Wednesday, February 28, 2018

ကျောက်တလုံးကြီးမြို့နယ်၊ သမိုင်းဝင်ရှေးဟောင်း မွေတော်ကက္ကူဘုရားရှိ နရပတိစည်သူမင်း တည်ထားကိုးကွယ်ခဲ့သောဖေါင်တော်ဆိုက်စေတီနှင့် ဇမ္ဗူပတိမင်း ရုပ်စုံစေတီတော်တို့အား ထီးတော်တင်အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်












၂၀၁၈-ခုနှစ်၊ ဖေဖေါ်ဝါရီ(၂၈)ရက်၊ မနက် (၈း၃၀)ချိန်တွင် ကျောက်တလုံးကြီးမြို့နယ်၊ သမိုင်းဝင် ရှေးဟောင်း မွေတော်ကက္ကူဘုရားရှိ နရပတိစည်သူမင်း တည်ထားကိုးကွယ်ခဲ့သောဖေါင်တော်ဆိုက်စေတီနှင့် ဇမ္ဗူပတိမင်း ရုပ်စုံစေတီတော်တို့အား ထီးတော်တင်အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီမှ နတ်ဗြဟ္မာများအား ဖိတ်ကြားကာ ပရိတ်သဲ ပရိတ်ချည် ပရိတ်ပန်း ပရိတ်ရေများကို သံဃာတော်များအား ဆက်ကပ်ခြင်း၊ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းက အေးစေတီ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံ သရဏဂုဏ်သုံးပါးနှင့်တကွ ငါးပါးသီလခံယူခြင်း၊ သံဃာတော်များက ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ပေးခြင်း၊ ဖေါင်တော်ဆိုက်စေတီ စိန်ဖူးတော်နှင့် ရုပ်စုံစေတီ စိန်ဖူးတော်များ၊ ငှက်မြတ်နားတော်များ၊ ထီးတော်များအား ဆက်ကပ်ခြင်း၊ ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များ ကပ်လှူခြင်းကို ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တပ်ဦးဥတ္တရာရုံကျောင်းဆရာတော်ထံ ရေစက်သွန်းချ အမျှပေးဝေခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် စိန်ဖူးတော်နှင့်ထီးတော်များ ပင့်ဆောင်လှည့်လည်ခြင်းကို ပြုလုပ်ပြီး ထီးတော်များကို တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ထီးတော်တင်ပွဲတော်သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (ငြိမ်း) ဦးခင်အောင်မြင့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေးနှင့် ၀န်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်း အသီးသီးများနှင့် ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.