Sunday, October 15, 2017

အနာဂတ်လူငယ်များကို ပြုစုပျိုးထောင်ပေးခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်


ခေတ်မှီဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ အနာဂတ်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာတယ်။ ယနေ့တွင် လူငယ်များအတွက် အလုပ်လက်မဲ့ပြဿနာများ ရင်ဆိုင်နေရပါတယ်။ မြန်မာပြည်မှ ဆရာဝန်တစ်ယောက် ပြည်ပရောက်ရင် ဆရာဝန်မဖြစ်နိုင်ပါ။ ထိုနိုင်ငံရဲ့ အသိအမှတ်ပြုစာမေးပွဲကို ပြန်ဖြေရပါတယ်။ ငွေကြေးအကုန်အကျများပြီး အလုပ်ရဖို့ဆိုတာ ကျိန်းသေပေါက်တွက်လို့မရပါ။ ဒေါက်တာပါရဂူ(PhD)များ အဖို့တော့ ပိုလို့တောင် အလုပ်ရဖို့ အခွင့်အလမ်း နည်းပါးသေးတယ်။ အခြားသော ဘွဲ့များသည်ပင် ပြောစရာမလိုတော့ပါ။ ဒါ့ကြောင့် ပြောချင်တာက အနာဂါတ်ကလေးများ ပညာသင်ကြားရေးစနစ်ပါ။ ယနေ့ မြန်မာနိုင်ငံမှာ များသောအားဖြင့် ကလေးများပညာရေးကို ကျောင်းတွေ၊ ဆရာ၊ ဆရာမတွေကို ရာနှုန်းပြည့် အားကိုးနေတာကို တွေ့နေရပါတယ်။

ယနေ့ မြန်မာနိုင်ငံမှာ ဘွဲ့ရပညာတတ်များကို မွေးထုတ်ပေးနိုင်သော်လည်း အလုပ်လက်မဲ့များစွာ ရှိနေပါတယ်။ ယခု လက်ရှိပညာရေးစနစ်ကို မပြောင်းလဲနိုင်သေးသရွေ့ တက္ကသိုလ်ပညာရေးဟာ ဘွဲ့လက်မှတ်ထုတ်ပေးသော စက်ရုံတစ်ခုမျိုးသာ ဖြစ်နေဦးမယ်။ ဒါကြောင့် ပညာသင်ကြားခြင်း၊ ဘွဲ့ရခြင်းဖြင့် မိမိရင်သွေးအလုပ်အကိုင်သေချာပြီလို့ မိဘများ တစ်ထစ်ချ မမှတ်ယူသင့်ပါ။

ပညာရှင်များအဆိုအရ.. ကလေးများ အနာဂတ်အတွက် မွေးကင်းစအရွယ်မှ အသက် ၁၅နှစ်ကြား ဟာ အထူးအရေးကြီးတဲ့အချိန်ကာလလို့ဆိုပါတယ်။ အဲဒီအချိန်တွေမှာ ကလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်အောင်မြင်ရေးပုံစံကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေကြတာကြောင့်ပဲဖြစ်ပါတယ်။ ကလေးဟာ ကျောင်းနေရတာ ပျော်တယ်။ အလွယ်တကူ သင်ကြားတတ်မြောက်တယ်။ အောင်မှတ်အဆင့်တွေ ကောင်းတယ်ဆိုရင် ဒီကလေးပညာရေး အကျိုးပေးတယ်။ ဆက်လက်ကြိုးစားဖို့ မိဘများက တွန်းအားပေးနိုင်ပါတယ်။
တကယ်လို့ သင့်ကလေးဟာ အသိဥာဏ်အားနည်းတယ်။ အရေး၊ အဖတ်၊ အတွက် ဆိုတဲ့ “ အ ” သုံးလုံးကို မလိုက်နိုင်ဘူးဆိုရင် ကလေးကို ကျောင်းဆက်ထားတာဟာ သူ့ကို ဒုက္ခပေးရာရောက်ပါလိမ့်မယ်။ အတန်းခန်းထဲမှာ အခြားကလေးတွေနှင့်ယှဉ်လိုက်တိုင်း သူကို " ညံ့တယ်" ဆိုတဲ့ အဆင့်သတ်မှတ်ချက်တွေ တွေ့တိုင်း ကလေးကို တန်ဖိုးမထား ၊ မလေးစား၊ နှိမ့်ချသလို ဖြစ်သွားတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာပင် ငတုံးငဖျင်းလို့ အခေါ်ခံရတဲ့ ကလေးအခြေအနေ ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ။ ကလေးရဲ့ စိတ်ဓာတ်ကော ရုပ်ပိုင်းဆိုင်းရာ တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ကျောင်းတွေမှာက သတ်မှတ်တဲ့ ကလေးတွေရဲ့ပညာရေးစံချိန်စံနှုန်းက အချို့သောကလေးတွေအတွက် ပညာပေးရာ မရောက်ဘဲ အဆင့်ခွဲပေးနေသလို ဖြစ်တဲ့အတွက်ကြောင့် ကလေးတွေရဲ့ စိတ်ကို ထိခိုက်စေပါတယ်။

ကလေးတွေငယ်စဉ်မှစ၍ မိမိတို့ကိုယ်ပိုင်လုပ်ဆောင်နိုင်သည့်အရာများကို လုပ်ပိုင်ခွင့်ပေးသင့်ပါတယ်။ ကလေးတို့၏ ဝါသနာအရ မိဘ၊ ဆရာသမားတို့၏ အားပေးမှုသည်လည်း အလွန်အရေးကြီးလှတယ်။ မိဘနှင့် ဆရာသမားများက ကလေးများ၏ကျောင်းပညာရေးအပြင် အသက်မွေးဝမ်းကြောင်း တခုခုကိုလည်း ထိန်းကျောင်းသင်ကြားပေးခြင်းများကိုလည်း ဆွဲဆောင်သင်ကြားပေးသင့်တယ်။ ဒါဟာ အနာဂတ်အတွက် အသက်မွေးဝမ်းကျောင်းပညာ၊ နိဒါန်းပျိုးပေးရာ ရောက်ရုံမျှမက ၊ ဘဝရှင်သန်ရေးအတွက် ယုံကြည်ချက်တွေ ခိုင်မာလာအောင် ပျိုးထောင်ပေးရာလည်း ရောက်မှာဖြစ်တယ်။ ငယ်ရွယ်ချိန်မှာ သူ့ကိုယ်သူ အားကိုး အားထားပြုတဲ့ စိတ်မမွေးနိုင်ခဲ့ရင် အနာဂတ်ဘဝ ဦးတည်ချက်နှင့် ရည်ရွယ်ချက်တွေကို ဆိုးဆိုးရွားရွား ထိခိုက်လာစေနိုင်ပါတယ်။

ဒါကြောင့် မိဘများဟာ ကလေးတွေကို ငယ်ရွယ်ကတည်းက သတိထား ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကျောင်းစာသင်ခန်းမှာ ကလေးအယောက် ၃၀ကျော်ကို ဆရာမတစ်ယောက်တည်းနှင့် ကလေး တစ်ယောက်ချင်းစီကို ဂရုစိုက်ဖို့မလွယ်ပါ။ ဒါကြောင့် ကလေးတွေကို ကိုယ့်ကိုကိုယ် လက်တွေ့ကျ သင်ယူတဲ့ စနစ်မျိုး ၊ ကျောင်းစာသင်ရင်း မိမိဝါသနာပါရာ အားကစားလုပ်ရင်းဖြင့် မိမိကိုယ်မိမိယုံကြည်မှုတွေ တည်ဆောက်စေရပါမယ်။ ငယ်ရွယ်ကတည်းက သင်ရင်းလုပ် ၊ လုပ်ရင်းသင်ခြင်း အတတ်ပညာကို ရလာခဲ့ရင် ဒီကလေးဟာ အလုပ်နယ်ပယ်ရောက်တဲ့အခါ ရဲရဲဝံ့ဝံ့ လုပ်ငန်းခွင်ဝင်နိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုက မိမိရင်သွေးတွေကို အမြဲတမ်း သင်ယူတတ်တဲ့ အလေ့အထကို မွေးမြူပေးရမယ်။ ဒါဆိုရင် အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဆီက အကြံဥာဏ်နှင့် နည်းပညာတွေကို လေ့လာဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါမှသာလျှင် အနာဂတ်လူငယ်များဟာ ပညာအားကိုးဖြင့် အလုပ်အခွင့်အလမ်းများကို မရှာဖွေပဲ အောင်မြင်သူတို့ရဲ့နည်းလမ်းကို ရှာဖွေလို့ မိမိနဲ့သင့်တော်တဲ့ လုပ်ငန်းမျိုးမှာ လုပ်ရင်းသင်၊ သင်ရင်းလုပ် ၊ အမှားအမှန်ကို ပညာရှင်များ၊ အတွေ့အကြုံရှိသူများ၊ စာအုပ်စာပေများနဲ့ ဆွေးနွေးတိုင်ပင်လေ့လာရင်းဖြင့် သူတို့၏အနာဂတ်ကို ပုံဖေါ်နိုင်မှာ ဖြစ်တယ်။

ယနေ့ ကမ္ဘာမှာ ဆရာဝန်၊ အင်ဂျင်နီယာများသာ ကြီးပွားချမ်းသာနေသည်မဟုတ်၊ ဟိုတယ်ပိုင်ရှင်၊ စားသောက်ဆိုင်ရှင်၊ စတိုးဆိုင်ပိုင်ရှင်များလည်း ကြီးပွားချမ်းသာသူများပင်ဖြစ်တယ်။ ဒါကြောင့် ဘွဲ့ရမှ ကြီးပွားချမ်းသာနိုင်တယ်ဆိုတဲ့ အတွေးမျိုး၊ အယူအဆမျိုးကို မိဘရော၊ အနာဂတ်လူငယ်များပါ အစွဲလမ်းမထားဘဲ ကိုယ့်အစွမ်းအစကို ယုံကြည်အားကိုးတတ်သော လူငယ်များဖြစ်ရန်သာ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

ခွန်ထွန်းကြည်
Powered by Blogger.