း၊ နောင်တရားမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ ပေါခင်ဘုန်းတော်ကြီးကျောင်း၌  အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်း၊ အွိုင်း နှင့် ဒေသခံပြည်သူ လူထု တွေ့ဆုံပွဲကို  ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် စန္တာခမ်း၊ ဒု-ခမ်းဗွေ ဖြားခွန်ထွန်းတင်မှ အဖွင့်အမှာစကားပြောကြားရာ ပညာရေး၊ စီးပွားရေး၊ လှုမှုရေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များတွင် မျိုးဆက်သစ်လူငယ်များအပေါ်တာဝန်ရောက်ရှိလာပြီဖြစ်သည့်အတွက် မိမိတို့လူကြီးများသည် အကြံဥာဏ်လမ်းညွှန်မှုများပေးနိုင်စွမ်းသာရှိပြီး လက်တွေ့ဘ၀တွင် လူငယ်များသာ ဦးဆောင်လုပ်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ သို့မှသာ မျိုးဆက်သစ်လူငယ်များ မိမိတတ်စွမ်းသမျှ မိမိအားသာသည့်အဘက်ဘက်မှ အမျိုသားရေးအတွက် ၀ိုင်းဝန်းကူညီထမ်းဆောင်နိုင်ပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး စန္တာခမ်း၊ နောင်တရားမြို့နယ်၊ ဒု- ဥက္ကဌ ဖြားခွန်သောင်းတင်က နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေးများမှအစ မိမိတို့မြန်မာနိုင်ငံအတွင်း အခြားတိုင်းရင်းသားများနည်းတူ တန်းတူနေထိုင်နိုင်စေရန် ၊ ရှေ့အနာဂတ် မည်သို့မည်ပုံ နေထိုင်သွားရမည်ကို မိဘပြည်သူများသိရှိနိုင်စေရန် လိုအပ်သည်ဟု ပြောကြားခဲ့ပါသည်။

ထို့နောက် (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)၊ ဗဟိုဌာနချုပ်ရုံး၊ တွဲဖက်ကွပ်ကွဲရေးမှူး (၁)  ဒု- ဗိုလ်မှူးတန်ခွန်အောင်သန်းက  မိမိတို့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းသည် ၁၉၅၁ - ခုနှစ်နှင့် ၁၉၅၈ ခုနှစ်များတွင် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ပျက်ပြယ်ခဲ့ရပြီး တော်လှန်ရေးဘ၀သို့ ပြန်လည်ရောက်ရှိခဲ့ရပါသည်။ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးရယူခဲ့သည့် ၁၉၉၁ ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မှစ၍ နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူကာ ၎င်းအကျိုးများကြောင့် မိမိတို့ဒေသ ယနေ့အထိ တည်ငြိမ်အေးချမ်းလျက်ရှိနေသည်ဟု အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ခွန်အောင်နိုင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၏ ဖွဲ့စည်းပုံစည်းမျဉ်းများနှင့် ရုံးတွင်း ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ချက်များ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြောင်းအရာများ ကို အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ဖြားခွန်တင်ထွဋ္ဋ်က လွှတ်တော်အကြောင်းအရာများ၊ ဒေသဦးစီးအဖွဲ့အကြောင်းအရာများ၊ ရွေးကောက်ပွဲအကြောင်းအရာများ၊ အစိုးရဌာနဆိုင်ရာရုံးတွင် မိမိတို့ပအိုဝ်းလူမျိုးများ တာဝန်ထမ်းဆောင်နိုင်စေရန် ဘွဲ့ရလူငယ်များအနေဖြင့် ဆိုင်ရာအစိုးရဌာနအသီးသီးတွင် ၀င်ရောက်တာဝန်ထမ်းဆောင်နိုင်ကြပါရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လွယ်မောကျေးရွာအုပ်စု ဥက္ကဌ ဖြားခွန်ကြုံ က ယခုလိုပအိုဝ်းလူမျိုးများအတွက် သိသင့်သိထိုက်သည့်အကြောင်းအရာများကို ကြားသိနေရသည်ဖြစ်သည့်အတွက် မိမိသိရှိထားသည်များကို ပြန်လည်မျှဝေနိုင်ရန်လိုအပ်ကြောင်း၊  မိမိတစ်ယောက်အတွက်သာသိရှိရုံသည်သာမက လူတိုင်းသိရှိနားလည်နိုင်စေရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲကို (PNA) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊  လွယ်မောကျေးရွာအုပ်စု၊ နောင်ပီကျေးရွာအုပ်စုနှင့် နမ်းပုလင်းကျေးရွာအုပ်စုတို့မှ ဒေသခံရပ်မိရပ်ဖများ (၇၀၀) ကျော်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း


Powered by Blogger.