Monday, November 20, 2017

မျိုးဆက်သစ်လူငယ်များ သိထားသင့်သော အမျိုးသားရေးလမ်းစဉ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်




ပအိုဝ်းလူမျိုးသည် သမိုင်းအစဉ်အလာကြီးမားသော လူမျိုးတစ်မျိုးဖြစ်သည်ကို သုဝဏ္ဏဘူမိခေတ်တွင် ကိုယ်ပိုင်ထီးနန်းဖြင့် တင့်တယ်စွာနေထိုင်နိုင်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါသည်။ သုဝဏ္ဏဘူမိ နေပြည်တော်ပျက်သုဉ်းပြီးနောက် မိမိတို့ပအိုဝ်းလူမျိုးသည် ပိဋကတ်သုံးပုံနှင့်ဘုရင်မင်းမြတ်အပါအ၀င် ပညာရှင် အားလုံးတို့ကိုလည်း ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် မိဘပြည်သူတို့သည်လည်း မြန်မာနိုင်ငံနေရာဒေသအနှံ့အပြား သို့ပြောင်းရွေ့နေထိုင်ခဲ့ရသည်။ ထို့နောက်ခေတ်စနစ်အမျိုးမျိုးတို့၏ ဖိနိုပ်ချုပ်ချယ်တို့မှုကြောင့် မျက်စိပိတ် နားပိတ်ဖြစ်ခံခဲ့ရပြီး ဒုက္ခအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။

ထိုသို့ဒုက္ခအမျိုးမျိုးခံစားနေရသော ပအိုဝ်းလူမျိုးကို ပအိုဝ်းအမျိုးသားခေါင်းဆောင်များနှင့် ပအိုဝ်း ရဟန်း သံဃာအရှင်သူမြတ်တို့သည် အမျိုးသားတော်လှန်ရေးကို ခေတ်အဆက်ဆက်တွင်တော်လှန်ခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းချိန်ကာလများတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်များနှင့် ပအိုဝ်းရဟန်း သံဃာတော်တို့သည် နိုင်ငံတော်လွတ်လပ်ရေးရရှိရန်အတွက် ပါဝင်ခဲ့ကြသော်လည်း လွတ်လပ်ရေးအသီးအပွင့် များခံစားရသောအချိန်တွင် မိမိတို့ပအိုဝ်းတိုင်းရင်းသားခေတ်ပညာတတ်သည် အမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေအပါဝင် အနည်းငယ်သာပါဝင်ခဲ့သောကြောင့် မိမိတို့အမျိုးသားအတွက် ရသင့်ရထိုက်သော အခွင့်အရေးများမရရှိခဲ့ပါ။ ပညာတတ်များနည်းပါးနေသည့်အတွက် အခြားသောတိုင်းရင်းသားများနည်းတူအ မျိုးသားအခွင့်အရေးများကို အပြည့်အ၀ရယူနိုင်ခဲ့ခြင်းမရှိဟုယူဆရပါမည်။ ထိုအချိန်က ပအိုဝ်းအမျိုးသားတော်လှန်ရေးများသည် မြေအောက်တော်လှန်ရေးသာအားကောင်းခဲ့ပြီး မြေပေါ်တော်လှန်ရေးမှာ အားနည်းနေခြင်း ကြောင့်ဖြစ်သည်။

ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများသည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီး ပညာရေး၊ ဒေသဖွံ့ဖြိုးရေး၊ စာပေနှင့်ယဉ်ကျေးမှုစသည့်လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူများ၊ အခြားသောအဖွဲ့အစည်းများနှင့်ပူးပေါင်းခဲ့ပြီး အားသွန်ခွန်စိုက်လုပ်ဆောင်လာခဲ့သောကြောင့် ယခင်က မျက်စိမှိတ်နားပိတ်ဖြစ်နေသော မိမိတို့ပအိုဝ်းတိုင်းရင်းသားသည် ယခုအချိန်အခါတွင် ပအိုဝ်းဒေသသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ကိုတွေ့ရှိရသည်။ ပအိုဝ်းခေါင်းဆောင်ကြီးတို့၏ ငြိမ်းချမ်းရေးရယူခဲ့ခြင်း၏ အကျိုးကျေးဇူးနှင့် အမျိုးသားအခွင့်အရေးကိုအကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ယခင်ပအိုဝ်းတိုင်းရင်းသားဆိုသည်မှာ ထင်ပေါ်ကျော်ကြားမှုမရှိခဲ့သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်မှာပါ ထင်ပေါ်ကျော်ကြားလာသည်ကို တွေ့မြင်နေရပါသည်။

လွတ်လပ်ရေးရခါစတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် လူအရင်းအမြစ်သာရှိပြီး ပညာအရင်းအမြစ်မရှိခဲ့သောကြောင့် မြန်မာနိုင်ငံတွင်ကြယ်တစ်ပွင့် ဖြစ်သင့်ဖြစ်ထိုက်ခဲ့သော်လည်းမဖြစ်ခဲ့ရပေ။ ငြိမ်းချမ်းရေးရယူပြီး  ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများ၊ ရဟန်းသံဃာတော်ကြီးများနှင့် ဒေသတွင်းမိဘပြည်သူတို့၏ စည်းလုံးညီညွှတ်စွာကြိုးပမ်းဆောင်ရွက်နိုင်မှုကြောင့် ယနေ့ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ၏ကြယ်တစ်ပွင့်ဖြစ်လာခဲ့ပါသည်။ သို့သော် ပအိုဝ်းတိုင်းရင်းသားဖြစ်သော အဆိုပါကြယ်ပွင့်သည် အရောင်တောက်ပမှုအားနည်းနေသေးသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် မိမိတို့ပအိုဝ်းတိုင်းရင်းသားသည် မှေးမှိန်နေသေးသော မိမိတို့ကြယ်ပွင့်ကို အခြားသောညီနောင်တိုင်းရင်းသားများနည်းတူ အရောင်တောင့်ပသော၊ အင်အားကြီးမားသော ကြယ်တစ်ပွင့်ဖြစ်လာအောင် စည်းလုံးညီညွှတ်စွာ ၀ိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ပြည်ထောင်စုဝင်လူမျိုးဖြစ်သော ပအိုဝ်းတိုင်းရင်းသားတို့သည် အခြားသောညီနောင်တိုင်းရင်းသားများနည်းတူ လူမျိုးအခွင့်အရေးနှင့်နိုင်ငံသားအခွင့်အရေးများကို အတိုင်းအတာတစ်ခုအထိ ရရှိခံစားနေရပြီးဖြစ်သည်။ ယခင်ကပညာရေးတွင်ကိန်းဂဏန်းကို သုညမှကိုး(၀-၉)အထိ သာစာသင်ခဲ့ရသော မိမိတို့သည် ယခုအချိန်တွင်နိုင်ငံတော်အစိုးရပညာရေးတွင်လည်းကောင်း၊ အခြားသောကျောင်းပြင်ပ ပညာရေးတွင်လည်းကောင်း ပညာနို့ရည်များကို လေ့လာဆည်းပူးနိုင်သောကြောင့် ခေတ်ပညာတတ်လူငယ်များ အများအပြားပေါ်ထွက်လာပြီဖြစ်သည်။ ထို့အပြင် ပအိုဝ်းဒေသတစ်ခုလုံးမှာလည်း မူလ၊ အလယ်၊ အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အခြားအသက်မွေးဝမ်းကြောင်း ကျောင်းများနှင့် တက္ကသိုလ်များ အများအပြား ရှိလာပြီဖြစ်သည်။

လမ်းမကြီးများသည် ဟိုပုံး-လွိုင်ကော်လမ်း၊ အောင်ပန်း-ဖယ်ခုံလမ်း၊ ကလော-တောင်ကြီး-လွိုင်လင်လမ်းမကြီး များသာရှိခဲ့သော်လည်း ယခုအချိန်အခါတွင် လမ်းမကြီးများနှင့် လမ်းသွယ်များ အများအပြားဖောက်လုပ် နိုင်ခဲ့သောကြောင့် လမ်းပန်းဆက်သွယ်ရေးသည် အများအပြားကောင်းမွန်လာသည်ကိုတွေ့ရှိရပါသည်။ ကျန်းမာရေးတွင်လည်း ယခင်ကတိုင်းရင်းဆေးဆရာများကို အားထားခဲ့ရသော်လည်း ယခုအချိန်အခါတွင် တိုင်းရင်းဆေးဆရာများသာမက ဆေးရုံ၊ ဆေးခန်းများတွင်လည်းသွားရောက် ကုသနိုင်သည့်အပြင် ပအိုဝ်းလူငယ်ဆရာဝန်များလည်း ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ဘာသာရေးတွင်လည်း  မြတ်ဗုဒ္ဓ၏စာသင်တိုက်များအပြင် မြတ်ဗုဒ္ဓ၏ ဓာတ်တော်၊ စွယ်တော်နှင့် ယခင်ကဆုံးရှုံးခံခဲ့ရသော ပိဋိကတ်သုံးပုံကိုလည်း ပအိုဝ်းဒေသသို့ရောက်ရှိလာပြီ ဖြစ်သည်။ ယခင်ကမြို့ကြီးများတွင် မိမိကိုယ်ကိုမိမိ ပအိုဝ်းလူမျိုးဟု ပြောဆိုရမည်ကိုရှက်ခဲ့ရသော ပအိုဝ်းလူမျိုးသည် ယခုအခါတွင် မိမိတို့လူမျိုးသည် “ပအိုင်း’’လူမျိုး မဟုတ်ကြောင်း “ပအိုဝ်း’’လူများဖြစ်ကြောင်းကို နေပြည်တော်တွင်ကျင့်ပသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံကြီးတွင် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးကို ထုတ်ဖော်ပြောဆိုရဲသည် အထိဖြစ်လာခဲ့ပါသည်။

မိမိတို့အမျိုးသားခေါင်းဆောင်ကြီးများသည် နိုင်ငံတော်မှပေးထားသောအခွင့်အရေးများကို အမျိုးသားအခွင့်အရေးနှင့် ဒေသအကျိုးများအတွက် ကိုယ်အား၊ ဥာဏ်အား၊ လူထုအား၊ အခြားသော မိတ်ဖက်အဖွဲ့စည်းတို့နှင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုအခါ မိမိတို့ပအိုဝ်းဒေသသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးစသည့် လူမျိုးတစ်မျိုး၏ အခြေခံဆောက်အဦးများနှင့် လူစွမ်းအားအရင်းအမြစ်များကို ပြည့်စုံစွာမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

မိမိတို့ပအိုဝ်းတိုင်းရင်းသားသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အင်္ဂလိပ်၊ ဂျပန်၊ တရုတ်ဖြူ(ကူမင်တန်) စသည့် နယ်ချဲ့များတိုက်ထုတ်ချိန်ကာလနှင့်လွတ်လပ်ရေးကြိုးပမ်းချိန်ကာလများတွင် တိုင်းပြည်အတွက် အသက်၊ သွေး၊ ချွေးများကိုပေးဆပ်ခဲ့ရသော်လည်း လွတ်လပ်ရေးရသည့်နောက်ပိုင်း (၁၉၄၇နှင့် ၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသည့်ချိန်အခါများတွင် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတို့၏ရသင့်ရထိုက်သော  အခွင့်အရေးများကိုရရှိနိုင်ရန် မိမိတို့ပအိုဝ်းတိုင်းရင်းသားသည် လူ့စွမ်းအားအရင်းအမြစ်များမရှိသလောက် အားနည်းခဲ့သောကြောင့် အခြားသောတိုင်းရင်းသားများနည်းတူ အခွင့်အရေးများမရရှိခဲ့ပေ။ ရသင့်ရထိုက်သော အမျိုးသားအခွင့်အရေးများလည်း လက်လွတ်ဆုံးရှုံးခဲ့ရသည်ကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများက ကောင်းစွာနားလည်သည့်အတွက် နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရယူပြီး အမျိုးသားအခွင့်အရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်လာခဲ့သည်မှာ မျိုးဆက်သစ်လူငယ်များ သိရှိနားလည်းထားရမည်ဖြစ်သည်။

ထို့ကြောင့် မိမိတို့ပအိုဝ်းတိုင်းရင်းသားမျိုးဆက်သစ်လူငယ်များသည် အမျိုးသားခေါင်းဆောင်ကြီးများ ချမှတ်ထားသောအမျိုးသားရေးလမ်းစဉ်ကိုသိရှိရန်လိုအပ်ပြီး ခေါင်းဆောင်များတည်ဆောက်ထားသော အမျိုးသားရေးအခြေခံအဆောက်အဦးများကို အကောင်းဆုံးအသုံးချပြီး လူစွမ်းအားအရင်းအမြစ်များကို မြင့်တင်ကာ မြန်မာနိုင်ငံ၏ပြည်ထောင်စုဝင်လူမျိုးဖြစ်သော ပအိုဝ်းလူမျိုးကို အခြားသောညီနောင်တိုင်းရင်းသားများ နည်းတူ မြန်မာနိုင်ငံ၏ အရောင်တောက်ပသောကြယ်ပွင့်တစ်ပွင့်အဖြစ်သို့ စည်းလုံးညီညွှတ်စွာ ကြိုးပမ်းလုပ် ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားရပါသည်။

ခွန်လာထို(ကောင်ရွဉ်)
Powered by Blogger.