၂၀၁၈၊ ဇန်န၀ါရီ(၂၇)ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြုလုပ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသား များကိုယ်တိုင် မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်ရေးအတွက် အချုပ်အခြာအာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးနိုင်ရေး ကို ဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာပထမ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစ၀်အောင်မြတ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေတို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတရားရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ တရားရုံးဖွင့်ပွဲ ဆိုင်းဘုတ်ကို ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ခြင်း၊ ရှမ်းပြည်နယ် လွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က တိုင်းရင်းသားရေးရာယဉ်ကျေးမှု အကအဖွဲ့များ အား ဆုငွေချီးမြှင့်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၅၆ အရ မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(၁)ခု နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခု ဖွဲ့စည်းထား ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(၁)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၄)ခု ဖွဲ့စည်းတည်ရှိ နေခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ တွေဟာ အုပ်ချုပ်ရေးအာဏာနှင့်ဥပဒေပြုရေးအာဏာ(၂)ခုစလုံးကို ကိုင်တွယ်ကျင့်သုံးနေတဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ တိုင်းရင်းသားပေါင်း(၁၃၅)မျိုးနှင့် တည်ဆောက်ထား သည့်အတွက် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ဖွဲ့စည်းတည်ထောင်ရေးအတွက် လိုအပ်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားများကိုယ်တိုင် မိမိတို့ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ရေးအတွက် အချုပ်အခြာအာဏာ(၃)ရပ်ကို တိုင်းရင်းသားဒေသတွေအထိ အာဏာခွဲဝေကျင့်သုံးနိုင်ရေးကို ဆောင်ရွက်ဖို့ဖြစ်ပါကြောင်း၊ ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၂၉၃ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများကို ဖွဲ့စည်းတည်ထောင်ပေးဖို့ လိုအပ်လျက်ရှိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကို ဖွင့်လှစ်နိုင်ခြင်းအားဖြင့် တိုင်းရင်းသားညီကိုမောင်နှမများ၏ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့လို့ အထူးဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်မိပါကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်တရားလွှတ်တော်ချုပ် ဦးကြွယ်ကြွယ်က အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်များရှိ တရားရုံးများက ချမှတ်ထားသည့် အမိန့်များအပေါ် ကျေနပ်မှုမရှိပါက အယူခံ/ပြင်ဆင် တက်ရောက်လိုလျှင် တောင်ကြီးခရိုင်တရားရုံးသို့ သွားရောက်တင်သွင်းဖို့ မလိုအပ်တော့ပဲ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးသို့ လာရောက် တင်သွင်းလျှောက်ထားခွင့် ရရှိပြီဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားများအနေဖြင့် အချိန်ကုန်သက်သာခြင်း၊ သွားလာရသည့် စရိတ်သက်သာခြင်းစသည့် အကျိုးတရားများ ရရှိတော့မည်ဖြစ်ကြောင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး ဖွင့်လှစ်နိုင်ဖို့ အဖက်ဖက်မှ ကူညီပေးကြသည့် ပြည်ထောင်စု အစိုးရအဖွဲ့ စသည့် အဖွဲ့အစည်း အသီးသီးနှင့်ရပ်မိရပ်ဖများအား ကျေးဇူးတင်ကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပအိုဝ်းဒေသရှိ မြို့မိ မြို့ဖကိုယ်စား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဟိုပုံးမြို့နယ်ရုံး တာဝန်ခံဖြစ်သည့် ခွန်စနေအောင်မှ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များ အား ရုံးဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်ဓဇ
Like On Facebook
Follow On Twitter
Subscribe On RSS