Tuesday, February 20, 2018

ပအိုဝ်းနီအကြောင်း တစေ့တစောင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်










အမိမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုးရှိသည့်အနက် ပအိုဝ်းလူမျိုးလည်း တစ်မျိုးပါဝင်သည်။ ပအိုဝ်းလူမျိုးများသည် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် အနှံ့အပြားတွင် ပျံ့နှံ့စွာနေထိုင်ကြသည်။ ပအိုဝ်းလူမျိုးအများစုနေထိုင်သော မြို့နယ်များမှာ တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ နောင်တရား၊ ကျောက်တလုံးကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ လင်းခေး၊ မိုင်းပန်၊ လွိုင်ကော်၊ ထန်းတပင်၊ သထုံ၊ ဘားအံ နှင့် ဇရပ်ကြီး တို့ဖြစ်သည်။ ထိုမြို့နယ်များအနက် ပအိုဝ်းနီနေထိုင်သော မြို့နယ်များမှာ လင်းခေးခရိုင် လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်နှင့် သံလွင်မြစ်တစ်ကြောတို့ဖြစ်သည်။

တိုင်းရင်းသားတစ်မျိုးချင်းစီတွင် အသံအနေအထား၊  အဝတ်အစား၊ ကွဲလွဲမှုရှိပါသည်။ သာဓကအားဖြင့် ကချင်လူမျိုးများသည် ဂျိမ်းဖော၊ လီဆူရှမ်းလူမျိုးများလည်း ရှမ်းနီ၊ တိုင်းမောဝ်၊ တိုင်းလမ် အစရှိသဖြင့် ရှိသကဲ့သို့ ပအိုဝ်းလူမျိုးများသည်လည်း (၃၃)မျိုးရှိပါသည်။ ပအိုဝ်းတနိုး၊ ပအိုဝ်းစင်းသင်း၊ ပအိုဝ်းဝါးဖြဲ့၊ ပအိုဝ်းကွန်လုံ၊ ပအိုဝ်းခြဲုင်း၊ ပအိုဝ်းနီ(ပအိုဝ်းတနျား) စသဖြင့် ရှိပါသည်။ ပင်လုံ၊ လွိုင်လင်၊ နမ့်စန်မြို့နယ်များတွင် ပအိုဝ်းစင်းသင်းများ နေထိုင်ကြပါသည်။ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းခြဲုင်း နေထိုင်ကြသည်။ တောင်ကြီးမြို့နယ်တွင် ပအိုဝ်းကွန်လုံများ နေထိုင်ကြသည်။

ပအိုဝ်းနီလူမျိုးများသည် လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပန်တဝီးဒေသ၊ မိုင်းပန်မြို့နယ်၊ ပန်ပီး ဒေသနှင့် သံလွင်မြစ်တစ်ကြောတွင် နေထိုင်ကြသည်။ အစပထမတွင် ပန်တဝီးဒေသနှင့် ပန်ပီးဒေသတွင်သာ စုပြီးနေထိုင်ကြသည်။ စစ်ဘေးစစ်ဒဏ်ကြောင့် သံလွင်မြစ်တစ်ကြောသို့ တိမ်းရှောင်ရင်း အခြေချနေထိုင်ကြသည်။ ပန်တဝီးဒေသသည် လင်းခေးမြို့နယ် အရှေ့ဘက်တောင်တန်းပေါ်တွင် တည်ရှိပြီး၊ ပန်ပီးဒေသသည် မိုင်းပန်မြို့နယ် အရှေ့ဘက် တောင်ပေါ်တွင် တည်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွိုင်လင်-နမ့်စန်-မိုးနဲ-လင်းခေး-မိုင်းပန် လမ်းတစ်လျှောက်သွားလာနိုင်ပါသည်။ ပအိုဝ်းနီဒေသ၏ လမ်းပန်းဆက်သွယ်ရေးမှာ မြေသားလမ်းဖြစ်ပြီး၊ ပညာရေးမှာ မူလွန်သာရှိနေသေးသည်။ ကျန်းမာရေးမှာ ဒေသတစ်ခုလုံးအတွက် ဆေးပေးခန်းတစ်ခုသာရှိသည်။ ဖွံ့ဖြိုးမှုအလွန်နောက်ကျဆုံးသော နေရာဒေသဟုဆိုနိုင်ပါသည်။ အစိုးရဌာနဆိုင်ရာ၊ လွတ်တော်ကိုယ်စားလှယ်၊ အရပ်ဘက်အဖွဲ့အစည်း မရောက်ဖူးသော လူသူအရောက်အပေါက် နည်းပါးသောဒေသဖြစ်သည်။

ပအိုဝ်းနီသည် ရိုးသားပွင့်လင်းပြီး ရိုးရှင်းစွာနေထိုင်တတ်ကြသည်။ လူနေမှုဘဝမှာတောတောင် သဘာဝအလျောက် ဝတ်စားဆင်ယင်မှုမှာ မထူမပါး ဝတ်ဆင်တတ်သည်။ နေအိမ်မှာ အမိုးအဖြစ်သက်ကယ်ကိုပျှစ်၍ မိုးကြပြီး၊ အရန်အကာအဖြစ် ဝါးထရံကို အသုံးပြုကြသည်။ မြေပဲ၊ ပဲပုတ်၊ စပါးကို မိမိအိမ်သုံးအဖြစ် စိုက်ပျိုးကြပြီး၊ စီးပွားဖြစ်မှာ ပဲဇင်းငုံကိုသာ အဓိကစိုက်ပျိုးသည်။ အိမ်သုံးပစ္စည်းကိရိယာဖြစ်သော ခြင်းတောင်း၊ ပလိုင်း၊ ဖျာ အစရှိသည်တို့ကို မိမိရွာသားများ ကိုယ်တိုင်ယက်လုပ်ကြသည်။ တောင်ယာ၊ ခြံအတွက် အသုံးပြုရန် ပေါက်တူး၊ ပေါက်ပြားများကို မိမိရွာသားများကသာ ပန်းပဲ အလုပ်လုပ်ပေးကြသည်။

ပအိုဝ်းနီ၏ ဓလေ့ထုံးတမ်းများအနေဖြင့် နယုန်လတွင် ဒုံးပျံလွတ်ပွဲ(ပွယ်လူးဖဲုင်)၊ ဝါတွင်း (၃)လတွင် စာဂအလှူပွဲများ၊ သီတင်းကျွတ်လတွင် မီးထွန်းပွဲတော်များ၊ တန်ဆောင်မုန်းလတွင် ဘုံကထိန်သင်္ကန်း ကပ်လှူပွဲများ၊ တပေါင်းလတွင် ရှင်ပြုအလှူပွဲများ အစရှိသဖြင့် ကျင်းပကြသည်။ အိမ်ထောင်ပြုသော အရွယ်မှာ အမျိုးသားများအနေဖြင့် အသက်(၁၈)နှစ်မှ(၂၅)ကြား၊ အမျိုးသမီးများအနေဖြင့် အသက်(၁၇) နှစ်မှ(၂၀)ကြား သတ်မှတ်ထားရှိပါသည်။ အသက်(၂၅)နှစ်ကျော်လွန်သော ယောကျာ်လေးများသည် လူပျိုကြီးဟုသတ်မှတ်၍ အသက်(၂၀)နှစ် ကျော်လွန်သော မိန်းမပျိုများသည်လည်း အပျိုကြီးဟုသတ်မှတ်ကြသည်။ ခိုးပြေး၍ အိမ်ထောင်ပြုလျှင် အမျိုးသမီးက အိနြေ္ဒသိက္ခာကျခံပြီး ခိုးရာလိုက်ရသည့်အတွက် မင်္ဂလာဆောင်ပြီးချိန်တွင် အမျိုးသားက အမျိုးသမီး ဘက်ကိုလိုက်နေပေးရသည်။ ရိုးရိုးစေ့စပ်ကြောင်းလမ်းလျှင် နှစ်ဦးသဘောတူထားသည့်အတိုင်း မိမိစိတ်ကြိုက်သည့်ဘက် နေထိုင်နိုင်သည်။

ပအိုဝ်းနီလူမျိုးများထဲတွင် ပညာရေးအလွန်နိမ့်ကျနေသေးသည်။ (၂၀၀၉-၂၀၁၀)ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူဦးရေမှာ(၆)ဦးသာ ရှိခဲ့ဖူးပြီး ၂၀၁၇-ခုနှစ်တွင် ဘွဲ့ရသူ(၂)ဦး၊ တက္ကသိုလ်တက်နေဆဲ(၂)ဦးသာရှိသည်။ ၂၀၀၀-ခုနှစ်ကတည်းက စာသင်ကျောင်းရှိခဲ့သော်လည်း ပညာရေးကို တစ်ဝက်တစ်ပျက်ဖြင့်သာ သင်ယူနိုင်ကြသည်။ အသိပညာအားနည်းသည့်အတွက် သားသမီး ပညာရေးအတွက် အာရုံမစိုက်ကြချေ။ ရွာကျောင်းတွင်  မူလတန်းအထိသာရှိသည့်အတွက် မူလတန်းဖြင့် ကျောင်းထွက်ကြကုန်သည်။ တစ်နယ်တစ်ကျေးတွင် ပရဟိတကျောင်းများ ဖွင့်လှစ်ပေးနေသည်ကိုလည်း အသိနောက်ကျခဲ့ပါသည်။

ပအိုဝ်းနီ၏ဝတ်စားဆင်ယင်မှုမှာ  အမျိုးသမီးများအနေဖြင့် ပင်နီအသားခေါင်းပေါင်းအနက် (သို့မဟုတ်)နက်ပြာ၊ အတွင်းအင်္ကျီအဖြူ(အပြင်ပန်းသဏ္ဍန်တွင် မည်မျှပင် အရောင်ကွဲနေစေကာမူ မတူညီကွဲပြားမှုကို မိမိ၏အတွင်းစိတ်နှလုံးထဲတွင် အမြဲဖြူနေပါသည်)၊ အလယ်တစ်ထပ်ပိတ်စရောင်စုံ အစင်းဖြင့် ချုပ်ဝတ်ကြပြီး၊ အပြင်တစ်ထပ်တွင် လက်ရှည်ရင်ဖုံးကို မိမိကြိုက်နှစ်သက်ရာအရောင် ချုပ်ဝတ်ကြသည်။ လုံချည်မှာ ချည်မှင်အနီရောင်ကို မိမိကိုယ်တိုင် တခြားအရောင်နှင့် အစင်းလိုက်ရောပြီးဖော်စပ်၍ ယက်ကန်းစင်ဖြင့် ယက်လုပ်ပြီး ဝတ်ဆင်ကြသည်။ အသက်(၄၀) ကျော်အမျိုးသမီးများအနေဖြင့် ကြက်သွေးရောင်ပြောင်းပြီး ဝတ်ဆင်ကြသည်။ အသက်(၅၀) ကျော်အဘွားများအတွက် လုံချည်ကို အနက်ရောင်ဖြင့် ပြောင်းဝတ်ကြသည်။ လုံချည် ပိတ်စရောင်စုံချုပ်ဝတ်ရခြင်းမှာ လူ့စိတ်အမျိုးမျိုး လူ့စရိုက်အဖုံဖုံကို ဖော်ညွှန်းထားပြီး၊ အရောင်တောက်ပနေလျှင် လူတို့၏ စိတ်နေစိတ်ထားသည်လည်း အမြဲလန်းဆန်းနေစေမည်။ ဖိနပ်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဒေသနှင့်လိုက်လျောညီထွေစေရန် စစ်သားစီးဖိနပ်(ဘွတ်ဖိနပ်)ကို စီးကြပါသည်။ အမျိုးသားများအနေဖြင့် ဝတ်စုံကို ကန့်သတ်ထားခြင်းမရှိပေ၊ အဆင်ပြေရာသာ ဝတ်ဆင်ကြပါသည်။

ဘာသာရေးမှာ ဗုဒ္ဓဘာသာကိုးကွယ်ပြီး၊  အလုပ်အကိုင်မှာ တောင်ယာအလုပ်ဖြစ်သော နေကြာ၊ ပဲစင်းငုံ၊ ပြောင်း၊ နှမ်း စသဖြင့် စိုက်ပျိုးကြသည်။ အိမ်မွေးတိရစ္ဆာန်မှာ ကြက်၊ ဝက်၊ နွား၊ မြင်း တို့ဖြစ်သည်။ ဈေးသုံးရာနေရာမှာ လင်းခေးဈေးနှင့် မိုင်းပန်ဈေးတို့တွင် သွားရောက်သုံးကြရသည်။ စီးပွားဖြစ် ထိုင်းနိုင်ငံကို အများဆုံးသွားရောက် လုပ်ကိုင်ကြသည်။ ဘာသာစကားမှာ ပအိုဝ်းနှင့်ရှမ်းဘာသာဖြင့် ပြောဆိုသုံးနှုန်းကြသည်။ စာပေမှာ ရှမ်းစာပေကို အသုံးများကြသည်။ ပအိုဝ်းစာပေဘာသာရပ်ကို သင်ကြားပေးမည့်သူမရှိသည့်အတွက် “တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုသကဲ့သို့ ကျေးရွာ၏ စည်းမျဉ်းစည်းကမ်း၊ ရွာအဝင်ဆိုင်းဘုတ်၊ တစ်ရွာနှင့်တစ်ရွာ စာပေးစာယူ ကိစ္စရပ်များကို ရှမ်းစာပေသာသုံးကြသည်။ ဘုရားရှိခိုးဦးချသည်ကိုပင် ပအိုဝ်း သြကာသ မရွတ်ဆိုတတ်သဖြင့် ရှမ်းလိုသာရွတ် ကြတော့သည်။

ပန်တဝီးဒေသတွင် ကျေးရွာပေါင်း(၁၃)ရွာရှိသည့်အနက် (၃)ရွာတွင် ပအိုဝ်းလူမျိုးစစ်စစ် ဖြစ်ပါလျက် ပအိုဝ်းစကားလုံးဝ မပြောတတ်တော့ချေ။ ပအိုဝ်းနီဝတ်စုံကိုပင် လက်ရှိအချိန်ထိ မိရိုးဖလာအတိုင်း ဆက်လက်ထိန်းသိမ်း ဝတ်ဆင်နေကြပါသည်။ ပန်တဝီးဒေသတွင် နေထိုင်သော အချို့ရွာသားများသည် စကားပြောတတ်စ အသက်အရွယ်ရလာတဲ့အချိန် လူတောတိုးနိုင်ရန်အတွက်ဟုဆိုပြီး ကလေးအရွယ်ကို ရှမ်းစကားဖြင့်သာ တတ်ကျွမ်းအောင်ဦးဆုံး သင်ပေးကြသည်။ ထို့ကြောင့် တချို့ကလေးများသည် အသက်အရွယ်ရောက်သောအခါ ပအိုဝ်းစကားမပြောတတ်တော့ပေ။ ပအိုဝ်းစကား ပြောတတ်သောသူများမှာလည်း ရှမ်းအသံဝဲဖြင့်သာ ပြောတတ်ကြတော့သည်။

ပအိုဝ်းနီနှင့် ပအိုဝ်းကွန်လုံ စကားပြောအသံများ အများအပြားကွာခြားနေသည်ကို တွေ့မြင်နိုင်ပါသည်။
မြန်မာ ပအိုဝ်းကွန်လုံ ပအိုဝ်းနီ
၁။ စားချင်တယ် မဲဉ်အံး ကဉ်အံး
၂။ မတတ်ဘူး ဒါးတောဝ်း    မော်တောဝ်း
၃။ ကျိန်ရဲတယ် ခံးဗွိုန်းဒျား        ခမ့်ကဥ့်ဗွိုန်းဒျား
၎။ မကြိုက်ဘူး(အစားဘက်) စွယ်တောဝ်း    မက်တောဝ်း
၅။ ရှောင်ရမယ် ရှောင်းဗား    ကံဗား
၆။ ဆိုင်ကယ်တစ်စီး ဆဲုင်ကယ်တဆွိုင်    လွုတ်တလမ်
၇။ ဆိုင်ကယ်မောင်း ဝါးဆဲုင်ကယ်    ခပ်လွုတ်
၈။ ကလေးနို့တိုက်တယ် အွဉ်းနဲဉ်းပို             အွဉ်းအုပို
၉။ စားပြီးပြီလား အံးထွူလဲဉ်းနဲ့     အံးယောဝ်းလဲဉ်းနဲ့
၁၀။ ရွာအကြီးအကဲ ဒုံအတန်အကယ်း     ပူဟိန်ဒုံ
၁၁။ တဲ     သွုမ်း     တဒဲုင်
၁၂။ ဆေး      တသီး     ကြဲုင်း
၁၃။ လက်လံ၊ လက်ဖျားခါတယ်    ပြန်းငါး     လပ်ငါး
၁၄။ ငရုပ်သီးစပ်တယ်    ခဲဉ်းဟတ်     ခဲဉ်းဟစ်
၁၅။ ယောက္ခမ၊ ယောက္ခထီး ဖီဖူ     မွိုးခိန်၊ဖါခိန်
၁၆။ အဘိုး၊ အဘွား မွိုးဖြား၊ ဖါဖြား     မွိုးလုံ၊ ပေါ့လုံ
၁၇။ ဦးလေး၊ အဒေါ် မွိုးနင်၊ ဖါနင်     နင်ထွက်၊ မွိုးနင်
၁၈။ ငှက်ပျော်ထုပ် ထထီးလွမ်     ခေါဝ်းတွုမ်းကွေး
၁၉။ ပွဲလမ်းသဘင် ပွယ်ပင်     ပွယ်လမ်
၂၀။ ရဲတယ် ရဲုင်းငါး     တတဲဉ်ငါး
စသဖြင့် အသံနေအသံထားကို ရှမ်းစကားဖြင့် သိသိသာသာ ဝဲသွားသည်ကို လေ့လာတွေ့ရှိရပါသည်။

ပညာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး အစစအရာရာ နောက်ကျဆုံးဒေသဖြစ်သော ပအိုဝ်းနီဒေသကို အလည်တခေါက် အရောက်လှမ်းခဲ့ပါရန် ဖိတ်မန္တကပြုရင်း ပအိုဝ်းနီအကြောင်း တစေ့တစောင်းကို ရေးသားတင်ပြလိုက်ပါသည်။

နန်းခမ်းညာ(ကောင်တန်ပန်တဝီးဒေသ)
Powered by Blogger.