Thursday, January 18, 2018

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နောင်တရားမြို့ရှိ ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၉) ရက်













ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အတွင်းရှိ ပေါအင်၊ မွေးပြင်၊ ပင်ခင် နှင့် လွယ်မောကျေးရွာအုပ်စုတို့တွင် အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ဆောင်ရေးအဖွဲ့မှ ရှေးပြေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုတွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၈) ရက် ည (၄း၀၀) နာရီအချိန်၌ နောင်တရားမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ပြုလုပ်ကြောင်းသိရှိရပါသည်။

ပြည်သူလူထုတွေ့ဆုံပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး  ဗိုလ်ချုပ်သန်းထွဋ်က အဖွင့်အမှာစကားပြောကြားရာ အခြားဒေသနှင့် နှိုင်းယှဉ်လျှင် ပအိုဝ်းဒေသသည် ဖွံ့ဖြိုးတိုးတက်မှုအများဆုံးဖြစ်ကြောင်း၊ ဒီထက်မကဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ၀န်ကြီးဌာနအနေဖြင့်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းသည် (၆) လလုပ်ငန်းဖြစ်ပြီး ဒေသ၏ မူးယစ်အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး (၆) လနှင့်လျှော်ညီသောဘတ်ဂျက်များကို ချမှတ်ပေးထားခြင်းဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန လုပ်ပေးသည့်လုပ်ငန်းအပေါ်တွင် ဒေသခံလူထု၏အမြင်များကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ရှေ့ဆက်ဒေသ၏ လိုအပ်ချက်များကို တင်ပြ၍ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင်က ယခုလိုပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစားထိုးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ကျေးရွာအုပ်စု (၄) အုပ်စု၏ ရှေ့ပြေးစီမံကိန်းလုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဒေသ၏ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသခံများ၏ ပြည်သူလူထုနှင့် စွမ်းဆောင်ရည်သည်လည်း မြှင့်တင်းပေးရန်မှာ ၀ိုင်းဝန်းကြိုးစားကူညီဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃) မြို့နယ် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်နိုင်ရန် ရည်မှန်းပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမ၀ါယမဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တို့သည် ရှေ့ပြေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး  ဗိုလ်ချုပ်သန်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့ကြောင်သိရှိရပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင်၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဒေသခံပြည်သူလူထုများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.