Thursday, November 16, 2017

တီကျစ်တွင် သီတင်းသုံးစမ္ပယ်လျှက်ရှိသော လူသိများနေသည့် ကျောက်စာတည် ဖောင်တော်ဦးဘုရားအား ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ သွားရောက် ဖူးမျှော်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်




ပအိုဝ်းအမျိုးသားခေါင်းခေါင် ဖြားတန်စင်ဖါအောင်ခမ်းထီ မိသားစုနှင့် အဖွဲ့များသည် (၁၅-၁၁-၂၀၁၇)ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့၊ တီကျစ်မြို့မကျောင်းတိုက်ရှိ သီတင်းသုံးစမ္ပယ်လျှက်ရှိသော “ကျောက်စာတည် ဖောင်တော်ဦးဘုရား”အားသွားရောက် ဖူးမျှော်ခဲ့ကြောင်း သိရှိရသည်။

ဖြားတန်စင်ဖါအောင်ခမ်းထီ မိသားစုနှင့် အဖွဲ့သည် နံနက် (၁၀း၃၀)မိနစ်အချိန်တွင် တီကျစ်မြို့မ ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး ဆွမ်းတော်ကပ်ခြင်း၊ အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် ဘုရားဖူးလာမိဘပြည်သူများနှင့်တကွ ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ ရေစက်ချတရား တော်နာယူခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကျောက်စာတည် ဖောင်တော်ဦးဘုရားကို ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု၊ မြင်းကကျေးရွာမှ နေထိုင်သူ ဖိုးရန်အောင်(ခ) ဖိုးထီးက အလောင်းပေါက်ရွာ၏ မြောက်ဘက်(၉)မိုင်ခန့် အကွာအဝေးတွင် တည်ရှိသော ဆင်တောင်ဘူတာသို့ သွားသော တောလမ်းတွင် တည်ရှိသည့် မိမိ၏ တောင်ယာတဲဘေးတွင် တူးဖော်တွေ့ရှိခဲ့ပြီး အင်းလေးဖော်တော်ဦး ရုပ်ပွားတော်မြတ်နှင့်သဏ္ဍာန်တူသောကြောင့် “ကျောက်စာတည် ဖောင်တော်ဦးဘုရား”ဟု ခေါ်ဆိုပူဇော်ခဲ့ကြောင်း၊ ထိုသို့ တူးဖော်တွေ့ရှိသည့် ဘုရားရုပ်ပွားတော်ကို ယာယီတဲအသစ်ပြုလုပ်၍ နေ့စဉ် ဆွမ်းကပ်ခြင်း၊ တောတွင်းတွင် ပေါက်သည့်ပန်းများဖြင့် ဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ တွေ့ရှိပြီး(၁၁)ရက်မြောက်နေ့တွင် ဖိတ်ကြားခြင်းမရှိဘဲ အနီးအနာရှိ မိဘပြည်သူများ လာရောက်ဖူးမျှော်ကြကာ ထို့နောက် မိဘနှင့် ဆရာတော်အား လျှောက်ထားအသိပေးပြီး သီတင်ကျွတ်လပြည့်(၅-၁၀-၂၀၁၇)ရက်နေ့တွင် တီကျစ်မြို့မကျောင်းသို့ ပင့်ဆောင်ခဲ့ကြောင်းသိရသည်။ ယခုအခါ ရပ်ဝေးမှ ဘုရားဖူးများလည်း လာရောက်ဖူးမျှော်နေကြောင်း သိရသည်။

အဆိုပါ ကျောက်စာတည် ဖောင်တော်ဦးဘုရားနှင့် ပတ်သက်၍ သတင်းဖြန့်ခြင်း၊ ယုံကြည်အောင် ပြောဆိုခြင်း၊ စည်းရုံးခြင်းများ မပြုလုပ်ခဲ့ပါကြောင်း၊ ဘုရားဖူးလာရောက်သူများနှင့် ယုံကြည် ကြည်ညိုသူများမှ လူမှုမီဒီယာမှတစ်ဆင့် အချင်းချင်း သတင်းဖလှယ်ခြင်းဖြင့် လူသိများကာ ကျော်ကြားလာခြင်းဖြစ်ကြောင်း၊ ရုပ်ပွားတော်တွေ့ရှိသည့်ဖြစ်စဉ်နှင့် ထူးခြားဖြစ်စဉ်များကို မှန်မှန်ကန်ကန် မှတ်တမ်းတင်၍ သက်ဆိုင်ရာများကို ရှင်းလင်းတင်ပြနိုင်ရန်အတွက် ဆရာတော်၊ ဂေါပကအဖွဲ့များနှင့် တာဝန်ရှိသူများ ဆောင်ရွက်နေပါကြောင်း ဘုရားဂေါပကအဖွဲ့က ထုတ်ပြန်ထားပါသည်။

နဂါ့ခွန်
Powered by Blogger.