Friday, October 20, 2017

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့(World Tourism Day)မှာ ပအိုဝ်းဒေသလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်းက စွမ်းဆောင်ရည်အကောင်းဆုံးဆု ရရှိမှုနှင့် ပတ်သက်၍ “ ၂၀၁၇ခုနှစ်သည် မိမိတို့အတွက် ကံအကောင်းဆုံးနှစ် ဖြစ်ကြောင်း ” ပြောခဲ့သော ရွှေကျွန်းမျှော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း မန်နေဂျာ ခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်





မေး - မင်္ဂလာပါ ခွန်ထွန်းဦး ပြီးခဲ့တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့မှာ ခွန်ထွန်းဦးတို့ လုပ်နေတဲ့ ပအိုဝ်းဒေသ လူထုပူးပေါင်းပါဝင်တဲ့ ခရီးသွားလုပ်ငန်းက စွမ်းအောင်ရည်အကောင်းဆုံးဆု ရရှိထားတယ်လို့ သိရပါတယ်။ ဒီဆုရတဲ့အပေါ်မှာ ပီတိစကားပြောပြနိုင်မလား။
ဖြေ- ဟုတ်ကဲ့ ပြီးခဲ့တဲ့ ကမ္ဘာခရီးသွားလုပ်ငန်းနေ့ (World Tourism Day)မှာ ပအိုဝ်းဒေသမှာ လုပ်နေတဲ့ လူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်းအနေနဲ့ The Best  Performance Awradဆု (စွမ်းဆောင်ရည်အကောင်းဆုံးဆု)ကို ရရှိခဲ့ပါတယ်၊ ဒီခရီးသွားလုပ်ငန်းက ပြောရရင်လူထုပူးပေါင်းပါဝင်မှ အောင်မြင်မှုရရှိတဲ့ လုပ်ငန်းဖြစ်တယ်၊ အခုလို ဒေသခံတွေ ပူးပေါင်းဆောင်ရွက်လို့ ဒီဆုကိုရရှိတဲ့ အတွက်ကြောင့် ဒေသခံမိဘပြည်သူနှင့်အတူ ကျွန်တော်တို့လည်း ထပ်တူ ထပ်မျှ ၀မ်းသာပီတိ ဖြစ်ရပါတယ်။

မေး- ဒီဆုကို ဘယ်လိုစံနှုန်းသတ်မှတ်ချက်တွေနဲ့ ပေးတယ်လို့ ထင်ပါသလဲ။
ဖြေ- ဒီThe Best Performance Awradဆုကို အစိုးရ၀န်ကြီးဌာနအနေနဲ့ သတ်မှတ်ထားတဲ့ စံနှုန်းရှိတာပေါ့။ ဥပမာ ဒီCBT လုပ်ငန်းကြောင့် ဒေသခံတွေ ဘယ်လိုအခွင့်အလမ်း ရရှိသွားတာလဲ၊ ယဉ်ကျေးမှုများကို ဘယ်လောက်ထိ ဖောက်ထုတ်ခွင့်ရရှိတာလဲ၊ နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဘယ်လောက်ထိ ကူညီဆောက်ရွက်ပေးတာလဲ စတဲ့အပေါ်မှာ မူတည်ပြီးတော့ ပေးသွားတာ ထင်ပါတယ်။

 မေး-  ဒီ CBT လုပ်ငန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဘယ်နှစ်နေရာလောက် လုပ်နေပြီလဲ။
ဖြေ- ဒီCBT လုပ်ငန်းကို အရင်အစိုးရလက်ထပ် ၂၀၁၀မှ ၂၀၁၅မှာ ကနဦး ပိုင်းလော့ခ် ပရောဂျက်အရ တရားဝင် (၆)ခု လုပ်နေတယ်လို့ သိရပါတယ်၊ ဒီအခု ၂၀၁၅-၂၀၂၀ ဒုတိယဒီမိုကရေစီသက်တမ်းမှာလည်း ဒီCBT လုပ်ငန်းတွေကို မြန်မာတစ်နိုင်ငံလုံးမှာအခုနေရာပေါင်း (၃၀)ကျော်ပြီလို့ ကျွန်တော်သိရတယ်ပေါ့နော်။ ဒီCBT လုပ်ငန်းကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတယ်ပေါ့နော်။

မေး-  ဒီCBT လုပ်ငန်းကို ခွန်ထွန်းဦးတို့ နောက်ထပ် လုပ်ဖို့ နေရာများ ရှိသေးလား။
ဖြေ- ဘယ်နေရာမှာ လုပ်ဖို့ရှိလဲဆိုတော့ လောလောဆယ်က ကျွန်တော်တို့ အင်းလေးကန်အရှေ့ဘက် တောင်ကြောပေါ်မှာရှိတဲ့ ပအိုဝ်းကျေးရွာတွေ(အင်းနီ၊ ထီနဲ့)မှာ အဓိကလုပ်ကိုင်နေတယ်ပေါ့၊ ဒီCBT ပရောဂျက်လုပ်နေတာလည်း ၂နှစ် နီးပါးရှိနေပါပြီ။  ဒါပြင် အခုနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်ပြီးတော့မှ အရင်တုန်းကတော့ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းတို့စတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အစီအစဉ်လေးတွေတော့ ရှိတယ်ပေါ့။ သို့သော်လည်း အခု ဒီနိုင်ငံကို လာတဲ့ နိုင်ငံခြားဧည့်သည်တွေကလည်း အများကြီး မျှော်လင့်လို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ ဒီရခိုင်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံခြားသားတွေအနေနဲ့ အရင်နှစ်ထက်စာရင် တော်တော်လည်း လျော့နည်းလာတာကို တွေ့ရတယ်။ ဒါကြောင့် လက်ရှိကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းကို ဆက်ပြီးတော့ အောင်မြင်အောင်လုပ်မယ်။ ဒါပြင် ဒီဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းတွေမှာ CBT လုပ်ငန်းကို စတင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

မေး - ဒီCBT လုပ်ငန်းနဲ့ ပတ်သက်ပြီး ခွန်ထွန်းဦးတို့က ဒီနှစ်မှာ ဆုဘယ်နှစ်ဆုရရှိထားလဲ။
ဖြေ- ဒီနှစ်မှာ ကျွန်တော်တို့ လုပ်နေတဲ့ ပအိုဝ်းဒေသခရီးသွားလုပ်ငန်းက Luckly Year(ကံကောင်းသောနှစ်)လို့တောင် ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ဒီခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ဆု(၃)ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တယ်။ ၂၀၁၇ခုနှစ်၊ မတ်လ (၉)ရက်နေ့မှာ ဂျာမနီနိုင်ငံမှာ နိုင်ငံတကာမှ ပြုလုပ်တဲ့ ပြိုင်ပွဲမှာ ကျွန်တော်တို့ လုပ်နေတဲ့ ခရီးသွားလုပ်ငန်းကို သွားပြိုင်ခဲ့ပြီး နိုင်ငံတကာ To Do’ 2017မှ ပေးအပ်သော လူမှုဆိုင်ရာတာဝန်သိခရီးသွားလုပ်ငန်းဆု ကိုလည်း ရရှိခဲ့တယ်။ ပြီးတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ(၂၀)ရက်နေ့တွင် စကာင်္ပူနိုင်ငံ၌မှ ပေးအပ် အာဆီယံနိုင်ငံအဆင့်မီဆု ASEAN Standard Award ဆုကိုလည်း ရရှိခဲ့တယ်။ အခု ၁၀လပိုင်း ၉ရက်နေ့မှာ ပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့မှာ ပြည်ထောင်စု မြန်မာ့ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ ချီးမြှင့်ပေးတဲ့ The Best Performance Awradဆု (စွမ်းဆောင်ရည်အကောင်းဆုံးဆု)ကိုလည်း ရရှိခဲ့တယ်ပေါ့နော်။ ဒါကြောင့် ဒီCBTနဲ့ ပတ်သက်ပြီး ဒီ၂၀၁၇ခုနှစ်မှာ အောင်မြင်မှုအနေနဲ့ ဆု(၃)ဆုကို ရရှိခဲ့ပါပြီ။

မေး -  ဒီနှစ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားနေ့အခမ်းအနားမှာ ဘယ်လိုဆုမျိုးတွေ ချီးမြှင့်ပေးတာလဲ။
ဖြေ- လက်ရှိ World Tourism Day(ကမ္ဘာ့ခရီးသွားများနေ့) ပြည်ထောင်စု မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ဘာဆုတွေ ချီးမြှင့်ပေးခဲ့သလဲဆိုတော့ ကဗျာနှင့် ပတ်သက်တဲ့ဆုတွေ Eassy(စာစီစာကုံး)ဆုတွေ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအကောင်းဆုံးဆုတွေ၊ အသန့်ရှင်းဆုံးဆုတွေ၊ နောက် ဒီCBT(Communit Based Tourism)လုပ်ငန်း စွမ်းဆောင်ရည် အကောင်းဆုံးဆုတွေ ချီးမြှင့်တာပေါ့။ ဆုတွေတော်တော်များများ ပေးအပ်ပါတယ်။

မေး- နောက်ဆုံးအနေနဲ့ ခွန်ထွန်းဦးတို့လုပ်နေတဲ့ CBT လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာများ ထပ်ပြောချင်ပါသလဲ။
ဖြေ- ကျွန်တော့်အနေနဲ့ ဒီCBTလုပ်ငန်းကို ရေရှည်တည်တံ့အောင် ဆက်သွားနိုင်ဖို့ဆိုတာကတော့ ဒေသခံတွေက ဘယ်လောက်ဘဲ ၀န်ဆောင်မှုကောင်းကောင်း ဧည့်သည်တွေ မလာဘူးဆိုရင် ဒီလုပ်ငန်းက ရေရှည်မခိုင်မြဲနိုင်ပါဘူး။ ဒီCBT လုပ်ငန်းက နိုင်ငံခြားဧည့်သည်တွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့ လုပ်ငန်းဖြစ်တယ်။ ဒါကြောင့် တစ်ဖက်မှာလည်း ဒီCBT လုပ်ငန်းကို ရေရှည်သွားတဲ့နေရာမှာ ဒေသခံတွေအနေနဲ့ လာတဲ့ဧည့်သည်တွေကို စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွှတ်နဲ့ ၀န်ဆောင်မှုပေးရသလို တစ်ဖက်မှာလည်း ခရီးသွားကုပ္မဏီတွေနေနဲ့ ဒီဒေသကို ဧည့်သည်တွေရောက်အောင် ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်။ ဒါကြောင့် ဒီCBT လုပ်ငန်းကို ရေရှည်အောင်မြင်ဖို့အတွက် ဒေသခံနဲ့ ခရီးသွားကုပ္မဏီတွေ ပါဝင် ကူညီမှသာလျှင် အဆင်ပြေနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ခွန်ထင်းလေအောင်း




Powered by Blogger.