Thursday, December 28, 2017

လေးစားအတုယူဖွယ်ရာကောင်းသော ခေါင်းဆောင်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်


လက်ရှိကျွန်ုပ်တို့ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်ဖြစ်သော ဖြားတန်စင်ဖါအောင်ခမ်းထီသည်သည် အများပြည်သူအပေါ် အမှန်တကယ်ချစ်မြတ်နိုးသော၊ အမှန်တကယ်တန်းဖိုးထားသော လေးစား ကြည်ညိုဖွယ်ရာကောင်းသော ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်သည်ကို ပအိုဝ်းပြည်သူများအားလုံး အသိပင်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ပအိုဝ်းပြည်သူတစ်ရပ်လုံး အသိအမှတ် ပြုခံရသည့်အဆင့်ဖြစ်သည့် အပြင် နိုင်ငံတော်အဆင့်အထိ အသိအမှတ်ပြုခံရသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ဦးလည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်အကြီးအကဲများသည် လာရောက်တွေ့ဆုံလျက်ရှိသည့် အပြင် အခါကြီး ရက်ကြီးများတွင်လည်း ဖိတ်ကြားထားခြင်းမရှိဘဲ အနယ်နယ်အရပ်ရပ်မှ နေထိုင်သည့် ထောင်သောင်းချီသော ပအိုဝ်းပြည်သူအများက ဗုဒ္ဓဘာသာ၏ ထုံးတမ်းစဉ်လာနှင့်အညီ သက်ကြီးရွယ်အို အရလည်းကောင်း မိမိ၏ ဖခင်ရင်းသဖွယ် အသိအမှတ်ပြုကာ  လာရောက်ကန်တော့ကြသည်ကို မြင်တွေ့ နေရပါသည်။

ဤသို့ နှစ်စဉ်နှစ်တိုင်း ထောင်းသောင်းချီသော ပြည်သူများ၏ ကြည်ညိုမှုကို ခံယူနေရသော ဖြားတန်စင်ဖါအောင်ခမ်းထီသည် ၎င်းကိုယ်တိုင် ပြည်သူများအပေါ်လည်း ညီအစ်ကိုမောင်နှမ သားသမီး အရင်းများသဖွယ် ချစ်ခင်မြတ်နိုး တန်ဖိုးထားပြီး လေးစားမှုရှိသည်ကို တွေ့နေရပါသည်။ ၎င်း၏ “လုပ်ငန်း လုပ်ဆောင်မှုမှန်သမျှသည် ပြည်သူအတွက်သာဖြစ်သည်”ဟူသော သဓိဌာန်ချထားသူ တစ်ဦးလည်း ဖြစ်ပါ သည်။

လုပ်ဆောင်မှုတိုင်းသည် အများပြည်သူ အကျိုးစီးပွားဖြစ်ထွန်းစေရန် အဓိကထားသည့်အတွက် စိတ်စေတနာကောင်းများ  အပြည့်အ၀ထားကာ အမှန်တကယ် ရည်ရွယ်လုပ်ဆောင်သောကြောင့် အများ ပြည်သူဘက်မှလည်း မေတ္တာ၊ စေတနာများ ရောင်ပြန်ဟပ်လာခြင်းရှိသည်ကို ပြည်သူများအသိပင် ဖြစ်ပါ သည်။ ထို့ကြောင့် ပြည်သူကို အမှန်တကယ် ချစ်သော ပြည်သူအပေါ် အမှန်တကယ် တန်ဖိုးထားသော ထင်ရှားသော ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါသည်။

ခေါင်းဆောင်ဆိုသည့်နေရာသို့ ရောက်ရှိလာအောင် ကိုယ်တိုင် ကြိုးစားအားထုတ်ပြီး လုပ်ကိုင်သမျှ အရာအားလုံးတို့သည် ကိုယ်ကျိုးအတွက် ကြည့်ခြင်းမရှိဘဲ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုး တက်ရေးကို အဓိကထား လုပ်ဆောင်သည့်အတွက် လုပ်ရပ်တိုင်းအပေါ် အများပြည်သူ၏ အားရကျေနပ် နှစ်သက်မှုကိုခံယူရသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်အနေဖြင့် အသိအမှတ်ပြု ခံရခြင်းနှင့် အများပြည်သူ၏  လေးစားကြည်ညိုမှုကို အပြည့်အ၀ ခံရခြင်းဖြစ်သည့် ခေါင်းဆောင်းကောင်း တစ်ဦး ဖြစ်ပါသည်။

၎င်းဦးဆောင်သည့် အဖွဲ့အစည်းသည် ၁၉၉၁- ခုနှစ်တွင် ငြိမ်းချမ်းရေးရယူပြီး တရားဥပဒေဘောင် အတွင်းသို့ ၀င်ရောက်ခဲ့ရာတွင် နိုင်ငံတော်နှင့်အတူ လက်တွဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်ခဲ့ရာ ယနေ့အချိန်တွင် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ပြည်သူများအနေနှင့် ခံစားရပြီး ဖြစ်ပါ သည်။ အဘယ်ကြောင့်ဆိုသော် ပအိုဝ်းလူမျိုးအများဆုံး နေထိုင်သော နေရာဒေသသည် အများအားဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးများ၊ လျှပ်စစ်မီး ဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံများ အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် ထိုက်သင့်သလောက်  ရရှိခံစားနေရပြီ ဖြစ်ပါသည်။

ကျေးရွာအများစုမှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ထားသော်လည်း ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးကြောင့်ပင် ဆိုနိုင်ပါသည်။ မိမိတို့ဒေသငြိမ်းချမ်းမှသာလျှင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများစသည့် မည်သည့်လုပ်ငန်းများမဆို အေးချမ်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ စိုက်ပျိုးရေးကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်မှသာလျှင် ပြည်သူများဝင်ငွေတိုးကာ စား၊ ၀တ်၊ နေရေးအတွက် ပိုမိုအဆင်ပြေစေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ဒေသငြိမ်းချမ်းမှ သာလျှင် စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကိုလည်း တည်ငြိမ် အေးချမ်းစွာ လုပ်ဆောင် နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သည့်အရာပင် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးသည် အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ လူတစ်ဦး၊ လူမျိုးတစ်မျိုး၊ မိသားစုတစ်စု၊ အဖွဲ့အစည်းမှ နိုင်ငံတော်အဆင့်အထိ ငြိမ်းချမ်းရေး လိုချင်သည့် ပုံစံမတူညီကြချေ။ မိမိဆိုလိုချင်သော ငြိမ်းချမ်း ရေးသည် မိမိတို့ပအိုဝ်းဒေသ၏ ငြိမ်းချမ်းရေးပင်ဖြစ်ပါသည်။ အချို့သော ပုဂ္ဂိုလ်များသည် ငြိမ်းချမ်းရေး၏ အရသာကို မွေးကတည်းက ခံစားနေရပါသည်။

အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေး၏ အနှစ်သာရကို မငြိမ်းချမ်းသည့် နေရာဒေသတွင် နေထိုင် ဖူးမှသာလျှင် ပိုမိုခံစားနိုင်မည် ဖြစ်ပါသည်။ ယနေ့ခေတ် ပအိုဝ်းလူမျိုးအများဆုံးနေထိုင်သည့်ဒေသရှိ လူ ငယ်များသည် ငြိမ်းချမ်းရေးဟူသော စကားလုံးတစ်လုံးကို ခေါ်ဝေါ်သုံးနှုန်းရန် လွယ်ကူသော်လည်း  မိမိ၏ ခေါင်းဆောင်များမှ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ရယူခဲ့သည့်ပုံရိပ်များအပေါ် ကိုယ်ချင်းစာမှု တန်ဖိုးထားမှု အားနည်းနေသည်ကို တွေ့မြင်နေရပါသည်။ ပအိုဝ်းဒေသငြိမ်းချမ်းရေးရယူပုံကို သိရှိလိုပါက ပြည်ထောင်စု ထဲကပအိုဝ်းနှင့် ပအိုဝ်းတော်လှန်ရေး သမိုင်းစာအုပ်များတွင် ဖတ်ရှု့လေ့လာနိုင်ပါသည်။

 အချို့သော ပြည်သူများသည် မိမိကိုယ်တိုင် ငြိမ်းချမ်းရေးမယူခင်ကာလတွင် ကြီးပြင်းလာသော ကြောင့် ပညာကို ကောင်းမွန်စွာ သင်ယူရခြင်းမရှိ၊ စိုက်ပျိုးရေးလုပ်ငန်းကို ကောင်းမွန်စွာ လုပ်ကိုင်ရခြင်းမရှိ စစ်ဘေးစစ်ဒဏ်ခံနေရခြင်း စသည့် အခက်အခဲ အကြပ်အတည်းများမှ ရုန်းကန်ခဲ့ရသည့်အတွက် ငြိမ်းချမ်း ရေး၏ အနှစ်သာရကို ကောင်းမွန်စွာ ခံစားနားလည်နိုင်သော ကြောင့် ငြိမ်းချမ်းရေးရယူပေးခဲ့သည့် မိမိတို့၏ ခေါင်းဆောင်များအပေါ်ကို အလွန်ပင် ဂုဏ်ယူမှု၊ အသိအမှတ်ပြုမှု လေးစားမှုရှိသည်ကို တွေ့နေရပါသည်။ အထူးသဖြင့်  ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတန်ဖိုးထားသော ပအိုဝ်းပြည်သူများသည် ငြိမ်းချမ်းရေးရယူပေး သည့် ငြိမ်းချမ်းရေး ဖခင်ဖြစ်သည့် ဖြားတန် စင်ဖါအောင်ခမ်းထီကို မိမိတို့၏ ဖခင်အရင်းသဖွယ် အထူးပင် ကြည်ညိုလေးစား မြတ်နိုးတန်ဖိုးထားကြသည်ကို တွေ့နေရပါသည်။

ယနေ့ခေတ် ပအိုဝ်းလူငယ်မောင်မယ်များသည် မိမိတို့၏ ငြိမ်းချမ်းရေးဖခင်ဖြစ်သော ဖြားတန်စင်ဖါ အောင်ခမ်းထီ၏ ကျေးဇူးကို သိတတ်သည့် လူငယ်များရှိသလို  တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်အ လျောက် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာသည့်နှင့်အညီ နိုင်ငံတကာပုံစံတူကူးပြီး ဒီမိုကရေစီ အခွင့်အရေးကို အပြည့်အ၀ အသုံးပြုချင်ကြသော လူငယ်များသည် မိမိတို့၏ ခေါင်းဆောင်အပေါ်  ရှိသင့် သည့် ကျေးဇူးတရားများကိုပင် မေ့လျော့နေခြင်း ရှိသည်ကို တွေ့မြင်နေရပါသည်။

ဒီမိုကရေစီစနစ်တွင် မိမိကြိုက်နှစ်သက်သည့်အရာကို မိမိလုပ်ခွင့်ရှိသော်လည်း ကိုယ်လုပ်လိုက် သည့် အလုပ်များသည် တစ်ပါးသူအပေါ် ထိခိုက်မှုမရှိစေရန်  ဥပဒေဘောင်အတွင်းသာ လုပ်ဆောင်နိုင်ရန် အလွန်ပင် အရေးကြီးလှပါသည်။ အချို့သော ပုဂ္ဂိုလ်များသည် ဒီမိုကရေစီတွင် ပါဝင်သည့် လူ့အခွင့်အရေး အရ “လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဝေဖန်ပိုင်ခွင့်” ဟူသော စကားလုံးကို အပြည့်အ၀ သုံးစွဲကြ သည်ကို တွေ့နေရပါသည်။ “ကိုယ့်ထက်ကြီးသူ၊ ကိုယ်တန်ဖိုးထားရမည့်သူ၊ ကိုယ်ရဲ့ကျေးဇူးရှင်တို့ကို တောင် အနုတ်သဘောဆောင်သည့် ဝေဖန်ပုတ်ခတ်ခြင်း (ဆဲဆိုရေးသားခြင်း)၊ ညစ်ပတ်သော အပြုအမူ ဖြင့် ဆောင်ရွက်ခြင်း (လူတစ်ပိုင်းတိရိစ္ဆာန်တစ်ပိုင်းပုံများဖြင့် ဖော်ပြခြင်း)” များ စသည့် ခေါင်းဆောင်များ၏ ဓါတ်ပုံများကို ဖျက်စီးပစ်သည့် လူငယ်များ ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ဓလေ့နှင့် ကိုက်ညီမှုမရှိသော အပြုအမူများ ရှိသည်ကို တွေ့နေရပါသည်။

ဒီမိုကရေစီကျင့်သုံးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများစွာ ရှိနေပါသည်။ ဒီမိုကရေစီ သည်“သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး” ဆိုသကဲ့သို့ ဒီမိုကရေစီကို ကျင့်သုံးချင်ရင် ၎င်းတို့၏ စည်း မျဉ်းစည်းကမ်းများကို သိရှိအောင် လေ့လာပြီး ဤစည်းကမ်းအတိုင်း လိုက်နာနိုင်မှသာလျှင် စစ်မှန်၍ စည်း ကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ လိုက်နာမှုမရှိပါက ဒီမိုက ရေစီကို အလွန်အကျွံ အသုံးပြုမိပါက မိမိတို့တွင် ရှိသည့် ချစ်စရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မိမိတို့ ကိုယ်တိုင် ပြန်လည်ဖျက်စီးပစ်သကဲ့သို့ ပျောက်ကွယ်သွားနိုင်ပါသည်။

ထို့အတူ မိမိတို့ ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လာ သည်နှင့်အမျှ လူ့အခွင့်အရေးတွင် ပါဝင်သည့် အချက်များအားလုံးကို မိမိတို့၏ ရိုးရားယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိကို ပြန်လည်ဆန်းစစ်သင့်ပါသည်။ ဒီမိုကရေစီတွင် ပါဝင်သည့် လူ့အခွင့် အရေးကို အပြည့်အ၀အသုံးချပါက မိမိတို့လူမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုများနှင့် ရိုးရာ ဓလေ့ထုံးတမ်းများ စသည့်ကိုယ်ပိုင်ပစ္စည်းများ ပျောက်ကွယ်သွားနိုင်မည်ဖြစ်သည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

  ထို့အတူ ပအိုဝ်းတိုင်းရင်းသားများအပေါ် မိမိအနေဖြင့် အကြံပေးလိုသည်မှာ မိမိတို့၏ ငြိမ်းချမ်း ရေးဖခင်ဖြစ်သော ဖြားတန်စင်ဖါဦးအောင်ခမ်းထီးကို ပအိုဝ်းပြည်သူတိုင်း အတုယူစေလိုပါသည်။ အဘယ် ကြောင့်ဆိုသော် ဒီမိုကရေစီနည်းဖြင့် ငြိမ်းချမ်းရေးကို ရယူနိုင်သောကြောင့်ဖြစ်သည်။  စစ်တိုက်ပြီး မတရား သော နည်းလမ်းများဖြင့် ရယူခြင်းမဟုတ်သည့်အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်မှု မရှိစေဘဲ တရားဥပဒေဘောင်အတွင်း  နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကိုသာ တစ်စိုက်မတ်မတ် လုပ်ဆောင်သွားသည်ကို တွေ့ရပါသည်။

ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီ ချမှတ်ထားသည့် လမ်းစဉ်အတိုင်း နောက်လိုက်ခေါင်းဆောင်များမှ တစ်စိုက်မတ်မတ် လျှောက်လှမ်းလာခဲ့ရာမှာ ယနေ့အချိန်တွင် ပအိုဝ်းလူမျိုး အများဆုံး နေထိုင်လျက်ရှိသည့်နေရာဒေသများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည်ကို မြင်တွေ့နေရပြီ သာမက နိုင်ငံရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် ကဏ္ဍအရပ်ရပ်တွင်လည်း တိုးတက်ဖွံ့ဖြိုးလာမှုရှိသည်ကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးပင် ဖြစ်ပါသည်။ 

ထို့ကြောင့် ဖြားတန်စင်ဖါအောင်ခမ်းထီသည် ကျွန်ုပ်တို့ ပအိုဝ်းတိုင်းရင်းသားအားလုံး၏ ငြိမ်းချမ်း ရေးဖခင်ဟုပင် ခေါ်ဆိုနိုင်ပါသည်။ ခေါင်းဆောင်ကြီးများအဆင့်ဆင့်မှ ဖါးတန်စင်ဖါအောင်ခမ်းထီအထိ ချမှတ်ထားခဲ့သည့် လမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းခြင်းအားဖြင့် ပြည်သူများ၏ အကျိုးစီး ပွားများကို မြှင့်မားသထက်မြှင့်မားအောင် ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဖါဖြားတန်ကဲ့သို့သော ခေါင်း ဆောင်များ ပိုမို ပေါ်ထွက်စေလိုကြောင်း၊ ပအိုဝ်းတိုင်းရင်းသားအားလုံးတို့၏ ကြည်ညိုဖွယ်ရာကောင်းသော ခေါင်းဆောင်ကောင်း ပိုင်ဆိုင်ရသည်မှာ ပအိုဝ်းလူမျိုးအတွက်  အထူးပင် ဂုဏ်ယူဖွယ်ရာကောင်းပါကြောင်း၊ တန်ဖိုးဖြတ်၍ရသည်မဟုတ်ကြောင်း၊ ဖါဖြားတန်စင်ဖါအောင်ခမ်းထီကို  အမြဲပင် ကျေးဇူးတင်မည် ဖြစ်ပါ ကြောင်းနှင့် ပအိုဝ်းပြည်သူများ အပေါ်မေတ္တာ၊ စေတနာ အပြည့်အ၀ထားကာ ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု့ထားလုပ်ဆောင်နိုင်သောကြောင့် အမြဲဂုဏ်ယူ ၀မ်းမြှောက်နေမည်ဖြစ်ကြောင်း ဤဆောင်းပါးမှ တစ်ဆင့် ရေးသားဂုဏ်ပြုလိုက်ရပါသည်။

နန်းအွဉ်ရက်ခွို,
ခမ်းစန္တာ;

Powered by Blogger.