Friday, November 17, 2017

''လူမျိုးစာပေ ဖတ်ရှုခြင်းမှ လူတိုင်းရေးတတ်လာစေဖို့''

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်



လူမျိုးရှိလျှင် စာပေရှိရမည်၊ စာပေရှိမှ စကားတည်တံ့မည်၊ စာပေသည်လူမျိုးတစ်မျိုး၏ အသက်သွေးကြောဖြစ်သည်။ ၎င်းစာပေကို မိမိတို့ကိုယ်တိုင်အသုံးမပြုလျှင် အခြားသောလူမျိုးများ၏ ဖိနှိပ်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံရပြန်သည်။ လူမျိုးတစ်မျိုး၏ဂုဏ်သိက္ခာသည် စာပေအပေါ်တွင် များစွာမူတည်နေသည်။ စာပေပျောက်လျှင် လူမျိုးလည်းပျောက်သကဲ့သို့ စာပေကိုထိန်းသိမ်းသူမရှိလျှင်လည်း စာပေပျောက်မည် သာမက မိမိလူမျိုးမှအခြားသောလူမျိုးများအဖြစ် ပြောင်းလဲသွားကြပေသည်။ ထို့ကြောင့်မိမိတို့၏ စာပေများကို မပျောက်ပျက်ရန်၊ လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရန်၊ မိမိတို့၏စာပေများကို နိုင်ငံတကာသို့ ဝင့်ကြွားနိုင်ရန် ထိန်းသိမ်းရမည်မှာ မျိုးဆက်သစ်လူငယ်များ၏ တာဝန်ပင်ဖြစ်ပေသည်။ ထိုသို့သင်ကြားနိုင်ရန်အတွက် တွန်းအားပေးရမည့်တာဝန်မှာ မိဘဘိုးဘွားဆရာသမားများ၏ တာဝန်ပင်ဖြစ်သည်။

ယနေ့ခေတ်တွင် မိမိတို့၏သားသမီးများကို မိမိတို့၏လူမျိုးစာပေသင်ကြားရန် တွန်းအားပေးသည့် မိဘများ လျော့နည်းလာသည်ကိုတွေ့ရှိရပါသည်။ မိဘအချို့၏ထင်မြင်ယူဆချက်မှာ မိမိတို့လူမျိုး၏ စာပေကို သင်ယူတတ်မြှောက်ပြီးတစ်နေ့တွင် မည်ကဲ့သို့အသုံးပြုရမည်နည်း၊ မည်သည့်နေရာတွင် အသုံးဝင်မည်နည်း စသည့်သံသယစိတ်များဖြင့် ပြည့်နှက်နေကြပေသည်။ မိမိတို့လူမျိုးစာပေကို မိမိတို့လူမျိုးကိုယ်တိုင်တန်ဖိုးမထားပဲပစ်ပယ်ထားပါက မည်သူကမျှမိမိတို့လူမျိုးကို တန်ဖိုးထားလေးစားမည်နည်း။ အခြားလူမျိုးများက ပို၍ပင်ဝမ်းသာပီတိဖြစ်မည်မှာ အမှန်ပင်။ မိမိတို့လူမျိုးကိုယ်တိုင် မသင်ကြားပါက မည်သူကမျှ လာရောက်သင်ကြားပေးမည်မဟုတ်။ မိမိတို့လူမျိုးစာပေလည်း တစ်နေ့တစ်ခြားဆုတ်ယုတ်လာပြီး အခြားတိုင်းရင်းသားစာပေများ၊ တိုင်းတစ်ပါးစာပေများ လွှမ်းမိုးလာမည် ဖြစ်သည်။

ပအိုဝ်းစာပေတွင် (လိတ်မွူး၊ တဲင်သေ၊ မင်္ဂလာ;ဗိုလ်တဲုင်၊ ဘာ;သာ;ရေ,ဗဟုသုတ၊ လောက တွမ်;ဗုဒ္ဓ၊ ဘုရားဇာတ်ဝတ္ထုအမှတ်စဉ် ၁မှ၈ထိ၊ ဓမ္မပဒအမှတ်စဉ် ၁မှ၉ထိ) စသည့်ဘာသာများဖြေဆို ကြလေ့ရှိသည်။ ၎င်းဘာသာအများစုသည် ''လိတ်မွူး''မှလွဲ၍ ဗုဒ္ဓတရားတော်များကိုအခြေခံကာ သင်ယူရသောဘာသာများ ဖြစ်ကြပေသည်။ စာပေဆိုသည်မှာ လမ်းမှန်သို့ရောက်ရှိစေရန် တွန်းပို့ပေးသည့် စက်ယန္တရားကြီးတစ်ခုဖြစ်သည်။ ၎င်းစက်ယန္တရားကြီးကို မောင်းနှင်ရန်မှာ မိမိတို့တာဝန်ဖြစ်ပေသည်။ မိမိတို့ထိုင်နေသည့်နေရာတွင် အလိုအလျောက် ''ရွှေတုံး''ကျလာမည်မဟုတ်ပေ။ ''ရွှေတုံး''ကျလာစေမည့် နည်းလမ်းများကို မိမိတို့သင်ယူနေကြခြင်းဖြစ်သည်။ ထို့ကြောင့်တိုင်းရင်းသားစာပေများ အခွင့်အလမ်း ရရှိလာသည့်ယနေ့ခေတ်တွင် မိမိတို့၏လူမျိုးစာပေ မကွယ်ပျောက်ရန်အတွက် အခွင့်ကောင်းယူတတ်ကြရန် လိုအပ်ပေသည်။

ခေတ်စနစ်တိုးတက်လာမှုကြောင့်လည်း မိမိတို့၏စာပေများသည် တစ်နေ့တစ်ခြားမှေးမှိန် လာခဲ့ပြန်သည်။ ထို့ကြောင့်မိဘဘိုးဘွားများအနေဖြင့် မိမိတို့ပဒေသရာဇ်စနစ်မှကြုံတွေ့ခဲ့ရသည့် အဖိနှိပ်ခံဘဝသင်ခန်းစာများကို မိမိတို့သားသမီးမျိုးဆက်သစ်တွင် မခံစားရလေအောင် မိမိတို့၏စာပေကို လူတိုင်းသင်ကြားကြရန်အတွက် ဘဝပေးအတွေ့အကြုံများဖြင့်နှိုင်းယှဉ်ကာ တွန်းအားပေးရမည်ဖြစ်သည်။ မိမိတို့ပအိုဝ်းစာပေများသင်ကြားဖြေဆိုနိုင်ရန်အတွက်  အစိုးရကျောင်းစာမေးပွဲ ဖြေဆိုပြီးသည့်အချိန်မှစ၍ တန်ခူးလ မတိုင်ခင်အထိ စာသင်ကြားရသည့်အချိန်သည် (၁)လမပြည့်ပါ။ အစိုးရစာသင်ကျောင်းများကဲ့သို့ အချိန်ပေး သင်ကြားနိုင်ခြင်းမရှိပေ။ အထက်တန်းစာမေးပွဲဖြေဆိုသူများ၊ တက္ကသိုလ်-ကောလိပ်စာမေးပွဲ ဖြေဆိုသူများအတွက်လည်း မိမိတို့စာပေကိုသင်ကြားရာတွင် စာသင်ချိန်၊ စာလေ့လာချိန်နည်းပါး ခြင်းကြောင့် ၎င်းကျောင်းသား/သူများသည် သတ်မှတ်ရက်အတွင်း မိမိဖြေဆိုမည့် သင်ခန်းစာ ပိုင်နိုင်မှုမရှိကြခြင်း၊ မိမိတို့ဖြေဆိုပါက အောင်နိုင်မည်မဟုတ် ဆိုသည့်သံသယစိတ်များကြောင့် အရွယ်ရောက်စပအိုဝ်းလူငယ်များ ပအိုဝ်းစာသင်ယူမှု နည်းပါးလာရခြင်းဖြစ်သည်။ ပအိုဝ်းစာပေဖြေဆိုမှု ပြီးဆုံးသည့်နောက်ပိုင်းတွင်လည်း ၎င်းစာပေကိုဆက်လက်လေ့လာမည့်လူငယ်များ မရှိသလောက် နည်းပါးလေသည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးအများစုသည် မိမိတို့ပအိုဝ်းစာပေကို ဖတ်တတ်သူများပြား သော်လည်း အရေးအသားပိုင်းတွင် ယနေ့အချိန်ထိ အားနည်းနေဆဲဖြစ်ပေသည်။

ထို့ကြောင့်အချိန်တိုအတွင်း ကျောင်းသား/သူတိုင်း တတ်မြောက်စွာသင်ကြားနိုင်ရန်၊ လူတန်းစားမရွေး၊ အရွယ်မရွေးသင်ယူနိုင်စေရန်၊ သင်ကြားသူများ စိတ်ဝင်စားမှုရှိလာစေရန် ခေတ်နှင့် လျော်ညီသည့် သင်ကြားမှုနည်းစနစ်များကို ဆရာများအားသီးသန့်သင်တန်းပေးခြင်း(ဥပမာ-သီချင်းဆိုခြင်း၊ ဂိမ်းကစားခြင်း စသည့်အခြားသောနည်းလမ်းများ)၊ အဖွဲ့အစည်းပေါင်းစုံမှတရားဝင် တွန်းအားပေးခြင်း၊ စသည့်သင်ယူမှုကိုဆွဲဆောင်စေသည့် အခြားသောနည်းလမ်းများကိုလည်း ပြုလုပ်သင့် ပေသည်။ ပအိုဝ်းစာပေ ဖြေဆိုမှုပြီးဆုံးသော်လည်း နွေရာသီကျောင်းပိတ်ရက်အတွင်း သင်ကြားနိုင်စေရန် အစီအစဉ်များ ရေးဆွဲပြီးသင်ကြားစေခြင်း၊ ၎င်းသည်စာမေးပွဲကိုဦးစားမပေးပဲ စာပေတတ်မြောက်ရေးကိုသာ ဦးစားပေးသောအစီအစဉ်တစ်ရပ် ဖြစ်ပေသည်။ အခြားသောအခက်အခဲအချို့မှာ စာပေသင်ကြားနိုင်ရန် အတွက် ရပ်ရွာရှိပအိုဝ်းလူကြီးများကိုယ်တိုင် ပါဝင်ကူညီအားပေးမှုမရှိခြင်း၊ မိဘများကိုယ်တိုင် မိမိတို့လူမျိုး စာပေအပေါ် အလေးထားအားပေးမှုမရှိခြင်း စသည့်အခက်အခဲများကိုလည်း ယနေ့တိုင်ကြုံတွေ့နေရဆဲ ဖြစ်ပေသည်။

ထို့ကြောင့်ယနေ့မှစ၍ မိမိတို့ပအိုဝ်းလူမျိုးစာပေ ဖတ်ရှုခြင်းမှအရေးအသား ပိုမိုတတ်မြှောက်ရေး၊ လူမျိုးစာပေမရေးတတ်သူ ပပျောက်ရေးအတွက် မိမိတို့တတ်နိုင်သည့်အခန်းကဏ္ဍများတွင် ဝိုင်းဝန်းပါဝင်ကူညီနိုင်ကြပါစေဟု ဆန္ဒပြုရင်း ပအိုဝ်းစာပေသင်ကြားဖူးသည့် ဆရာတစ်ယောက်အနေဖြင့် မိမိကြုံတွေ့ခဲ့ရသည့် ပအိုဝ်းစာပေသင်ယူမှု အခက်အခဲများကို ချစ်မိတ်ဆွေအပေါင်းတို့အား ဝေမျှလိုက်ပါသည်။

မျင်,မိုရ်;ခွန်
Powered by Blogger.