Monday, January 1, 2018

လူမျိုးတစ်မျိုး ထင်ပေါ်ကျော်ကြားစေရန် ခရီးသွားလုပ်ငန်းသည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ကြောင်း ရွှေကျွန်းမျော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း (ညောင်ရွှေ) မန်နေဂျာခွန်ထွန်းဦး ပြော

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်






ပအိုဝ်းဒေသ ခရီးသွားလုပ်ငန်း တိုးတက်စေရန် ရည်ရွယ်၍ ဒီကနေ့ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ(၁)နေ့၊ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစကွန်းကျေးရွာအုပ်စု၊ လွယ်ခေါ်ရွာတွင် ပြုလုပ်သော ကျေးရွာလူထုပူးပေါင်း ပါဝင်သောခရီးသွားလုပ်ငန်း အဆောက်အဦး(Community House)ဖွင့်ပွဲတွင် ရွှေကျွန်းမျော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း (ညောင်ရွှေ) မန်နေဂျာ ခွန်ထွန်းဦးက ပြောဆိုခဲ့သည်။

“ခရီးသွားလုပ်ငန်း(Tourism)ဆိုတာ ကျွန်တော်တို့လူမျိုးတည်တံ့အောင်၊  ကျွန်တော်တို့လူမျိုးရဲ့ ယဉ်ကျေးမှုဓလေ့ထုံးထမ်းများ မပပျောက်အောင် ထိန်းသိမ်းပေးတယ်။ ဒါကြောင့် ကျွန်တော်တို့ လူထုတွေအနေနှင့် ဒီခရီးသွားလုပ်ငန်းကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ နောက်ဆုံး ဒီခရီးသွားလုပ်ငန်းဆိုတာ ကျွန်တော်တို့ဒေသတွက် စီးပွားရေး၊ ၀င်ငွေတင်မကဘူး နည်းပညာအပိုင်းတွေပါ ယူဆောင်လာပေးတယ်။ ဒါကြောင့် လူမျိုးတစ်မျိုး ထင်ပေါ်ကျော်ကြားဖို့အတွက် ဒီခရီးသွားလုပ်ငန်းဟာ အင်မတန် အရေးကြီးပါတယ်” ဟု ၎င်းက ဤသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း(Community Involed Tourism)ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းတို့တွင် ဆောင်ရွက်သွားရန်ရှိ သော်လည်း ယခုလက်ရှိတွင် အစိုးရမှ အဆိုပါ CBTနှင့် ပတ်သက်၍ တိကျသော မူဝါဒနှင့် ဥပဒေများ အတည်မပြုရသေးသောကြောင့် အင်းလေးညောင်ရွှေအနီးတ၀ိုက်သာ ဆောင်ရွက်နေကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ကျေးရွာလူထုပူးပေါင်း ပါဝင်သောခရီးသွားလုပ်ငန်း အဆောက်အဦး(Community House)ဖွင့်ပွဲတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ အန္တာရာယ်ကင်းဂါထာများ ရွတ်ဖတ်ခြင်း၊ သံဃာတော်များထံမှ ငါးပါးသီလခံယူခြင်းနှင့် ဒေသခံများက ပျော်ပွဲရွှင်ပွဲအနေဖြင့် ရိုးရာအကပဒေသာများ ကပြဖျော်ဖြေခြင်း၊ အကပဒေသာအဖွဲ့များကို ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။

ယခုလက်ရှိ ပအိုဝ်းဒေသတွင် CBT လုပ်ငန်းများကို အင်းလေးညောင်ရွှေအနီးတ၀ိုက်ဖြစ်သော အင်းနီရွာ၊ ထီနဲ့ရွာ၊ လွယ်ခေါ်ရွာများတွင် ဆောင်ရွက်လျက်ရှိကာ အဆိုပါ CBT လုပ်ငန်းနှင့်ပတ်သက်၍ ပြီးခဲ့သော ၂၀၁၇ခုနှစ်  ဂျာမနီနိုင်ငံ၌ ပြုလုပ်သော ခရီးသွားလုပ်ငန်းပြိုင်ပွဲတွင် နိုင်ငံတကာက To Do’ 2017မှ ပေးအပ်သော လူမှုဆိုင်ရာတာဝန်သိခရီးသွားလုပ်ငန်းဆုကို သော်လည်းကောင်း၊ စကာင်္ပူနိုင်ငံ၌မှ ပေးအပ်သော အာဆီယံနိုင်ငံအဆင့်မီဆု ASEAN Standard Award ဆုကိုသော်လည်းကောင်း ၊ မြန်မာနိုင်ငံ၌ ပြုလုပ်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့တွင် ပြည်ထောင်စုမြန်မာ့ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ ချီးမြှင့်ပေးသော The Best Performance Awradဆု (စွမ်းဆောင်ရည်အကောင်းဆုံးဆု)ကိုသော်လည်းကောင်း  အသီးသီး ရရှိခဲ့ ကြောင်း သိရှိရသည်။

နဂ့ါခွန်
Powered by Blogger.