Thursday, February 15, 2018

(၆၉) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့မှသည် ပအိုဝ်းတစ်မျိုးသားလုံးအနာဂတ်ဆီသို့

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်



ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ်တပေါင်းလပြည့်နေ့တွင်ကျင်းပပြုလုပ်သည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၇၀၀) ကျော်၊ BC ၆၉၁၊ တပေါင်းလပြည့် စနေနေ့၊ လ၀င် နေထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန် လင်းရောယှက်သောအချိန်တွင် မင်းတစ်ပါးကိုဖွားမြင်ခဲ့သည်။ ထိုမင်းသည် လ၀င် နေထွက်အချိန်တွင် မွေးဖွားသဖြင့် “သူရိယစန္ဒာမင်း” ဟုခေါ်သည်။ သူရိယစန္ဒာမင်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးခဲ့သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏တောက်ပသောခေတ်ကာလကိုဖန်တီးပေးခဲ့သည်။ သထုံမြို့ရှိရွှေစာရံစေတီတော်ကိုတည်ခဲ့သည့် သာသနဒါယကာမင်းမြတ်ဖြစ်သည်။ ဤကျေးဇူးတရားများကိုအောက်မေ့သောအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ရောင်ကိုထွန်းပြောင်စေခဲ့သော “သူရိယစန္ဒာမင်း”၏မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို“ပအိုဝ်းအမျိုးသားနေ့”အဖြစ် ပထမအကြိမ် (PNO)ညီလာခံ(လုံးဒါ)မှ ဆုံးဖြတ်ချက်အရအတည်ပြုသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ “သူရိယစန္ဒာမင်းကြီး”၏ ကျေးဇူးတရားများကိုအောက်မေ့သောအားဖြင့် နှစ်စဉ်နှစ်တိုင်းသူရိယစန္ဒာမင်းကြီး၏ မွေးနေ့ဖြစ်သောတပေါင်းလပြည့်နေ့ကို ပအိုဝ်းတိုင်းရင်းသားတို့၏ “အမျိုးသားနေ့” အဖြစ် ကျင်းပလာခဲ့သည်မှာ (၆၈)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။

ထို့ပြင် ပအိုဝ်းတိုင်းရင်းသားတို့သည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည်လုပ်ငန်းခွင်ပြီးသည့် တပေါင်းလတွင် ကောက်ဦးတင်ပူဇော်ပွဲကိုကျင်းပကြ၏။ ကောက်ဦးတင်ပူဇော်ပွဲတွင်ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော်၊ မိအိုဖအို၊ အကြီးအကဲများကိုဆွမ်းဦးကပ်လှူကာကောက်ဦးကျွေးမွေးပွဲများကျင်းပပြုလုပ်ခဲ့သည်။ ကောက်ဦးတင်ပူဇော်ပွဲတွင်တောင်ပေါ်မြေပြန့် ရပ်နီးရပ်ဝေး ဆွေမျိုးများတစ်နှစ်တစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့ကြသည်။ ထို့ကြောင့် တပေါင်းလပြည့် (ဒဲဉ်သီးလာဗွေ)နေ့ရောက်တိုင်းရွှေစာရံဘုရားကုန်းမြေတွင် ဘုရားကိုကောက်ဦးပူဇော်ပွဲ၊ ဆွေမျိုးတွေ့ဆုံပွဲလုပ်ရာမှ “ပအိုဝ်းအမျိုးသားနေ့” ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။

အမျိုးသားရေးစိတ်ဓါတ်သည် တိုင်းပြည်နှင့်လူမျိုးကိုချစ်သောစိတ်ဓါတ်ပင်ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် “ပအိုဝ်းအမျိုးသားနေ့”ရောက်တိုင်းပအိုဝ်းလူမျိုးများနေထိုင်ရာနေရာဒေသများတွင်ရွာတိုင်း၊ အိမ်တိုင်း၌ပအိုဝ်းလူမျိုးတို့အထွတ်အမြတ်ထားသောပအိုဝ်းအမျိုးသားအလံကိုဂုဏ်ယူစွာလွင့်ထူခဲ့ကြသည်မှာလည်းကျေနပ်အားရစရာပင်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းတပေါင်းလပြည့်နေ့တွင်ကျင်းပလျက်ရှိသော“ပအိုဝ်းအမျိုးသားနေ့”ပွဲတော်ကြီးသည်ပအိုဝ်းလူမျိုးများနေထိုင်ရာပြည်တွင်းတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေသော မျိုးချစ်ပအိုဝ်းတိုင်းရင်းသားတို့၏ ဦးဆောင်မှုဖြင့်ပအိုဝ်းလူမျိုးတို့၏စည်းလုံးညီညွတ်မှု အားကောင်းခြင်းနှင့်အတူ ယနေ့ခေတ် မြန်မာနိုင်ငံသာမက ကမ္ဘာ့အလယ်မှာပါ ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ကိုဖော်ဆောင်ပေးသော“ပအိုဝ်းအမျိုးသားနေ့”ပွဲတော်ကြီးကိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့သည်မှာမျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။

ပအိုဝ်းအမျိုးသားနေ့ အခန်းအနားကိုယခင်ကရန်ကုန်တက္ကသိုလ်နယ်မြေနှင့် မန္တလေးတက္ကသိုလ်နယ်မြေတို့တွင် တက္ကသိုလ်များမှပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက နှစ်စဉ်နှစ်တိုင်းဦးစီးကျင်းပခဲ့သည်။ ယခုအခါ “ပအိုဝ်းအမျိုးသားနေ့”ကို မြန်မာနိုင်ငံအတွင်းသာမကကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ရောက်ရှိနေသော မျိုးချစ်ပအိုဝ်းတိုင်းရင်းသားတို့သည် အမျိုးသားဂုဏ်ကိုဖော်ဆောင်မြှင့်ခြင်းဖြင့်ပိုမိုကျယ်ပြန့်စွာကျင်းပလာသည်ကိုတွေ့ရသည်။ တိုင်းရင်းသားအချင်းချင်းသွေးစည်းညီညွတ်ရေး၊ ချစ်ကြည်ရင်းနှီးရေး၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးစသည့်ပိုမိုကျယ်ပြန့်သောဦးတည်ချက်များဖြင့် ကျင်းပလာကြသည်။

ယခုအခါတွင် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တောင်ကြီးမြို့နယ်၊ တောင်ကြီးမြို့၊ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားများပိုင် (ဒဲဉ်သီးဗွေ)ကွင်းတွင် နှစ်စဉ်နှစ်တိုင်းစည်ကားစွာကျင်းပပြုလုပ်လျက်ရှိသည်။ “ပအိုဝ်းအမျိုးသားနေ့” အခမ်းအနားကို (ဒဲဉ်သီးဗွေ) ကွင်းအပြင် တခြား ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာနေရာဒေသများတွင်လည်း မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးဘာသာ၊ သာသနာထိန်းသိမ်းရေး၊ အမျိုးသားယဉ်ကျေးမှုမြှင့်တင်ရေး ရည်ရွယ်ပြီး မြို့နယ်အလိုက်၊ အွိုင်း အလိုက် ကျင်းပကြသည်။ “ပအိုဝ်းအမျိုးသားနေ့” အခမ်းအနားတွင် ပအိုဝ်းအနုပညာရှင်များ၊ ပအိုဝ်းမောင်မယ်လှပျိုဖြူလေးများသည် ရိုးရာ၊ ခေတ်ပေါ် အဆိုအကများဖြင့် ဂုဏ်ပြုခြင်းအပြင် ပညာရေးကဏ္ဍတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော မျိုးဆက်သစ်လူငယ်လေးများကိုလည်း ဂုဏ်ပြုမှတ်တမ်းများဖြင့် ဂုဏ်ပြုခဲ့ကြသည်။

အမျိုးသားနေ့ဟူသည် လူတိုင်းအဖို့ ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့ မြတ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင်ခြင်းဖြစ်သည်။ အမျိုးသားနေ့ဟူသည် ဇာတိသွေးဇာတိမာန်များ၊ မျိုးချစ်စိတ်ဓါတ်များ၊ အမျိုးသားရေးစိတ်ဓါတ်များ ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်ကိုချစ်မြတ်နိုးသော စိတ်ဓါတ်များကိန်းအောင်းလာစေရေးအတွက် လှုံ့ဆော်ပေးသည့်အပြင် လူမျိုးတစ်မျိုး(သို့မဟုတ်) နိုင်ငံတစ်နိုင်ငံမှ ပြည်သူများ၏ နေ့စဉ်မိမိဘ၀ရှင်သန်ရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းတစ်ကွေ့တွင် ကြုံတွေ့ခဲ့ရသော ထူးခြားချက်များ၊အမှတ်တရဖြစ်ဖွယ်ရာများမှ သမိုင်းဝင်နေ့တစ်နေ့ကို မှည့်ခေါ်ထားဖြစ်သည်။ ထိုနေ့သည် လူမျိုးတိုင်းအတွက် ထူးခြားသော ဂုဏ်ယူထိုက်သော နေ့တစ်နေ့လည်း ဖြစ်ပေသည်။

ထို့ကြောင့် နှစ်စဉ်ကျင်းပလျက်ရှိသော ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကြီး(၆၉)ကြိမ်မြောက်မှသည် ပအိုဝ်းတိုင်းရင်းသားများ၏ ဇာတိသွေး ဇာတိမာန်များကို နှိုးဆွပေးသကဲ့သို့ မျိုးချစ်စိတ်ဓါတ်များလည်း ပြန်လည်ရှင်သန်လာကာ ခေတ်အဆက်ဆက်ခေါင်းဆောင်များ၏ ရည်းမှန်းချက်ဖြစ်သော ပအိုဝ်းတစ်မျိုးသားလုံး၏ အန္တိမရည်မှန်းချက်လည်းဖြစ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှသည် တခြားညီနောင်တိုင်းရင်းသားများနည်းတူ ပိုမိုကောင်းမွန်ပြည့်စုံသော ပအိုဝ်းအနာဂတ်ပေါ်ပေါက်လာစေရေးဆီသို့ ပအိုဝ်းတစ်မျိုးသားလုံးတွဲလက်ညီညီဖြင့်ချီတက်ကြရန် (၆၉)ကြိမ်မြောက် “ပအိုဝ်းအမျိုးသားနေ့”ကိုဂုဏ်ပြုရင်း မျိုးချစ်စိတ်အရင်းခံကာ မျိုးချစ်ပအိုဝ်းတိုင်းရင်းသားများကို တိုက်တွန်းနှိုးဆော်လိုက်ရပါစေ။

ကိုးကားချက်- ပြည်ထောင်စုထဲကပအိုဝ်း၊ ပအိုဝ်းလူမျိုးသမိုင်း။
ခြဲုင်းပေခွန်(စန္တာခမ်း)
Powered by Blogger.