Friday, January 26, 2018

"ကျွန်တော်တို့က သူတစ်ပါးနဲ့ ပခုံးချင်းယှဉ်ချင်တယ်ဆိုရင် ကျွန်တော်တို့ မျိုးဆက်သစ်တွေကို အခြေခံအုတ်မြစ်ကောင်းတွေ ချပေးဖို့ လိုအပ်တယ်” ဟု ဒေသဦးစီးဥက္ကဌ ပြော

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်



 ဒီကနေ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ(၂၆)ရက်၊ သောကြာနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ဒေသဦးစီးခန်းမတွင် ပြုလုပ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု ၅နှစ် စီမံကိန်း ပြန်လည်သုံးသပ်ခြင်းနှင့် မဟာဗျူဟာချမှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ပြောကြားသွားပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဒေသဦးစီး ဥက္ကဌဖြားခွန်စံလွင်က “ကျွန်တော်တို့က Plan မရှိရင် အနာဂတ်ကို စမ်းတ၀ါးဝါး သွားနေတာနဲ့ တူတူဘဲ၊ အခုကျွန်တော်တို့မှာ Plan ရှိပြီဆိုရင် အရေးကြီးတာက ဘတ်ဂျက် စီမံခန့်ခွဲမှု၊ နောက်ပြီး လူထုပူးပေါင်း ပါဝင်မှု၊ လူထုပူးပေါင်းမှုအားကို ရထားရင် ကျွန်တော်တို့ ဘတ်ဂျက်ကို ဘယ်လိုတောင်းမှာလဲ၊ ကျွန်တော်တို့မှာ အစိုးရရှိတယ်၊ အစိုးရဆီမှာ ရနိုင်တဲ့အခွင့်အလမ်း တောင်းမယ်။ နောက် ကျွန်တော်တို့ကို အထောက်အပံ့ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရှိတယ်၊ နောက်ပြီး ကျွန်တော်တို့ အားနဲ့ လုပ်နိုင်တာ ရှိတယ်။ ကျွန်တော်တို့က သူများနဲ့ ပခုံးချင်းယှဉ်ချင်တယ်၊ ရင်ဘောင်တန်းချင်တယ်၊ လှေကားထစ် တူတူတက်ချင်တယ်ဆိုရင် ကျွန်တော်တို့ မျိုးဆက်သစ်တွေကို အခြေခံအုတ်မြစ်ကောင်းတွေ ချပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်၊ ကျွန်တော်တို့ရဲ့ဖန်တီးမှုဘဲ ဖြစ်တယ်” ဟု နိဂုံးချုပ်အမှာစကားတွင် ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် လူထုပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ မိမိတို့သွားနေသော ဖွံ့ဖြိုးမှုလမ်းကြောင်းတွင် မည်သည့်အခွင့်အရေးကိုမျှ အလကား လက်ဖျန့်တောင်း၍ မရရှိနိုင်သောကြောင့် အခွင့်အရေးကို ဖန်တီးလုပ်ယူရမည် ဖြစ်ကြောင်း၊ ထိုသို့ ဖန်တီးယူရာတွင်လည်း အရင်းအနှီးပေးဆပ်ရသည့် အနေအထားရှိနေကြောင်း၊ မိမိအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် အစိုးရမှ ချမှတ်ပေးထားသော တရားဥပဒေဘောင်အတွင်းမှ အခွင့်အရေးများကို တတ်နိုင်သမျှ လုပ်ဆောင် ပေးနေကြောင်း၊ ယခုလတွင်လည်း မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကို ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း ပဲပုပ်စိုက်တောင်သူများ၊ ကော်ဖီစိုက်တောင်သူများ ဈေးကွက်ရရှိအောင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းလုပ်ဆောင်နေပါကြောင်း၊  အခု ရေးဆွဲမည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု ၅နှစ် စီမံကိန်း အောင်မြင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့် ၀ိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

ဒေသဦးစီးဥက္ကဌသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(MIID)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်းရှိ လူမှုရေးအသင်းအဖွဲ့(CSO)များ ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု ၅နှစ် စီမံကိန်း ရေးဆွဲခဲ့ပြီး ပအိုဝ်းဒေသအတွက် အခြေခံအုတ်မြစ်များဖြစ်သော လမ်းတတားများ၊ ပညာရေးနှင့် ကျန်းမာရေးအတွက် အခြေခံအဆောက်အအုံများ၊ လူမှုစီးပွား အခြေခံကောင်းများ အဓိကထား လုပ်ဆောင်ခဲ့ပြီး ယခုရေးဆွဲမည့် ၅နှစ် စီမံကိန်းတွင် ပအိုဝ်းဒေသ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ထားကြောင်း  သိရသည်။

နဂါ့ခွန်
Powered by Blogger.