Monday, December 11, 2017

ပြောင်းလဲသွားသည့်ပအိုဝ်းလူမျိုးများ၏ဒီမိုကရေစီ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်


မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် မတိုင်မီကပင် ပအိုဝ်းလူမျိုးများသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံး ခဲ့ပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ပအိုဝ်းလူမျိုးများ၏ကျေးရွာတိုင်းတွင်ကျေးရွာသူကြီးကို ဒီမိုကရေစီနစ်နှင့်အညီ ရွေးချယ်အုပ်ချုပ်စေသည်ကိုတွေ့မြင်နေရပါသည်။ ရပ်ရွာကိုအုပ်ချုပ်နိုင်စေရန် ရွာသူကြီးများကို ရှေးဦးစွာရပ်ရွာ တစ်ခုလုံးအတွက် အတွေ့အကြုံကြွယ်ဝသော ရှေ့မီနောက်မီ ပုဂ္ဂိုလ်များ ကို သမာဓိလူကြီးများအဖြစ် ရွေးချယ်ထားရှိကြသည်။ ထိုသမာဓိလူကြီးအဖွဲ့ထဲမှ ရွာသူကြီးကို ရွေးချယ် ကြသည်။ အချို့သော ဒေသများတွင် ရွာသူကြီးတာဝန်ကို အလှည့်ကျစနစ်ဖြင့်ထမ်းဆောင်ကြသည်။

ရွာသူကြီးသည် သမာဓိလူကြီးအဖွဲ့ဝင်များကို တိုင်ပင်ဆွေးပြီးမှသာ ရပ်ရွာ၏ လူမှုရေး၊ ဘာသာ သာသနာရေး၊ တရားစီရင်ရေးကိစ္စတို့ကို ဆောင်ရွက်လေ့ရှိသည်။ ထိုရွာသူကြီးလက်အောက်တွင် ရွာ၊ လူငယ်ခေါင်းဆောင်၊ ကျောင်းကော်မတီ၊ စာရေး၊ ဘဏ္ဍာထိန်း၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကာလသား ခေါင်းဆောင်တို့ကိုထားရှိကြသည်။  သို့ရာတွင် ရွာဆော်သည် ရပ်ရွာအတွက် အစည်းအဝေးများ ကျင်းပရန် နှင့် သာရေး၊ နာရေးကိစ္စများဆောင်ရွက်ရန်ရှိသောအခါ ရွာသူရွာသားများကို အသိပေးနှိုးဆော်ရသည်။ ကျောင်းကော်မတီသည် ကျေးရွာရှိစာသင်ကျောင်းကို ကြည့်ရှုစ်စစ်ဆေးရသည်။ လူငယ်ခေါင်းဆောင်သည် အသက် ၄၅နှစ်အောက်လူငယ်များကို တာဝန်ခံရသည်။    ရပ်ရွာဖွံ့ဖြိုရေးအတွက် လုပ်ငန်းများ ဆောင် ရွက်ရာတွင် ရပ်ရွာအတွင်းရှိ အဖွဲ့အစည်းများအားလုံးနှင့် ရွာသူရွာသားများအားလုံးပါဝင်နိုင်ရန် အစည်း အဝေးခေါ်ယူ၍ အများသဘောတူသည့် ဆုံးဖြတ်ချက်များကို သမာဓိလူကြီးအဖွဲ့များနှင့်ရွာသူကြီးက အတည်ပြုပေးခဲ့ကြသည်။ ရပ်ရွာဖွံ့ဖြိုးလုပ်ငန်းများလုပ်ဆောင်ရာတွင် အများသဘောတူ ဒီမိုကရေစီ စနစ်နှင့်အညီ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည်ကိုတွေ့ရှိခဲ့ရပါသည်။ ရပ်ရွာတိုင်းတွင် ရပ်ရွာ လှုံခြုံရေးအတွက် အလှည့်ကျစနစ်ဖြင့် ရွာစောင့်များထားရှိကြသည်။
ပအိုဝ်းလူမျိုးများ၏ သာရေး၊ နာရေးဖြစ်သည့် လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အတုယူဖွယ်၊ လေးစားဖွယ်ကောင်းသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် အများနှင့်သက်ဆိုင်သော လုပ်ငန်းများ၊ တစ်ဦးချင်း (သို့မဟုတ်) အိမ်ထောင်စုတစ်စုချင်းနှင့် သက်ဆိုင်သောလုပ်ငန်းများတွင် ရွာသား အားလုံး မခိုမကပ် တစ်ယောက်တစ်လက် ဝိုင်းဝန်းကူညီလုပ်ဆောင်ကြသည်။ ဤသို့ စုပေါင်း၍ ကူညီလုပ်ဆောင်သော ဓလေ့ကို ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော ကျေးရွာတိုင်းတွင် တွေ့မြင်နိုင် သည်။ အိုးအိမ်သစ်တည်ထောင်ဆောက်လုပ်လျှင်လည်း သစ် ၊ ဝါးရှိသူက မရှိသူအား တတ်နိုင်သမျှ ပေးကမ်းကူညီပေးကြသည်။ လိုအပ်သော သစ်ဝါးများကို ဆောက်လုပ်မည့်နေရာအရောက် ဝိုင်းဝန်း သယ်ဆောင်ပေးကြသည်။ ဤသို့အပြန်အလှန်ကူညီခြင်းကို ပအိုဝ်းဝေါဟာရအရ “ မာပဒေါ့” ဟုခေါ်ကြ သည် ။ “မာပဒေါ့” ဟူသည် “ အပြန်အလှန်ကူညီခြင်း” ဟုအဓိပ္ပါယ်ရသည်။ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ခြင်းတွင် မတတ်နိုင်၍ အများ၏ကူညီမှုကို ရယူကာ ပြီးစီးအောင်ဆောက်ရွက်ကြရသော ဓလေ့တစ်ခုလည်းဖြစ်ပေသည်။ အိမ်ရှင်များက ထမင်းဟင်းများနှင့် ရေနွေးကြမ်းများဖြင့် ပြန်လည် ဧည့်ခံကျွေးမွေးခဲ့သည်။ သို့ဖြစ်ပါ၍ ပအိုဝ်းတိုင်းရင်းသားတို့၏ စုပေါင်းလုပ်ဆောင်ခြင်း ဓလေ့သည် ပအိုဝ်းတို့၏ ကောင်းမွန်သည့် ဒီမိုကရေစီစနစ်နှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရာရောက်ပါသည်။
ထိုသို့သော ကောင်းမွန်သည့် ပအိုဝ်းလူမျိုးများ၏ဒီမိုရေစီစနစ်နှင့် ချစ်စရာကောင်းသော ပအိုဝ်း လူမျိုးများ၏ ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ သွားလာခွင့်စသည့်အခွင့်အရေးများရရှိပြီးနောက်  အချို့နေရာတွင် စတင်ပြောင်းလဲလာခဲ့သည်။ ခေတ် ပညာတတ်ပအိုဝ်းလူငယ်များသည်လည်း အခြားတစ်ဖက်နိုင်ငံများသို့ နိုင်ငံရေးပညာရပ်များကို သွားရောက်လေ့လာဆည်းပူးခဲ့ကြသည်။ ထိုသို့ဆည်းပူးရာတွင် နိုင်ငံရေးကိုအစာမကြေသော ခေတ်ပညာ တတ်ပအိုဝ်းလူငယ်များသည် မိမိတို့ဒေသ၊ မိမိလူမျိုးများ၏ ဓလေ့ထုံးတမ်းနှင့်မကိုက်ညီသည့် အနောက်တိုင်းဒီမိုကရေစီကိုသင်ယူပြီးနောက် မိမိတို့ပအိုဝ်းလူမျိုးများ၏ နိုင်ငံရေးအတွေ့အကြုံနည်းပါး နေမှုကိုအခွင့်ကောင်းယူကာ သင်တန်းများ ပို့ချခြင်း၊ အမျိုးမျိုးဟောပြောစည်းရုံးခြင်းတို့ကြောင့်  ဘိုးဘွား မိဘလက်ထက်တွင် ကျင့်သုံးလျက်ရှိသော ပအိုဝ်းလူမျိုးများ၏ဒီမိုကရေစီစနစ်နှင့် ချစ်စရာကောင်းသော ပအိုဝ်းလူမျိုးများ၏ ဓလေ့ထုံးတမ်းများ ပျောက်ဆုံးနေသည်ကို အချို့သောနေရာဒေသများတွင် တွေ့မြင် နေရပါသည်။ ခေတ်စနစ်ပြောင်းလဲလာခြင်းနှင့် လူ့အခွင့်အရေးကို စေ့စပ်သေချာစွာနားမလည်၍ လွှဲမှားစွာသုံးစွဲနေခြင်းကြောင့် ပအိုဝ်းလူမျိုးများ၏ သာရေး၊ နာရေးဖြစ်သည့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦးအချင်းချင်း ရိုင်းပင်းကူညီမှုအားနည်းလာသည်ကို တွေ့မြင် နေရသည်မှာ အနောက်တိုင်းဒီမိုကရေစီကို ပုံတူကူးယူးခြင်း၏အကျိုးဆက်ဖြစ်သည်။
လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာသွားလာခွင့် ၊ လွတ်လပ်စွာ စည်းရုံးခွင့်စသည့် ဒီမိုကရေစီစနစ်ကျင့်မသုံးမီအချိန်ကာလတွင် ပအိုဝ်းလူမျိုးများ၏ ရပ်ရွာနေရာဒေသ များသည် သာရေး၊ နာရေး ၊ လူမှုရေးလုပ်ငန်းများကိုလုပ်ဆောင်ရာတွင် အချင်းချင်းဖေးမကူညီပြီး ပူးပေါင်း ပါဝင်မှုအားကောင်းခဲ့ပါသည်။ ဥပမာ- အိုးအိမ်အသစ်ဆောက်လုပ်မည်ဆိုပါက ရပ်ရွာရှိ ရွာသူရပ်သား များက မိမိတတ်နိုင်ရာအိမ်ဆောက်ပစ္စည်းဆိုင်ရာပစ္စည်းများကိုဝိုင်းဝန်းထောက်ပံ့ပေးကြပြီး လုပ်အားများ ပေးသည့်ဓလေ့များရှိပါသည်။ သို့သော် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၏ သဘောသဘာဝ အနှစ်သာရများ ကို သေချာစွာနားလည်မှုမရှိ လွှဲမှားနေသောအတွေးများကြောင့် မိမိတို့ပအိုဝ်းလူမျိုးများ ထိန်းသိမ်းလျက်ရှိ သော ယဉ်ကျေးမှုဒီမိုကရေစီတစ်ဖြည်းဖြည်းပျောက်ဆုံးနေပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် နေထိုင်ကြသောတိုင်းရင်းသားလူမျိုးများအားလုံးတို့သည် ကိုယ်ပိုင်ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်စာများနှင့် ကိုယ်ပိုင်ပြဌာန်းထားသည့် ဓလေ့ထုံးတမ်း ဥပဒေများရှိပြီး မပျောက်ပျက်ရန် တိုင်းရင်းလူမျိုးတိုင်းထိန်းသိမ်းကြရန်လိုအပ်ပေသည်။
ထိုကြောင့် မိမိတို့ ပအိုဝ်းလူမျိုးများသည်လည်း ခေတ်စနစ်မည်မျှပင်တိုးတက်ပြောင်းလဲနေစေကာမူ မိမိတို့၏ ကိုယ်ပိုင် ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင် စာ၊ ဘာသာ၊ စကားများနှင့် ကိုယ်ပိုင်ပြဌာန်း ထားသည့် ဓလေ့ထုံးတမ်းဥပဒေများပျောက်ပျက်မသွားစေရန် လူတိုင်းမှာတာဝန်ကိုယ်စီရှိကြပါသည်။

ခွန်လိုရဲုင်း 
လွယ်ကောင်း

Powered by Blogger.