တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်
အဖွဲ့အစည်းဟူသည် နှစ်ဦး(သို့မဟုတ်)နှစ်ဦးထက်ပို၍ ဖွဲ့စည်းထားသောအဖွဲ့ကို အဖွဲ့အစည်းဟု ခေါ်သည်။ အဖွဲ့အစည်း ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်သည် အဖွဲ့အစည်းတစ်ရပ်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ အရေးပါမှုများ၊ လုပ်ငန်းလည်ပတ်မှုများ၊ တန်ဖိုးထားမှုများကို နားလည်သဘောပေါက်စေရန်၊ လုပ်ငန်းတစ်ခုကို အဆင်ပြေချောမွေ့စွာ အောင်မြင်နိုင်စေရန်၊ လိုချင်သောပန်းတိုင်ကို ရောက်ရှိနိုင်စေရန် ဖွဲ့စည်းရခြင်းဖြစ်သည်။ အဖွဲ့အစည်းလုပ်ဆောင်သောလုပ်ငန်းများသည် စုပေါင်း၍လုပ်ဆောာင်ရသောကြောင့် တူညီသော ရည်မှန်းချက်ပန်းတိုင်ရှိမှသာလျှင် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းများလျှင်မြန်စွာ ပြီးမြောက်နိုင်ပါသည်။
အဖွဲ့အစည်းတိုင်းတွင် အဖွဲ့၏လုပ်ဆောင်မှုများ၊ မူဝါဒ၊ ဦးတည်ချက်များရှိကြသည်။ အဖွဲ့ခေါင်းဆောင်မှအောက်ခြေသို့ (ဥပမာ- နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များ စသည်ဖြင့်) အဆင့်ဆင့်ဖွဲ့စည်းထားသည်။
“ပူးပေါင်းလုပ်ဆောင်မှုဖြင့် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်သည်”ဟူသည့် စကားအတိုင်း ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် နိုင်ငံရေး၊ လူမှုရေး၊ စာပေနှင့် ယဉ်ကျေးမှု စသည်တို့တွင် အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ကာ စည်းလုံးမှုအားကောင်းကောင်းဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့မှုများကြောင့် အောင်မြင်မှုများစွာရရှိခဲ့သည့် သာဓကများစွာ ရှိပါသည်။ ထို့အတူ ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် နိုင်ငံရေးအခန်းကဏ္ဍလှုပ်ရှားမှုတွင် သမိုင်းတစ်လျှောက်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းများကို အကျဉ်းချုပ် ရေးသားတင်ပြလိုပါသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့အနေဖြင့် အဖွဲ့အစည်းတည်ထောင်သည်မှာ မြန်မာနိုင်ငံသည် အရင်းရှင်စနစ်ဖြင့် အုပ်ချုပ်မှုစနစ်လွတ်မြောက်ပြီးနောက် ပဒေသရာဇ်အုပ်ချုပ်မှုစနစ်ပေါ်ထွက်လာခဲ့သည်။ ပဒေသရာဇ်စနစ်ရှင် အုပ်ချုပ်သူများဖြစ်သည့် ဇော်ဘွားတို့သည် ၁၉၁၀-ခုနှစ်မတိုင်ခင်ကာလတွင် သီးနှံခွန် ကို(၁၀)ခိုင်လျှင်(၃)ခိုင် ကောက်ခံရာမှ နောက်ပိုင်းတွင် (၁၀)ခိုင်လျှင်(၇)ခိုင်အထိတိုး၍ ပြည်သူထံ မတရား ကောက်ခံလာသဖြင့် ၁၉၂၉-ခုနှစ်တွင် ဖြားတန်ကောင်ခယ် ဦးဆောင်ပြီး ပထမပဒေသရာဇ်စနစ်တော်လှန်ရေးကို စတင်ခဲ့သည်။ မတရားသောအခွန်ကို အခြေခံပြီးတော်လှန်ခဲ့သောကြောင့် “မတရားသော အခွန်တော်လှန်ရေး” ဟု ဖွဲ့စည်းခေါ်ဝေါ်ကြသည်။
ထို့နောက် ပဒေသရာဇ်ရှင်ဇော်ဘွားများက ပြည်သူတို့၏ နေအိမ်များနှင့်ရွာများတို့ကိုမီးရှို့ခြင်း၊ ပစ္စည်းဥစ္စာများကို လုယူခြင်း၊ အတင်းအဓ္ဓမပြုကျင့်ခြင်း စသည်ဖြင့် ရက်စက်ယုတ်မာသော အပြုအမူများကြောင့် မခံမရပ်နိုင်သည့် ပအိုဝ်းရဟန်းသံဃာတော်များနှင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ၁၉၄၆-ခုနှစ် တွင် သံဃာတော်သြဝါဒခံယူပြီး မတရားသောအခွန်တော်လှန်ရေးမှ တစ်ဆင့်တိုးကာ “ငါးပါးသီအဖွဲ့”ကို ဖွဲ့စည်းခဲ့သည်။ ၎င်းအချိန်ကာလတွင် အောက်မြန်မာပြည်မှ ပအိုဝ်းတိုင်းရင်းသားဒေသတွင်လည်း သုဝဏ္ဏတိုင်းအတွင်း မြို့နယ်များ၊ ရပ်ရွာများအတွင်းရှိ ပအိုဝ်းလူမျိုးများကို စုစည်းပြီး သထုံမြို့၊ ညောင်ဝိုင်းကျေးရွာတွင် ဖြားဗွာလှဖေ ဦးဆောင်သော “ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ်”ကို ၁၉၄၆-ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ပအိုဝ်းတစ်မျိုးသားလုံး နိုးကြားတက်ကြွစည်းလုံးသောအခါ ၁၉၄၆- ခုနှစ်တွင် ဥက္ကဋ္ဌ ဦးဘိုးခင်၊ အတွင်းရေးမှူး ဦးခမ်းခိုင်နှင့် အမှုဆောင်များပါဝင်သော “ပအိုဝ်းစုစည်းအဖွဲ့” (ပအိုဝ်;လွောင်;ဗူ;)ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ရုံးခန်းကို ဥက္ကဋ္ဌ-ဦးဘိုးခင်၏ နေအိမ်တွင် “ပအိုဝ်;လွောင်;ဗူ;” ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် ငါးပါးသီလအဖွဲ့မှ တစ်ဆင့်တိုးပြီး “ဒုစရိုက်ပပျောက်ရေး”အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဖြားတန်ကောင်ခယ်၊ ဗိုလ်ဟိန်မောင်နှင့် မေးတွိုင်းဖိုးခင် စသည့်ခေါင်းဆောင်များက သံဃာတော်သြဝါဒခံယူပြီး ပအိုဝ်းတောင်သူအမျိုးအသားအဖွဲ့ချုပ်နှင့် ဒုစရိုက်ပပျောက်ရေးအဖွဲ့တို့ပူးပေါင်းကာ “ပအိုဝ်;လွောင်;ဗူ;” အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။
ပဒေသရာဇ်များက ပြည်သူလူထုများ၏ မျက်စိ၊ နားများကို ပိတ်ပင်သည်သာမက အမျိုးမျိုးနှိပ်စက်အနိုင်ကျင့်သောကြောင့် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ဖြားတန်ကောင်ခယ်၊ ဖြားတန်ကျောင်ဗုတ်၊ ဖြားတန်ကောင်ပြဲုင်၊ ဖြားတန်နားဆီးဆောက်၊ ဖြားတန်နမ်းသြ၊ ဖြားတန်ကျောင်ဝါရ၊ ဖြားတန်ဆိုင်းလဲင်တို့အပြင် သထုံဦးလှဖေ၊ ဟိန်ရှန်ငွေ၊ ဗိုလ်ဟိန်မောင်၊ ဗိုလ်ချန်ဇုံ တို့ဦးဆောင်ပြီး “ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပအလဖ)”ကို ဖွဲ့စည်းကာ ဒုတိယအကြိမ် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးကို တခဲနက် ဆင်နွဲခဲ့ကြပြန်သည်။ ၁၉၅၀-ခုနှစ်၊ ဇူလိုင်လတွင် ဝန်ကြီးချုပ်ဦးနု၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ “ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပအလဖ)”ခေါင်းဆောင် ဗိုလ်ချန်ဇုံနှင့် ဗိုလ်ဟိန်မောင် ဦးဆောင်၍ နိုင်ငံတော်အစိုးရထံ ပထမအကြိမ် လက်နက်အပ်ပြီး ငြိမ်းချမ်းရေးယူခဲ့သည်။
ထို့နောက် ၁၉၅၀-နှစ်၊ သြဂုတ်လ(၂)ရက်နေ့တွင် “ပအိုဝ်;လွောင်;ဗူ;”အဖွဲ့မှ “ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)”အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် ဖြားတန်နမ်းသြ၊ ဥက္ကဋ္ဌအဖြစ် ဦးဟိန်မောင်၊ အတွင်းရေးမှူးအဖြစ် ဦးဖေရှင်နှင့် အမှုဆောင်အဖွဲ့(၁၃)ဦး ဖြင့်ရွေးချယ် ဖွဲ့စည်းခဲ့သည်။ “ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပအမဖ)”၏ ဆိုင်းဘုတ်နှင့်ရုံးခန်းကို ကျောင်းကြီးစုရပ်ကွက် ယခင် ညွန့်မြန်မာထမင်းဆိုင်တွင် ဖွင့်လှစ်ခဲ့သည်။
၁၉၅၄ ခုနှစ်၊ ဇွန်လတွင် မြို့ပေါ်နေ“ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)” အမှုဆောင်များဖြင့် “ပအိုဝ်းအမျိုးသားအစည်းအရုံး(ပအမစ)”ကို သီးခြားဖွဲ့စည်းရန် တည်မြဲ(ဖဆပလ)က အင်အားသုံးပြီး ဖွဲ့စည်းစေခဲ့သည်။
၁၉၆၂ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုကြောင့် နိုင်ငံရေးပါတီ အားလုံးကို ဖျက်သိမ်းခဲ့ရာ “ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)” အဖွဲ့သည်လည်း ဖျက်သိမ်းခံခဲ့ရသည်။
၁၉၅၉-ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့တွင် အာဏာစွန့်လွတ်ခဲ့သော ပဒေသရာဇ်ရှင်များက ပအိုဝ်းလူမျိုးများလက်နက်နှင့် လူအင်အားများစုဆောင်းပြီး နိုင်ငံတော်အား ပုန်ကန်တော်လှန်တော့မည်ဟု နိုင်ငံတော်အစိုးရထံ လိမ်လည်ကာသတင်းပို့ခဲ့မှုကြောင့် ၁၉၆၆-ခုနှစ်၊ နိုဝင်ဘာလတွင် တောင်ကြီးမြို့ရှိ စားမြိန်ရိပ်သာ၌ ပအိုဝ်းအမျိုးသားခေါင်းဆောင်များအား အစည်းအဝေးခေါ်ယူကာ ဖမ်းဆီးခဲ့သည်။ အစည်းအဝေးသို့ အခြေအနေအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့သော ဗိုလ်ချုပ်စံသိန်းက ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလတွင် လူအင်အား(၈၀)ဖြင့် “ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပအလဖ)”ကို ပြန်လည် ဦးဆောင်ဖွဲ့စည်းခဲ့သည်။
“ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပအလဖ)”သည် ပအိုဝ်းလူမျိုးတစ်မျိုးတည်းကိုသာ ကိုယ်စားပြုသည့်သဘောဖြစ်နေသောကြောင့် ၁၉၆၇-ခုနှစ်၊ ဒီဇင်ဘာလတွင် “ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(ပအလဖ)”မှ “ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွှတ်မြောက်ရေးအဖွဲ့(ရလလဖ)”ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။
“ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွှတ်မြောက်ရေးအဖွဲ့(ရလလဖ)”လက်ဝဲယိမ်းခေါင်းဆောင်များအား အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး လုပ်ကြံသတ်ဖြတ်ရန်ဆွေးနွေးနေကြသည်ကို ရိပ်မိသော နိုင်ငံရေးမှူး ဦးအောင်ခမ်းထီက အကျယ်ချုပ်ခံ ပအိုဝ်းခေါင်းဆောင်များအား ကယ်တင်ကာ ပွန်ချောင်းအနောက်ဘက်သို့ ကူးလာခဲ့ကြသည်။ ခေါင်းဆောင်များ အခြေအနေရှုပ်ထွေးနေချိန်တွင် “ရှမ်းပြည်နယ်လူမျိုးပေါင်းစုံလွှတ်မြောက်ရေးအဖွဲ့(ရလလဖ)”အတွင်းမှာကား ဖြုတ်၊ ထုတ်၊ သတ် လုပ်ငန်းကြီး စတင်လာပါတော့သည်။ ၎င်း ဖြုတ်၊ ထုတ်၊ သတ် စနစ်ကြောင့် ၁၉၇၃-ခုနှစ်တွင် ရလလဖ(အနီ)နှင့် ၇လလဖ(အဖြူ)ဟူ၍ “ရှမ်းပြည်နယ်လူမျိုးပေါင်းစုံလွှတ်မြောက်ရေးအဖွဲ့(ရလလဖ)” အဖွဲ့ နှစ်ဖွဲ့ကွဲခဲ့သည်။
၁၉၇၆ ခုနှစ် လုံးဒါညီလာခံတွင် “ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွှတ်မြောက်ရေးအဖွဲ့(ရလလဖ)” သဘာပတိအဖွဲ့မှ “ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)”ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် “ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)” အဖွဲ့သည် မှတ်ပုံတင်အမှတ်(၈၅)ဖြင့် ပြန်လည်မှတ်ပုံတင်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင်၊ အောင်ပန်း၊ ကလော၊ ညောင်ရွှေ၊ ရပ်စောက်၊ ထန်းတပင်၊ ဒိုက်ဦး၊ ဘီးလင်း၊ သထုံ၊ ဘာအံနှင့် ကော့ကရိတ် မြို့နယ်များတို့တွင် “ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)” ဖွဲ့စည်းနိုင်ခဲ့သည်။
၂၀၁၀ ခုနှစ်၊ မတ်လ(၂၄/၂၅)ရက်နေ့တွင် ကျင်းပသော ပဉ္စမအကြိမ်မြောက်ညီလာခံ၌ တက်ရောက်လာသည့် ညီလာခံကိုယ်စားလှယ်များတို့၏ သဘောတူညီမှုဖြင့် “ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(ပအမဖ)”မှ “ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)”အဖြစ် ပြောင်းလဲသတ်မှတ်ဖွဲ့စည်းခဲ့ပြီး ပါတီမှတ်ပုံတင်အမှတ်(၅)ဖြင့် မှတ်ပုံတင်နိုင်ခဲ့သည်။
ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် နိုင်ငံရေးလမ်းကြောင်းသမိုင်းတစ်လျှောက်တွင် အဖွဲ့အစည်းတည်ထောင်ပြီး စည်းလုံးမှုဖြင့် ပူးပေါင်းလုပ်ဆောင်မှုတို့ကြောင့် ယနေ့သည် အောင်မြင်မှုပန်းတိုင်သို့ အတန်အသင့်ရောက်ရှိနေပြီဖြစ်ပြီး အကျိုးရလာဒ်ကောင်းများ ခံစားကြရသည်မှာ သူသူငါငါ အသိပင်ဖြစ်သည်။ “ပူးပေါင်းလုပ်ဆောင်မှုအားဖြင့် ပန်းတိုင်ကိုအရောက်လှမ်းနိုင်သည်”မှာ စည်းလုံးမှုရှိခြင်းကို အဓိပ္ပါယ်ဆောင်သည်၊ ညီညွတ်စည်းလုံးမှုပျက်ပြားလျှင် “နွားကွဲလျှင်ကျားဆွဲမည်” ဆိုသည့်အတိုင်း အမျိုးသားရေးအဖွဲ့အစည်းမပြိုကွဲရန်မှာ “အဖွဲ့အစည်းသည် ကျွန်ုပ်အတွက်မဟုတ် ကျွန်ုပ်သည် အဖွဲ့အစည်းအတွက် ဖြစ်ရမည်”ဟူသည့် ဝေါဟာရအတိုင်း အဖွဲ့အစည်းအပေါ်သစ္စာရှိပြီး အမျိုးသားရေးလုပ်ငန်းတို့တွင် ပူးပေါင်းလုပ်ဆောင်မှုအားကောင်းစေလိုသောဆန္ဒနှင့် ပအိုဝ်းတိုင်းရင်းလူမျိုးများသည် မိမိတို့၏ အဖွဲ့အစည်းများအကြောင်းကို သိရှိစေလိုသောဆန္ဒဖြင့် ပြည်ထောင်စုထဲကပအိုဝ်းမှ သမိုင်းတစ်လျှောက် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ အဖွဲ့အစည်းတည်ထောင်ခဲ့မှုကို သိရှိစေရန် ရည်ရွယ်၍ ကောက်နုတ်ရေးသားလိုက်ရပါသည်။
ခွန်ကတောင်လေ
(ခမ်းစန္တာ;ဟေ့,)
Like On Facebook
Follow On Twitter
Subscribe On RSS