Wednesday, January 31, 2018

ပအိုဝ်းလူငယ်များ၏ လုပ်အားပေးသည့်ဓလေ့

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်


ရွာတစ်ရွာတွင် လူငယ်များသည် အဓိကကျပါသည်။ ရွာတွင် လုပ်ရသောအလုပ်သည်လည်း အဖိုးတန်လှသည်ကို မသိသောသူများလည်းရှိမည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ဤဆောင်းပါးသည် ကျေးလက်နေလူငယ်များ၏ သဘာဝကို ဖော်ပြပေးချင်ပါသည်။

ကျေးလက်နေလူငယ်များသည် ရွာအတွင်းရှိ ဓလေ့ထုံးစံများ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးရသူများ ဖြစ်ကြသည်။ ကျေးရွာတွင် သာရေးဖြစ်စေ၊ နာရေးဖြစ်စေ လူငယ်လူရွယ်များသည် တာဝန်ကိုယ်စီခွဲပြီး သွားရောက်လုပ်ကိုင်နေကြပါသည်။ မိမိတို့ ရပ်ရွာတွင် လူမှုရေးကိစ္စပေါ်လာလျှင် မိမိအလုပ်ကို ခဏရပ်ဆိုင်းထားပြီး သွားရောက်ဝိုင်းဝန်း ကူညီပေးကြပါသည်။ မိဘများသည်လည်း ဂရုမမူဘဲ လူငယ်တို့၏သဘာဝဖြစ်သည်ကို နားလည်ထားပါသည်။ မင်္ဂလာဧည့်ခံပွဲတွင်လည်း လူပျို/အပျိုများသည် စားသောက်ဖွယ်ရာများပြင်ဆင်ပေးခြင်း၊ ဧည့်ခံခြင်း၊ ကျွေးမွေးခြင်း၊ လိုအပ်သည့်နေရာများကို ကူညီပေးခြင်းစသည်ဖြင့် လုပ်နေရကို တွေ့ရပါသည်။

မိုးရာသီဝါတွင်းကာလ လပြည့်၊ လကွယ်နေ့ရောက်တိုင်း ဘုန်းတော်ကြီးကျောင်းဆွမ်းတော်ကပ်ရန် အတွက် အဖိတ်ညမှာ လူငယ်များသည် အိမ်တစ်အိမ်တွင်စုပြီး လူငယ်ခေါင်းဆောင်များ၏ သြဝါဒကိုခံယူကာ မနက်ဖြန်အတွက် လိုအပ်သော ခဲဖွယ်များကို ပြင်ဆင်ရင်း စကားများဖောင်ဖွဲ့ပြောဆိုကြပြီးနောက် အိုးစည်းဗုံမောင်းများကို တီးကာ ပျော်ပျော်ရွှင်ရွှင်နှင့် ကုသိုလ်လုပ်နေကြသည်ကို မြင်တွေ့ရပြန်သည်။ ကထိန်ဟုဆိုရာ၌လည်း ပဒေသာပင်များ၊ သင်္ကန်းများကို စုပေါင်းပြီး အလှူများပြုလုပ်ကြပါသည်။ မိမိတို့ရွာတွင်သာမက ပွဲရှိသောတခြားရွာများတွင် ဘုန်းတော်ကြီးကျောင်းသို့ ပဒေသာပင်နှင့် ခဲဖွယ်များကိုလည်းသွားရောက်လှည့်လည်ပြီး လှူဒါန်းမှုပြုလုပ်ရသည်ကိုလည်း လူငယ်များက လုပ်ရပြန်သည်။

နွေရာသီဟုဆိုရာတွင်လည်း ရှင်လောင်းပွဲများလည်း များပြားလာပါသည်။ ထိုအခါတွင် အလှူရှင် ဒါကာ/ ဒါယိကာမတို့သည် သူတို့အလှူအတွက် ဧည့်ခံကျွေးမွေးခြင်း၊ အစားအသောက်ခဲဖွယ်များပြင်ဆင်ခြင်း၊ ရှင်လောင်းအတွက် လိုအပ်သော အပြင်အဆင်၊ အသုံးအဆောင်များလိုအပ်သောအကူအညီများကို အကူအညီပေးနိုင်ရန်၊ အလှူအတွက် အောင်မြင်ပြီး မြောက်နိုင်ရန်အတွက် အခြားသောရွာမှ လူငယ်လူရွယ်များကို ဖိတ်ကြားထားရသည်ကို တွေ့ရပြန်သည်။ လူငယ်များသည်လည်း ကုသိုလ်ယူဖို့အတွက်သွားကြရပါသည်။
လူငယ်တို့သည် ကျေးရွာတွင် နေထိုင်ပြီဆိုလျှင် ရွာ၏ဓလေ့ထုံးစံများကို လေးစားလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ လိုက်နာဆောင်ရွက်မှုမရှိလျှင် လူငယ်ခေါင်းဆောင်မှ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် သုံးကြိမ်တိုင်တိုင် သတိပေးပြီး နားမထောင်လျှင် နောက်တစ်ကြိမ်တွင် ရပ်ရွာကိစ္စမှန်သမျှကို လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ အရေးစိုက်တော့မည် မဟုတ်ပေ။ ထို့နောက် ထိုလူတွင် အရေးကိစ္စပေါ်လာလျှင် အခြားသူများလည်း အရေးစိုက်တော့မည် မဟုတ်ပေ။ ကိုယ့်ကို ပစ်ပယ်ထားသလို ဖြစ်လာမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် လူငယ်များ အချင်းချင်းရင်းနှီးမှု ပိုရှိစေခြင်း၊ စည်းလုံးမှုပိုရှိစေခြင်း ဖြစ်သည်။ လူငယ်များသည်လည်း အရေးကိစ္စပေါ်လာလျှင် အချင်းချင်းတိုင်ပင် ဆွေးနွေးကြပြီး ပူးပေါင်းလုပ်ဆောင်နေကြရသည်။ ထို့ကြောင့် မိမိတို့စားဝတ်နေရေးအတွက် လုပ်ကိုင်ရင်း လူမှုရေး၊ ဘာသာရေး စသည့်အကျိုးကိုလည်း လုပ်ဆောင်ပေးနေသော လူငယ်များလည်း ဖြစ်ကြပါသည်။
  
နိဂုံးချုပ်အနေဖြင့် ကျေးလက်နေလူငယ်များသည် ကျေးရွာတွင် နေထိုင်ကြသော်လည်း လူမှုကွန်ယက်တွင် လူငယ်များတက်ကြွစွာ လှုပ်ရှားလာသည်ကိုလည်း မြင်တွေ့နေရပါသည်။ ယနေ့တွင် လူငယ်များသည် ရွာထဲတွင် ပရဟိတအဖွဲ့များ ဖွဲ့စည်းလာသည်ကို တွေ့ရှိရပါသည်။ ကျေးလက်နေလူငယ်တို့၏ ဘဝသည် ပျော်ရွှင်စရာကောင်းပါသည်။ သူတို့၏ အနေအထိုင်၊ အပြုအမူပုံရိပ်များသည် လေးစားဖွယ်ကောင်းပါသည်။ ကျေးလက်နေလူငယ်များသည် စုစုဝေးဝေး နေကြပြီး ပူးပေါင်းဆောင်ရွက်ကြ၍ လူ့အသိုင်းအဝိုင်းလည်း တိုးတက်လာပါသည်။ လူအများနှင့်နေရပြီး ကိုယ့်အကျိုး၊ သူတစ်ပါးအကျိုး၊ အများအကျိုးကို ပျော်ရွှင်စွာ ဆောင်ရွက်နေသည်ကို ဂုဏ်ယူစရာပင်ဖြစ်သည်။ လူငယ်ဆိုသည့်အတိုင်း တစ်နှစ်ပတ်လုံး လှုပ်ရှားရုန်းကန်နေသော ပုံရိပ်များသည် ကြည်နူးဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် ပအိုဝ်းလူငယ်တိုင်းသည် သူ့နေရာနှင့်သူ သူ့အချိန်နှင့်သူ လောကကြီးကို တနည်းနည်းနှင့် တစ်ထောင့်တစ်နေရာ အကျိုးပြုနေသည့် အနာဂတ် ခေါင်းဆောင်များဖြစ်ကြသည်ဟု ဂုဏ်ယူရေးသားတင်ပြလိုက်ရပါသည်။

ဆာ;မူ;ပေ;(စန္တာ;ခမ်း)
Powered by Blogger.