Friday, November 17, 2017

(LIFT) ၏ ထောက်ပံ့မှုဖြင့် (IOM)နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ ပူးပေါင်းကာ သက်မွေးဝမ်းကျောင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်

 









တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) ၏ ထောက်ပံ့မှုဖြင့် (IOM)နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ ပူးပေါင်းကာ သက်မွေးဝမ်း ကျောင်း(စက်ချုပ်၊ စက်ပြင်၊ အလှပြုပြင်ရေး၊ အင်္ဂလိပ်နှင့်ကွန်ပျူတာ )သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၇၊ နိုဝင်ဘာ(၁၇)နေ့၌ ကျင်းပကြောင်း သိရသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ရှမ်းပြည်နယ် အလုပ်သမားရေးရာဝန်ကြီးဌာန၊ ပြည်နယ်အလုပ်သမားဦးစီးမှူး ဦးဟန်ဝင်းအောင်နှင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

“ ရွေ့ပြောင်းအလုပ်သမားများ များပြားသည့်အတွက် ကိုယ့်ဒေသ ကိုယ့်နယ်မှာ အလုပ်အကိုင် အခွင့်အလှမ်းရရှိလာအောင် ၊  လူငယ်တွေ ပြင်ပနိုင်ငံကို မထွက်သွားဖို့၊ ဒီမှာလဲ အခွင့်အရေး ရှိပါလား၊ အလုပ်အကိုင်ရှိပါလားဆိုတာကို သိစေဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ သင်တန်းကို ပေးဖြစ်ပါတယ်၊ သင်တန်းသား အနေနဲ့ စားစရိတ်သာ ကုန်ကျပြီးတော့ ကျန်တဲ့ နေရေး ထိုင်ရေး သင်တန်း ဒါတွေကို အားလုံး အခမဲ့ စီစဉ်ပေးပါတယ်။ (၁၀)တန်းမအောင်တဲ့ ကလေးတွေကို စက်ပြင်၊ စက်ချုပ်၊ အလှပြင်၊ ဆိုင်ကယ်ပြင်သင်တန်း၊ (၁၀)တန်းအောင်တဲ့ ကလေးတွေကို အင်္ဂလိပ်(4 skills)နှင့်ကွန်ပျူတာ၊ ဘွဲ့ရပြီးကလေးတွေကို lCCI သင်တန်း ဒါတွေကို ပေးပါတယ်၊ ဒီသင်တန်းပြီးတဲ့အခါ ထူးချွန်သည့် ကလေးများကို နောင်လာမည့် သင်တန်းတွေမှာ သင်တန်းဆရာအဖြစ် ပြန်လည်ခန့်အပ်နိုင်ဖို့ လျာထားပါတယ်၊ သင်တန်းသား (၇၀)ရာခိုင်နုန်းခန့်ကို သင်တန်းပြီးတဲ့အခါ အလုပ်အကိုင်အခွင့်အလှမ်းရရှိအောင် ဖန်တီးပေးသွားမယ် “ ဟု ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ဒု-ဥက္ကဋ္ဌဖြစ်သည့် ဆရာဖြားခွန်မောင်ဘော်က ပြောကြားခဲ့သည်။

(LIFT) ၏ ထောက်ပံ့မှုဖြင့် (IOM)နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ အကောင်အထည်ဖေါ်ဆောင်ရွက်သည့် (တွဲလက်)စီမံကိန်းမှာ (၂)နှစ်နှင့်(၆)လအတွင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် (၈)မြို့နယ်မှ ကျေးရွာ(၁၂၀)ရှိ သင်တန်းသား (၅၆၀)ဦးကို ပေးသွားမည်ဖြစ်ကာ (၃၇၀)ဦးကို အလုပ်အကိုင်အခွင့်အလှမ်း ရရှိအောင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်၊ ယခု ပထမနှစ်တွင် ဆီဆိုင်၊ တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်မြို့နယ်များမှ လူငယ်သင်တန်းသားများဖြစ်ပြီး လာမည့် ဒုတိယနှစ်တွင် ပင်လောင်း၊ ရပ်စောက်၊ ညောင်ရွှေ၊ ဖယ်ခုံ မြို့နယ်များမှ သင်တန်းသားများကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ခွန်ဓဇ
Powered by Blogger.