Friday, September 29, 2017

နယ်မြေပိုင်ရှင်မှာ ပြည်သူလူထုဖြစ်ပြီး ပအိုဝ်းအမျိုးသားတပ်မတော် (PNA)ဆိုသည်မှာ ကာကွယ်ရေး အတွက်သာ ဖြစ်ဟုဆို

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်





 
 



၂၀၁၇၊ စက်တင်ဘာ(၂၈)ရက်၊ အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ထီတဲမ်းလိတ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်၊ အွိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံ ပြည်သူလူထုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ ခွန်အိုးဗျူဟာ၊ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ခွန်ကျော်ရဲလွင်က နယ်မြေပိုင်ရှင်မှာ ပြည်သူလူထုဖြစ်ပြီး ပအိုဝ်းအမျိုးသား တပ်မတော်(PNA)ဆိုသည်မှာ ကာကွယ်ရေးအတွက်သာဖြစ်ကြောင်းကို ပြောကြားခဲ့ကြောင်းသိရသည်။

၁၉၉၁-ခုနှစ်တွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)နှင့်နိုင်ငံတော်အစိုးရတို့ ငြိမ်းချမ်းရေးရယူပြီးနောက် နိုင်ငံတော်အစိုးရမှ လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်ကို အထူးဒေသ(၆)အဖြစ် သတ်မှတ်ပြီး ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၏ ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ပေးထားခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲတွင် သူရိယခမ်း၊ ဒု-ခမ်းဗွေး- ဒုတိယဗိုလ်မှူးကြီး ခွန်ချစ်အိန်က လူမျိုးတစ်မျိုး တိုးတက်ဖို့အတွက် ပညာရေးသည် အရေးကြီးကြောင်း၊ မိဘပြည်သူများအနေဖြင့် ကိုယ့်သားသမီးများ ပညာတတ်မြောက်အောင် အားပေးထောက်ပံ့ပေးဖို့လိုကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုများကြောင့် မိသားစု၊ ကျေးရွာအတွင်း ညီညွှတ်ရေးများကို ပျက်ပြားနိုင်သောကြောင့် သုံးစွဲမှုများရှိပါက လျှော့နည်းပပျောက်သွားစေဖို့ အားလုံးတွင် တာဝန်ရှိကြောင်း၊ မိမိဒေသရှိ ရေထွက်များ ရေမခန်းခြောက်စေဖို့ မိမိဒေသပတ်ဝန်းကျင် သစ်ပင်တောတောင်များကို ထိန်းသိမ်းဖို့လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့ကြောင်းသိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ဌာနမှူးခွန်ကြည်က ပါတီနှင့်လွှတ်တော်အကြောင်းများ၊ JMC- နှစ်ဖက်သဘောတူထားသည့် အချက်အချို့များနှင့် မိမိဘ၀တစ်သက်တာ လိုက်နာသင့်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ စည်းရုံးရေးမှူး ဖြားချစ်လယ်က (PNA) ၏ တောင်လှန်ရေးသမိုင်းကြောင်းများနှင့် ညီညွှတ်ရေးအကြောင်းများ၊ သုတေသနနှင့် နည်းဗျူဟာရေးဆွဲရေးဌာန၊ ဌာနမှူး ခွန်ချစ်တင်က ဗဟိုဌာနချုပ်ရုံး၏ ဖွဲ့စည်းပုံနှင့်လုပ်ဆောင်ချက်များကိုလည်း ဟောပြောပေးခဲ့ကြောင်း သိရသည်။

လွယ်မော်တန်ဒေသ၊ ဥက္ကဋ္ဌ ဖြားအောင်သုခမှ အမှာစကားများ၊ ခွန်အိုးဗျူဟာ၊ လက်ထောက်ဗျူဟာမှူး ဗိုလ်မှူးခွန်မြအောင်က မူးယစ်ဆေးဝါးနှင့် သဘာဝပတ်ဝန်းကျင်အကြောင်းများကို ဟောပြောပေးပြီး လွယ်မော်တန်ဒေသ၊ စည်းရုံးရေးမှူး ဖြားအောင်နွောင်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ခွန်ဓဇ
Powered by Blogger.