လက်တွေ့ကွင်းဆင်းသုတေသနသင်တန်းတစ်ခုမှ မိမိကြုံတွေ့ခဲ့ရသော အလွန်ဆင်းရဲသည့် ရွေ့ပြောင်းလုပ်သားဘဝ၏အကြောင်းကို တင်ပြလိုပါသည်။ ၎င်းသင်တန်းအတွက် မိမိတို့ရောက်ရှိခဲ့သည့် ရပ်ကွက်တစ်ခုအတွင်းရှိ မိဘပြည်သူအများစုသည် နေရာဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ (ရခိုင်၊ ကရင်၊ မွန်၊ ဗမာ)စသည်ဖြင့် ပြောင်းရွေ့လာကြသူများဖြစ်ကြသည်။ အများအားဖြင့် မိမိတို့ရွေ့ပြောင်းမှုမပြုလုပ်မီ မိမိတို့ဇာတိတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ခြင်း၊ အလုပ်သမားအငှားလိုက်ခြင်း၊ ဈေးရောင်းခြင်း စသည့်လုပ်ငန်းများလုပ်ကိုင်ကြသည်။
၎င်းတို့၏ဇာတိဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာ၌ မိုးရာသီနှင့်ဆောင်းရာသီတွင်သာ စိုက်ပျိုးကြရသည်။ နွေရာသီတွင်ရေရှားပါးခြင်း၊ ရာသီဥတုပူပြင်းခြင်းကြောင့် စိုက်ပျိုးသီးနှံများ မဖြစ်ထွန်းပေ။ ထို့ကြောင့်၎င်းရာသီတွင်ဝင်ငွေနည်းပါးပြီး မိသားစုစားဝတ်နေရေးအတွက် ချေးငွေများဖြင့် အသက်မွေးကြရပေသည်။ နေ့စားခပုံမှန်ရရှိကြသော်လည်း ကုန်ဈေးနှုန်းများပိုမိုကြီးမြင့်လာသည့်အတွက် ရရှိသည့်နေ့စားခနှင့် ရေရှည်မိသားစုအနာဂါတ်အတွက် အခက်အခဲများရှိလာတော့သည်။ ဤသို့ဖြင့် ဆက်လက်ရုန်းကန်ရင်း အရွယ်ရောက်လာသည့်သားသမီးများက ခေတ်စနစ်ပြောင်းလဲမှုကြောင့် လယ်ယာ လုပ်ငန်းကို မလုပ်ချင်ကြတော့ပေ။ အရွယ်ရောက်သည့် သားသမီးများသည်လည်း အလုပ်ရှာရန်အတွက် မိမိတို့ဒေသကိုစွန့်ခွာသွားကြသည်။ ရွေ့ပြောင်းလုပ်သားများထဲတွင် မိဘပြည်သူအချို့၏ နေထိုင်ရာ ဒေသသည် ၎င်းရာသီရောက်လာချိန်၌ လေပြင်းမုန်တိုင်းမကြာခဏတိုက်လေ့ရှိသည်။ လွန်ခဲ့သည့် ၂၀၀၈ခုနှစ်တွင် နာဂစ်မုန်တိုင်းဟူသော သဘာဝဘေးအန္တရာယ်ကို ပြင်းထန်စွာခံစားခဲ့ရသည်။ ၎င်းသဘာဝ ဘေးအန္တရာယ်ကြောင့် မိမိတို့ဘဝကိုယူကျုံးမရသည်အထိ ဖျက်ဆီးခံခဲ့ကြရသည်။ ထို့ကြောင့် ကြောက်စိတ်ဖြင့်လည်းကောင်း၊ ဆက်လက်နေထိုင်ရန်မဖြစ်နိုင်တော့ခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ အလုပ်အကိုင်များပြတ်လတ်သွားခြင်း စသည့်အခြားသော စိတ်ခံစားချက်ပေါင်းမြောက်များစွာနှင့် ကျန်ရှိဝင်ငွေအချို့ဖြင့် မိမိတို့ဒေသကို စွန့်ခွာသွားကြပေသည်။
အချို့သောမိသားစုဝင်များသည် နီးစပ်ရာမြို့များသို့ပြောင်းရွေ့ကြပြီး ဈေးသက်သာသည့် အိမ်ခန်းများငှားနေခြင်း ရရာအလုပ်ဖြင့်အသက်ဆက်ကြသည်။ ဤသို့ဖြင့် တစ်နေ့သောအချိန်တွင် ၎င်းဘေးအန္တရာယ်ကြုံခဲ့ရသည့် မိဘပြည်သူများအတွက် အစိုးရ၏သက်သာသောစီမံကိန်းတစ်ခုကြောင့် တူညီသောလူတန်းစားတစ်ခုအဖြစ် စုမိကြလေသည်။ ၎င်းဒေသရှိမိဘပြည်သူတို့၏ နေထိုင်ပုံမှာလည်း အလွန်ဆင်းရဲသည့် နေအိမ်ပုံစံများ(အိမ်ထောင်စု ၃-စုလျှင် အိမ်သာ၁-လုံး)၊ မိမိတို့နေထိုင်သည့် အိမ်အောက်ဖက်တွင်လည်း နွေရာသီထိတိုင် ရေဝပ်နေခြင်း၊ ကျန်မာရေးအတွက်အလွန်စိုးရိမ်ကြပေသည်။ သက်သာသည့်ဈေးနှုန်းဆိုသည့်အတိုင်း အိမ်များမှာလည်း(၂-ပေ)လမ်းမျှသာခြားထားပြီး ပြွက်သိပ် နေသည့်အိမ်ထောင်စုမှာ(၁၀၀၀)ကျော်ခန့်ရှိပေသည်။ တိုင်းရင်းသားပေါင်းစုံ ပါဝင်ကြသော်လည်း တူညီသောဘဝများဖြင့် ကျော်ဖြတ်လာခဲ့ကြသည်။ ၎င်းဒေသရှိစီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးမှာ အဆင်ပြေချောမွေ့ခြင်းကြောင့် ရေရှည်ဘဝခရီးလမ်းအတွက် ပူပင်မှုမရှိတော့ချေ။ လုပ်ကိုင်ကြသည့် စီးပွားရေးလုပ်ငန်းအချို့မှာ ဈေးရောင်းခြင်း၊ ကျပန်းအလုပ်လုပ်ကိုင်ခြင်း၊ ကျင်းတူးခြင်း၊ ဆေးသုတ်ခြင်း၊ ပန်းရံလုပ်ခြင်း၊ ဆိုက်ကားနင်းခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ နေ့စဉ်၊ လစဉ်ရရှိသည့်ဝင်ငွေ မှာလည်း မိသားစုအတွက်လုံလောက်မှုရှိကြပေသည်။ လူမျိုးကွဲပြားမှုရှိသော်လည်း အနေကြာလာသည် နှင့်အမျှပတ်ဝန်းကျင်နှင့်မိသားစုပမာ ရင်းနှီးလာကြ၍ မိမိတို့ဇာတိမွေးရပ်မြေသို့လည်း ပြန်ပြောင်း လိုစိတ်မရှိကြတော့သည့်အခြေအနေလည်း လေ့လာတွေ့ရှိခဲ့ရပါသည်။
၎င်းဒေသရှိမိဘပြည်သူများ၏ ခံစားချက်အချို့မှာ ရေပေါများသော်လည်း သန့်ရှင်းသည့် သောက်ရေအခက်အခဲရှိခြင်း၊ မြို့တွင်းဖြစ်သော်လည်း လျှပ်စစ်မီးမရရှိခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ ရေရှည် နေထိုင်ရန်အခက်အခဲရှိနေခြင်း၊ အုပ်ချုပ်မှုစနစ်မရှိခြင်း(အုပ်ချုပ်ရေးမှူးမရှိ)၊ မိမိတို့လက်ရှိနေထိုင်ရာ ဒေသမှ ''မည်သည့်အချိန်၌ထွက်ခွါရမည်၊ ရွေ့ပြောင်းရမည်'' စသည့်စိတ်ခံစားချက်များ နေ့စဉ်ကြုံတွေ့ နေရခြင်း၊ မိမိတို့လက်ရှိအလုပ်အကိုင် ပြတ်လတ်သွားမည်ကို စိုးရိမ်နေရခြင်း၊ အစိုးရမှတရားဝင် အသိအမှတ်မပြုခြင်း(အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များပြန်လည်ပြုလုပ်ပေးခြင်းမရှိ)၊ အစိုးရကျောင်းများ တွင် တက်ရောက်ခွင့်မရှိခြင်းကြောင့် ရေရှည်သားသမီးပညာရေးအတွက် ပူပန်နေရခြင်း စသည့်ခံစားချက် များစွာဖြင့် ဘဝခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနေကြဆဲဖြစ်ပေသည်။
ဤသို့ဖြင့် တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ရွေ့ပြောင်းလုပ်သားဘဝတို့၏ ဆက်လက်လျှောက် လှမ်းနေကြသည့် ဘဝခရီးလမ်းအခက်အခဲအချို့ကို မိတ်ဆွေတို့စာနာထောက်ထားတတ်စေရန်အလို့ငှာ ရေးသားတင်ပြလိုက်ရပါသည်။
မျင်,မိုရ်;ခွန်
Like On Facebook
Follow On Twitter
Subscribe On RSS