Friday, September 29, 2017

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ် သင်တန်း အမှတ်စဉ်(၁)မှ သင်တန်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်











အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးရုံးခန်းမကြီးတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားကို ၂၀၁၇၊ စက်တင်ဘာ(၂၉) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင်က ကြိုဆို နုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဧရိယာစတုရန်းမိုင်ပေါင်း (၃၃၀၄.၉၈)မိုင် ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း (၄၂၃၄၅၉)ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးစု (၁၇)စု အတူတကွ ပူးပေါင်းနေထိုင်လျက်ရှိကြောင်း၊ အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းမှုအနေဖြင့် မြို့နယ်(၃)မြို့နယ်၊ မြို့(၂)မြို့၊ ရက်ကွက်(၃၁)ခု၊ ကျေးရွာအုပ်စု (၆၀)နဲ့ ကျေးရွာပေါင်း(၁၀၄၆)ရွာဖြင့် ဖွဲ့စည်းထားကြောင်း၊ ပညာရေးကဏ္ဍတွင် ၂၀၁၇-ခုနှစ်အထိ ထက်/လယ်/မူ ကျောင်းပေါင်း(၆၇၂)ကျောင်းဖွင့်လှစ်ထားရှိပြီး ကျောင်းသား/သူပေါင်း (၈၃၂၉၂)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် ဆေးရုံ၊ ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာန စုစုပေါင်း (၁၃၆)ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေး လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍအနေဖြင့် လမ်းမိုင်ပေါင်း(၁၀၀၀)ကျော်နှင့် ကွန်ကရစ် တံတားပေါင်း(၁၀၁၅)စင်း တည်ဆောက်နိုင်ခဲ့ကြောင်း၊ လျှပ်စစ်မီးနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး တောရော မြို့ပါမကျန် တပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးမြ၀င်းက အမှာစကားပြောကြားပြီး အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းသူ/သားများက ထာဝရမြန်မာသီချင်းဖြင့် ကပြဖျော်ဖြေခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းသူ/သားများနှင့်ဆရာ/ဆရာမများ (၂၆၉)ဦး လာရောက်ခဲ့ကြောင်း သိရသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.