Tuesday, November 28, 2017

ဒေသဦးစီးဥက္ကဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေတို့က ပအိုဝ်းဒေသမြို့နယ်ပေါင်း (၁၂)မြို့နယ်ရှိ သံဃာတော်အပါးပေါင်း(၁၀၀)ကျော်ထံမှ သြ၀ါဒခံယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်








ပအိုဝ်းဒေသအတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ ပူးပေါင်းလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၂၈-၁၁-၂၀၁၇) ညနေ(၇း၀၀)နာရီတွင် ပြုလုပ်သော ဖွံ့ဖြိုးရေးနှင့်စီမံချက် သဘောတရားသင်တန်းနောက်ဆုံးရက်ညတွင် ပအိုဝ်းဒေသမြို့နယ်(၁၂)မြို့နယ်ရှိ သံဃာတော် အပါးပေါင်း (၁၀၀)ကျော်ထံမှ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေတို့က သွားရောက်သြ၀ါဒခံယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတသ(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ကာ ဆက်လက်၍ နောင်တောင်းပရဟိတကျောင်းထိုင်ဆရာတော် ရဇိန္ဒာသီရိ(ဓမ္မစရိယ)က အဖွင့်သြ၀ါဒစကား မြွတ်ကြားရာတွင် မိမိတို့ သံဃာတော်များသည် ခေတ်ရေစီးကြောင်းအရ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ ပူးပေါင်းလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ယခုဖွံ့ဖြိုးရေးနှင့်စီမံချက် သဘောတရားသင်တန်းကို ပြုလုပ်ခဲ့ကြောင်း၊ သံဃာတော်များအနေနှင့် မိမိတို့ဒေသ၏ လိုအပ်ချက်များကို ကျောင်းတကာများနှင့် လက်တွဲပြီး ဒေသအကျိုးကို ဆောင်ရွက်စေလိုကြောင်း၊ ယခုကဲ့သို့ ဒေသဦးစီးဥက္ကဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ဆရာတကာ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်နိုင်ရန် မိမိတို့လုပ်ဆောင်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လာရောက် ရှင်းလင်းတင်ပြမှုအပေါ် အလွန်ပင်ဝမ်းသာ ကျေနပ်မိကြောင်း မြွတ်ကြားခဲ့သည်။

ထို့နောက် ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ယခုကဲ့သို့ ပအိုဝ်းဒေသရှိ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များကို ကန်တော့ဖူးမျှော်ရသည့်အတွက် အလွန်ပင် ကြည်ညိုသဒ္ဓါပွားမိပါကြောင်း၊ သဃာတော်များ အနေဖြင့် ဗုဒ္ဓဘာသာပြန့်ပွားရေးနှင့် ပအိုဝ်းစာပေထွန်းကားရေးကို ဆောင်ရွက်နေသည် သာမက ယခုကဲ့သို့ ဒေသအကျိုးကိုပါ ကူညီဆောင်ရွက်သည်ကို မြင်တွေ့ရသောကြောင့် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အနေဖြင့်လည်း ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် ဥာဏ်စွမ်း၊ ကိုယ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မိမိအနေဖြင့် နိုင်ငံတော်နှင့်ဌာနဆိုင်ရာများသာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားများအားလုံးအတွက် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ပညာရေးအပိုင်းနှင့် ပတ်သက်၍ တက္ကသိုလ်ဝင်တန်းအောင်ပြီး သူများကို အလုပ်အကိုင်ရရှိရန် အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာကောလိပ် ဖွင့်လှစ်ပေးနေပါကြောင်း၊ ထို့ပြင် ပင်လောင်းမြို့နယ်ရှိ ရှေ့ပြေးစီမံကိန်း (Pilot ProJect)ကျသော ကျေးရွာအုပ်စုများဖြစ်သည့် ပေါအင်၊ ပင်ခင်၊ လွယ်မော၊ မွေးပင် များကို ကြည့်ရှုစစ်ဆေးနေကြောင်း လျှောက်တင်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်တင်ပြခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖက မိမိတို့ပအိုဝ်းလူမျိုးယခုကဲ့သို့ ရပ်တည်နိုင်သည်မှာ သံဃာတော်များ၏ ကျေးဇူးတရားများပင် ဖြစ်ကြောင်း၊ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အတတ်နိုင်ဆုံးကူညီ ဆောင်ရွက်ပေးနေ သော်လည်း လိုအပ်ချက်ပေါင်းများစွာ ရှိနေသေးကြောင်း၊ ထိုလိုအပ်ချက်များကို မိမိတို့ဆရာတကာ လက်တွဲလုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ပအိုဝ်းလူငယ်များကို အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နိုင်ရန် အားလုံးဝိုင်းဝန်း တိုက်တွန်းသင့်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာ တွင် ဆရာတကာ အစဉ်အမြဲ စည်းလုံးနေသင့်ကြောင်း ပြောကြားပြီး မိမိကြုံတွေ့နေရသော လွှတ်တော်အကြောင်း အရာများကို လျှောက်တင် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် သံဃာတော်များအနေဖြင့် ဒေသဦးစီးဥက္ကဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေတို့အား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာတွင် မိမိတို့ ပေးချင်သော အကြံဥာဏ်များ ပတ်သက်၍ သြ၀ါဒစကားပြောကြားပြီး မိမိတို့သိချင်သော မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ဖွံ့ဖြိုးရေးနှင့်စီမံချက် သဘောတရားသင်တန်းကို စွမ်းရည်ရှေ့ဆောင် လူမှုရေးအသင်းမှ ပံ့ပိုးကူညီခဲ့ပြီး ထိုသင်တန်းကို နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပြုလုပ်ပြီး ပအိုဝ်းဒေသအတွင်းရှိ ပင်လောင်း၊ ဆီဆိုင်၊ တောင်ကြီး၊ ဟိုပုံး၊ နောင်တရား၊ ကျောက်တလုံး၊ ဟဲဟိုး၊ လွိုင်လင်၊ မိုင်းပွန်၊ နမ့်စန်၊ ရပ်စောက်၊ ညောင်ရွှေ၊ မောက်မယ်၊ ဖယ်ခုံ၊ လွိုင်ကော် စသည့် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ကြွရောက်ခဲ့ကြောင်း သိရသည်။

နဂါ့ခွန်






















Powered by Blogger.