Monday, November 20, 2017

ပင်လောင်းတွင် ဒေသဦးစီးဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ တွေ့ဆုံ ပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်










ဒေသဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒေသလိုအပ်ချက်များကို သိရှိနိုင်ရန် ရည်ရွယ်၍ ဒီကနေ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်၊ တနလာင်္နေ့၊ ပင်လောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဒေသဦးစီး ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ၊ ရပ်မိရပ်ဖများ တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်း မြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌက ယခုလက်ရှိတွင် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပြီး အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပါကြောင်း၊ ထို့အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အနေဖြင့်လည်း ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် ဥာဏ်စွမ်း၊ ကိုယ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် နိုင်ငံတော်မှသော်လည်းကောင်း၊ ဌာနဆိုင်ရာများနှင့်သော်လည်းကောင်း၊ နိုင်ငံတကာ၏အကူအညီများနှင့်သော်လည်းကောင်း ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားများအားလုံးအတွက် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမှသာလျှင် လူနေမှုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ပညာရေးအပိုင်းနှင့် ပတ်သက်၍ ပင်လောင်းမြို့နယ်ပညာရေးကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ တက္ကသိုလ်ဝင် တန်းအောင်ပြီးသူများကို အလုပ်အကိုင်ရရှိရန် အတတ်နိုင်ဆုံး ဆောင်ရွက်နေပါကြောင်း၊ ယခုလက်ရှိတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာကောလိပ် ဖွင့်လှစ်ပေး နေကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းတို့က ဒေသတွင်းဆောင်ရွက်နေသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ပင်လောင်းမြို့နယ်ရှိ ဌာနဆိုင်ရာများမှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြကာ တက်ရောက်လာကြ သော မိဘပြည်သူရပ်မိရပ်ဖများကို မိမိတို့ဒေသရှိ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့မှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း၊ ထို့ပြင် ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် ပင်လောင်းမြို့ရှိ ဆောင်ရွက်နေသော (၄)ခန်းတွဲ(၄)ထပ် ၀န်ထမ်းအိမ်ရာဆောက်လုပ်မှုများကို သော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးများကို သော်လည်းကောင်း ကြည့်ရှုလေ့လာခဲ့ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ဘိန်းအစားထိုး လုပ်ဆောင်မည့် ကုမ္မဏီများကိုတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.