Thursday, January 18, 2018

စာပေနှင့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းအပြင် မိမိရပ်ဒေသဖွံ့ဖြိုးရေးအတွက် ပူးတွဲပြီးဆောင်ရွက်လျက်ရှိကြောင်း ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုပြောကြား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၈)ရက်




၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ(၁၈)ရက်၊ ကြာသပတေးနေ့၊ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကန်းတန်ရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဦးစီးဌာနနှင့် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့(ဗဟို)တို့မှ ပူးပေါင်းဖွင့်လှစ်သော အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် ၁/၂၀၁၈နှင့် ကြက်ခြေနီသာမန်သင်တန်းဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူ၊ ရှမ်းပြည်နယ် ကြက်ခြေနီ ဒု-ပြည်နယ်မှူး၊ တပ်ဖွဲ့မှူး အောင်ကျော်မျိုးတို့မှ အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ ကျေးဇူးတင်အမှာစကားပြောကြားရာမှာ "စာပေနှင့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအပြင် မိမိရပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးတွဲပြီးဆောင်ရွက်လျက်ရှိနေကြောင်း၊ ဒါကြောင့် ဒေသဖွံ့ဖြိုးရေးအတွက်ပါ လိုအပ်တဲ့အခြေခံ၊ လိုအပ်တဲ့အဖွဲ့အစည်းတွေလိုသောကြောင့် ယခုလို ကျန်းမာရေးစောင့်ရှောက်မှု၊ ကူညီမှု၊ သဘာဝဘေးဒဏ်၊ ပဋိပက္ခတွေ ဖြစ်ပေါ်လာခဲ့ရင် အဆင်သင့်ကူညီပံ့ပိုးနိုင်ဖို့အတွက် ပြင်ဆင်မှုတစ်ခုအနေဖြင့် စတင်အုတ်မြစ်ချဖွဲ့စည်းခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်နယ်တွေကို အကူအညီတောင်းပြီး လက်တွဲဆောင်ရွက်နေပါကြောင်း"ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းကာလကို တစ်ပတ်ဖြစ်ပြီး မနက်(၈း၀၀)နာရီအချိန်တွင် ပုံမှန်စတင်မည်ဖြစ်ပြီး၊  နေ့လည် (၁၂)နာရီကနေ (၄း၀၀)ထိသင်ကြားပို့ချသွားမှာဖြစ်ကြောင်း၊ သင်တန်းကာလ ပထမပိုင်းတွင် လက်တွေ့ဘာသာရပ် သင်ကြားပို့ချမည်ဖြစ်ကာ ဒုတိယပိုင်းမှာ စာတွေ့ဘာသာရပ်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိပါသည်။

မွိုးပိုခို
Powered by Blogger.