Monday, January 15, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO) အသွင် ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၅) ရက်




တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့( PNO ) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် အတူ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးအောင်ခမ်းထီက မိမိတို့အဖွဲ့အနေဖြင့် တောတွင်းနေထိုင်၍ လက်နက်ကိုင်ခြင်းဖြင့် အကျိုးမရှိဘဲ ဘာသာရေး၊ လူမှုရေး၊ ဗဟုသုတအမြင်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစစ နောက်ကျကာ မိမိတို့ကြောင့် တိုင်းပြည်စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေနိုင်သောကြောင့် အခြားရုပ်ဝတ္ထုပစ္စည်းများကို မက်မောခြင်းမရှိ၊ အရှိတရား အမှန်တရားကို လက်ကိုင်ထား၍ ငြိမ်းချမ်းရေးရယူရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၂ ခုနှစ်တွင် ငြိမ်းချမ်းရေးရယူခဲ့ခြင်းဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးရယူခဲ့ခြင်းအပေါ် နယ်မြေခံပြည်သူလူထုကလည်း ၀မ်းပန်းတသာကြိုဆိုခဲ့ကြကြောင်း၊ ယခုအခါ လမ်းပန်းဆက်သွယ်ရေးကစ၍ ဒေသဖွံ့ဖြိုးတိုးတက်ကာ အေးချမ်းစွာနေထိုင် နိုင်ကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးအပေါ် အထင်အမြင်လွဲမှားမှုများ မရှိကြစေလိုကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိမိမိတို့ဆောင်ရွက်နေသည်မှာလည်း ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက်ပင်ဖြစ်ကြောင်း၊ ယနေ့ကာလတွင် မရပ်မနားဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် မိမိတို့ အနေဖြင့် နောက်ကျကျန်ခဲ့၍မရကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်၊ အာဆီယံဒေသတွင် လူဦးရေ သန်း ၆၀၀ ကျော်၊ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၀၀၀ ကျော်ရှိပြီး ဆက်လက်၍လည်း လူဦးရေတိုးပွားလျက်ရှိရာ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် တည်ငြိမ်အေးချမ်းမှုမရှိပါက အစစအရာရာနောက်ကျကျန်ရစ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပအိုဝ်းတိုင်းရင်းသားဦးရေ စုစုပေါင်း ၁၁ သိန်းခန့်ရှိပြီး ဆက်လက်၍လည်း တိုးတက်နေရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးကောင်းမွန်မှသာ ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ပညာသင်ကြားမှသာ အသိပညာဖွံ့ဖြိုး၍ စီးပွားရေးဆိုင်ရာ နည်းပညာများ တိုးတက်မည်ဖြစ်သောကြောင့် ကျန်းမာရေး၊ ပညာရေး တိုးတက်အောင် မြှင့်တင်ဆောင်ရွက်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း နယ်လှည့်ဆေးကုသရေး အဖွဲ့များစေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အချင်းချင်း သည်လည်း စည်းလုံးညီညွတ်ရန်လိုပြီး မိမိတို့ညီအစ်ကိုများသည်လည်း စည်းလုံးညီညွတ်ကြရန်လိုကြောင်း၊ ဒေသတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ မူးယစ်ဆေးဝါး သုံးစွဲ၊ ထုတ်လုပ်၊ ရောင်းဝယ်မှုများအား တားဆီး ကာကွယ်ရမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားကာ အုပ်ချုပ်ရေး၊ နယ်မြေလုံခြုံရေး၊ ဒေသဖွံ့ ဖြိုးရေး ဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့( PNO )အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီအား အမှတ်တရလက်ဆောင်ပေး အပ်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Credit
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(Facebook Page)

Powered by Blogger.