Monday, October 2, 2017

နမ့်စန်မြို့နယ်၊ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့က ဖောက်လုပ်ပေးခဲ့သော ထင်းရှူးမြိုင်-လဲချား(၂၁)မိုင်ရှိ မြေသားလမ်းကို ကျောက်ချောလမ်း၊ ကတ္ထရာလမ်းခင်းရန် လိုအပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်



နမ့်စန်မြို့နယ်၊ ထင်းရှူးမြိုင်ကျေးရွာမှ လဲချားမြို့ထိ (၂၈)မိုင် ကွာဝေးသော လမ်းကို တိုင်းကောင်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ပိုင်  လွယ်ချယ်နဂါးသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် ပတ္တမြားနဂါးသတ္တုတူး ဖော်ရေးကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးခဲ့ပြီး ယခုအခါ အဆိုပါလမ်းအား ကျောက်ချောလမ်းနှင့် ကတ္ထရာလမ်းခင်းရန် လိုအပ်ကြောင်း PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာန)အဖွဲ့၊ လွိုင်လင်ဆက်ဆံရေးရုံးခွဲမှ ဗိုလ်မှူးခွန်သာထွန်းထံမှ (၂၅ -၉-၂၀၁၇)ခုနှစ် ပြောပြချက်အရ သိရသည်။

အဆိုပါ ထင်းရှူးမြိုင်-လဲချား ဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့က မိဘပြည်သူ အေးအေးချမ်းချမ်းနဲ့ သွားလာနိုင်ဖို့၊ ကျွန်တော်တို့ ကုမ္ပဏီစက်ယန္တာရားကို သုံးပြီး ဒီလမ်းကို ဖောက်လုပ်ခဲ့တာပါ၊ အခုမြေသားလမ်းတော့ ဖောက်ပြီးပြီပေါ့၊ ဒီမြေသားလမ်းကို ကျောက်ချောလမ်း၊ ကတ္ထရာလမ်းခင်းဖို့ လိုသေးတယ်၊ ဒီလိုခင်းနိုင်ဖို့က ကျွန်တော်တို့ သက်ဆိုင်ရာဌာနတွေကို တင်ပြထားပါတယ်” ဟု ဗိုလ်မှူးခွန်သာထွန်းက ပြောပါသည်။

လဲချားမြို့မှ နမ့်စန်မြို့သို့ ယခင်အသုံးပြုသည့် လဲချား-ပင်လုံ-လွိုင်လင်-နမ့်စန်လမ်းသည် (၄၈)မိုင်ခန့်ဝေးပြီး ၎င်းထင်းရှူးမြိုင် - လဲချားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက လဲချာ-နမ်စန်လမ်းစုစုပေါင်း(၂၈)မိုင်ခန့်သာ သွားလာနိုင်မည် ဖြစ်ကြောင်း၊ လဲချားမြို့မှစ၍ နမ့်စန်မြို့ထိ စုစုပေါင်းလမ်းရှည်(၂၈)မိုင်ရှိသည့်အနက် လဲချားမြို့အထွက် စည်ပင်မှ ကတ္ထရာ(၀/၄)မိုင်ခင်းပြီး တစ်ဆက်တည်း နမ့်တောင်းချောင်းအထိ ကတ္ထရာလမ်း(၁/၄)မိုင်နှင့် နမ့်တောင်ချောင်းမှ နောင်နင်းရွာအထိ ကျောက်ချောလမ်း(၂)မိုင်တို့အား ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ နမ့်စန်မြို့နယ်၊ ထင်းရှူးမြိုင်မှ တိုင်ကောင်ရွာထိ ကတ္ထရာလမ်း(၂/၄)မိုင် (နတလ၊စည်ပင်) ခင်းပြီး ကျန်ရှိသော လဲချားမြို့နယ်၊ နောင်နင်း၊ ပန်လင်းရွာသစ်မှ နမ့်စန်မြို့နယ်၊ နားတုံ့လုံ၊ တိုင်ကောင်ရွာထိ (၂၁/၄)မိုင်အား ကျောက်ချောလမ်း၊ ကတ္ထရာလမ်း အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ လမ်းပေါ်ရှိ အကျိုးပြုမည့် ကျေးရွာအုပ်စု(၃)အုပ်စု၊ ကျေးရွာပေါင်း(၂၉)ရွာ ရှိပြီး အိပ်ခြေပေါင်း (၁၁၂၆)နှင့် လူဦးရေ (၆၁၀၅)ရှိကြောင်း   သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.