ထိုတွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများဖြစ်ကြသော အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ ရွှေကျွန်းမျောဟိုတယ်နှင့်ခရီးသွားလုပ်ငန်း မန်နေဂျာ ဦးခွန်မောင်ငွေ၊ (PNO)၊ ဗဟိုဌာနရုံးရှိ သက်ဆိုင်ရာဌာနမှ ဌာနမှူးများ၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)တာဝန်ခံ၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ တာဝန်ရှိသူများနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအဖွဲ့မှ ဥက္ကဋ္ဌ ဖြစ်သော ဆွန်းမလေး၊ ဒု-ဥက္ကဋ္ဌ ဖြစ်သော ဦးမြင့်နောင်နှင့် ပါတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ထိုတွေ့ဆုံမှုနှင့် ပတ်သက်၍ “ ပအိုဝ်းနဲ့လီဆူဆိုတာ ယခင်ကတည်း အစ်အကိုတွေလို အတူတကွနေထိုင်လာခဲ့ကြတဲ့ လူတွေဖြစ်တယ်၊ နောင်လည်း ဆက်လက်လက်တွဲအတူနေထိုင်ဦးမယ် ဖြစ်တယ်။ ရှမ်းပြည်နယ်ကို ကြည့်မယ်ဆိုရင်လည်း ပအိုဝ်းရွာနဲ့လီဆူရွာတွေဆိုတာ အပြန်အလှန်ချိတ်ဆက် ဆက်သွယ်နေတာကို တွေ့ပါတယ်၊ ဒါကြောင့် ဒီနေ့က ရှမ်းပြည်နယ်လွှတ်တော်ကို လေ့လာရင်းနဲ့ ညီအစ်ကိုဖြစ်တဲ့ PNO ရဲ့ လုပ်ငန်းဆောင်တာများကို သိချင်တာနဲ့ ဒီလို လာရောက်တွေ့ဆုံရတာ ဖြစ်တယ်” ဟု လီဆူ ဒု-ဥက္ကဋ္ဌ ဦးမြင့်နောင်က မိတ်ဆက်ရာတွင် ပြောကြားခဲ့ပြီး (PNO)မှ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းကလည်း ယခုကဲ့သို့ လာရောက်တွေ့ဆုံမှုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ပအိုဝ်းဒေသရှိအတွင်းရှိ တိုင်းရင်းသားအားလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေပါကြောင်း၊ အခက်အခဲအကူအညီများရှိပါက လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံရာတွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ သိလိုသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ရပ်တည်ချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများ၊ တော်လှန်ရေးသမိုင်းကြောင်းများနှင့် ဗဟိုဌာနရုံးရှိ ဌာနအသီးသီးမှ ဆောင်ရွက်နေသော လုပ်ငန်းများကို (PNO)မှ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းတို့က ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
နဂါ့ခွန်
Like On Facebook
Follow On Twitter
Subscribe On RSS