Saturday, September 23, 2017

အထူးဒေသ (၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်၊ အွိုင် အဖွဲ့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်





အထူးဒေသ (၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်၊ အွိုင် အဖွဲ့သည် ခမ်း၊ နယ်၊ အွိုင်  အဖွဲ့အစည်းဒေသအတွင်း အုပ်ချုပ်ရေးပိုမိုပီပြင်လာစေရန်အတွက် ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်အုပ်စု၊ မြေနီဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား စက်တင်ဘာလ (၂၃) ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။

ထိုတွေ့ဆုံပွဲတွင် အထူးဒေသ (၆) ကန်တော်ကြီးမြို့နယ် အလုပ်အမှုဆောင် ဦးစိုင်းလူး မှ အဖွင့်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး အထူးဒေသ(၆) ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင်မှ ဒေသခံပြည်သူများအား ကျေးရွာ၊ အုပ်စု၊ ဒေသတစ်ခုချင်းစီတွင် ခေါင်းဆောင်များရှိသဖြင့် ခေါင်းဆောင်စကားကို နားထောင်ရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသအတွင်း အကြမ်းဖက်များမ၀င်နိုင်ရန် မျက်နှာစိမ်းများကို သတိထားစောင့်ကြည့်ပြီး တွေ့ရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးကိုလည်းကောင်း၊ အထူးဒေသ(၆) အုပ်ချုပ်ရေးကိုလည်းကောင်း၊ အကြောင်းကြားရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသတွင် မကောင်းမှုများဖြစ်သော မူးယစ်ဆေးဝါးများ၊ သွေးကွဲမှုများကို တိုက်ထုတ်ပြီး ကောင်းသောအရာများကို အတူတကွလုပ်ဆောင်ရမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ စောခွန်ကျော်ဝင်းမှ မိမိတို့တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် ဥမကွဲသိုက်မပျက်ဘဲ စည်းလုံးညီညွှတ်စွာနေထိုင်သွားကြရန်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ရှေ့လုပ်ငန်းစဉ်များကို ပြောကြားခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ဘဏ္ဍာရေးဌာနမှ ခွန်အောင်နိုင်က ဗဟိုဌာနချုပ်ရုံး၏ ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ၊ ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းကောလီ က အမှာစကားပြောကြားခဲ့ပြီး ဒေသခံများကိုယ်စား အထူးဒေသ(၆) ကုန်းဆွတ်အုပ်စု ဥက္ကဌ ဆရာခေါင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ရှမ်း၊ ပအိုဝ်း၊ လီဆူ၊ ကရမ်း၊ ကယော စသည့် တိုင်းရင်းသားဒေသခံမိဘပြည်သူများ (၁၀၀၀) ကျော်တက်ရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲကို အထူးဒေသ (၆) အတွင်းရှိ ပင်လောင်း၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ မောက်မယ်၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန် စသည့်မြို့နယ်များမှ ဒေသခံများကိုဆက်လက်တွေ့ဆုံရန်အစီအစဉ်များရှိကြောင်း သိရှိရပါသည်။

ခွန်ခမ်းခြွိုင်
Powered by Blogger.