တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်
လောကတွင် မွေးဖွားခြင်းရှင်သန်ခြင်းရှိလျှင် သေဆုံးခြင်းဖြင့် အဆုံးသတ်ရခြင်းသည် လောကနိယာမ တရားပင်ဖြစ်ပေသည်။ မြတ်စွာဘုရားဟောတော်မူသော ကျမ်းဂန်တွင် “သဗ္ဗေ ဘယန္တိ မဇွုနော” သတ္တ၀ါအားလုံးတို့၏ အကြောက်ဆုံးသောအရာသည် သေခြင်းတရားပင်ဖြစ်သည် သို့သော် သတ္တဝါတိုင်းထိုအရာကို ရှောင်လွှဲ၍မရနိုင်ပေ။ မသွားချင် မရောက်ချင်သော်လည်း ဧကန်မုချ သွားရောက်ရမည့်နေရာသည် သေခြင်းတရားပင်ဖြစ်သည်။
ထိုသေခြင်းတရား၏နောက်သို့ လိုက်ပါကြရာတွင် ချမ်းသာ/ဆင်းရဲ အသက်ကြီးသည်/ငယ်သည် ရုပ်လှသည်/မလှသည် ရာထူးရှိသည်/မရှိသည် ဆိုပြီးမခွဲခြားပါ စက္ကန်းတိုင်းမိနစ်တိုင်း ကွေးသောလက် မဆန့်ခင် ဆန့်သောလက်မကွေးခင် အချိန်မရွေး လူမျိုးဘာသာမရွေး သေခြင်းတရား၏နောက်သို့ လိုက်ပါသွားကြရလေသည်။ ထိုသို့ လိုက်ပါသွားကြရာတွင် ကောင်းမွန်သောသုဂတိဘုံဘဝသို့ ရောက်ရှိ နိုင်ရန်အလို့ငှါ မိမိကိုယ်တိုင်ပြုလုပ်ထားသော ကောင်းမှုကုသိုလ်ရှိရန် အလွန်အရေးကြီးပါသည်။ မိမိအပါအဝင် လူပုဂ္ဂိုလ်အတော်များများသည် ကာမဂုဏ်အာရုံခြောက်ပါး၏ နောက်သို့ကောက်ကောက်ပါ အောင်ပျော်မွေ့ကြသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပျော်ပါးနေချိန်တွင် မိမိတို့၏ခန္ဓာအသက်တို့သည် မပျက်မစီး မသေတော့သည့်အလား သေခြင်းတရားများ မေ့နေကြခြင်းဖြစ်သည်။
အမှန်တွင် ထိုကဲ့သို့မဖြစ်သင့်ပေ။ အသက်ကြီးငယ်မရွေး ရသည့်အချိန်တွင် ဘဝသံသရာ တစ်လျှောက်လုံး မိမိ၏နောက်သို့အရိပ်ပမာလိုက်ပြီး ကောင်းကျိုးပေးမည့် ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ် စသည့်ကုသိုလ်တရားများကို ပြုလုပ်ထားရန် လိုအပ်ပါသည်။ မြတ်စွာဘုရားဟောကြား တော်မူသော ဒေသနာတော်ဆောင်ပုဒ်တွင် “အသက်တမ်းကုန်၊ ကံစွမ်းကုန်၍၊ အကုန်နှစ်မျိုး၊ သေရိုးဖြတ်ရွေ ဤလေးထွေ မှတ်လေမရဏ” ဟူ၍ပင်တည်း။ သတ္တဝါတိုင်းသည် (၁) သက်တမ်းကုန်၍ သေဆုံးခြင်း (၂) ကံစွမ်းကုန်၍သေဆုံးခြင်း (၃) သက်တမ်းလည်းကုန် ကံစွမ်းလည်းကုန်၍သေဆုံးခြင်း (၄) အထက်ပါ သုံးမျိုး ကြောင့်မဟုတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာသော အကြောင်းအရာတစ်ခုခုကြောင့်သော်လည်း ကောင်း၊ မီးကြောင့်၊ ရေကြောင့် သေဆုံးခြင်းတို့ဖြစ်သည်။ သတ္တ၀ါတိုင်းသည် ဤသေဆုံးခြင်းလေးမျိုး ဖြစ်သာ သေဆုံးကြရလေသည်။ ထိုသေဆုံးခြင်းတရားကို ဆီမီးခွက်ဥပမာနှင့် နှိုင်းယှဉ်ပြရမည်ဆိုလျှင် (၁) ဆီကုန်၍ငြိမ်းခြင်း (၂) မိးစာကုန်၍ငြိမ်းခြင်း (၃) ဆီလည်းကုန် မီးစာလည်းကုန်၍ငြိမ်းခြင်း (၄) ဆီလည်း မကုန် မီးစာလည်းမကုန်ဘဲ တစ်စုံတစ်ခုသောအကြောင်းကြောင့်သော်လည်းကောင်း၊ လေကြောင့်သော် လည်းကောင်း၊ ရေကြောင့်သော်လည်းကောင်း ငြိမ်းခြင်းတို့ဖြစ်ပေသည်။
အသက်ကြီးငယ်မရွေး မိမိတို့၏ရှေ့မှောက်တွင် နေ့စဉ်နေ့တိုင်းသေမင်း၏နောက်သို့လိုက်ပါ` သွားကြသည်ကို သံဝေဂယူသင့်ပါသည်။ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုသည့်ဆိုရိုးစကား အတိုင်း အသုဘရုပ်အလောင်းကိုတစ်ခါမြင်၍ အသုဘဘာဝနာကမ္မဌာန်းကို ရှုမှတ်ပွားများရသော ကုသိုလ်သည် ဘုန်းတော်ကြီးကျောင်းဆယ်ခေါက်သွား၍ ပြုလုပ်သောကုသိုလ်နှင့် ညီမျှကြောင်း ပညာရှိ များမှ မိန့်ဆိုထားသည်ကိုလည်း တွေ့ရှိရပါသည်။ ကုသိုလ်ကောင်းမှုဆိုသည်မှာ လိုအပ်မှထလုပ်ရမည့် အရာမျိုး မဟုတ်ပါ မိမိတို့၏ခန္ဓာစိတ်အသွင်၌ ထုံမွန်းနေအောင် နေ့စဉ်နေ့တိုင်းပြုလုပ်မှသာလျှင် အစွမ်းသတ္တိထိရောက်မှု အားကောင်းမည်ဖြစ်ပါသည်။ လောကတွင် အနေချောင်၍ အသေကြပ်ခြင်းထက် အနေချောင်၍ အသေချောင်ဖို့ရန် လွန်စွာအရေးကြီးပါသည်။ အသေချောင်ဖို့ရန် ကောင်းမှုကုသိုလ် တရားများကို ပြုလုပ်ထားခြင်းဖြင့် သေမင်းကို ရင်ဆိုင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
ခွန်ဗေခြောင် လွယ်မော့်ဟေ့
Like On Facebook
Follow On Twitter
Subscribe On RSS