တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်
ကျွန်ုပ်တို့သည် လူဖြစ်လာပြီဆိုလျှင် အသက်ရှင်နေထိုင်ရန်အတွက် အလုပ်လုပ်ရာတွင် ရည်မှန်းချက်ပန်းတိုင်သည် လူတိုင်းတွင်ရှိသင့်ရှိထိုက်သောအရာတစ်ခုပင် ဖြစ်သည်။ ဘဝတွင် မည်သည့်အလုပ်မဆို လုပ်ကိုင်ပါက ရည်မှန်းချက်ပန်းတိုင်ထားမှသာ အောင်မြင်နိုင်သည်။ အကယ်၍ ဘဝတွင် ရည်မှန်းချက် မရှိ၊ ပန်းတိုင်မရှိ၊ ယုံကြည်မှုတစ်စုံတစ်ရာမရှိသည့်အခါ ဘဝတစ်ခုလုံးသည် အဓိပ္ပာယ်ကင်းမဲ့သလို ဖြစ်သွားပါလိမ့်မည်။ ဘဝ၌ရည်မှန်းချက်ကင်းမဲ့သောအခါ အကောင်းကြုံတိုင်း အကောင်းမမြင်နိုင်၊ ဝမ်းသာအား တက်ခြင်းမဖြစ်နိုင်သော်လည်း အဆိုးကြုံသည့်အခါ၌လည်း အားငယ်ခြင်း၊ စိတ်ပျက်ခြင်း ဖြစ်ရပေလိမ့်မည်။ ရည်မှန်းချက်ကင်းမဲ့သောဘဝသည် အသုံးမကျသောသတ္တဝါတစ်ခု၏ ဘဝမျိုးဖြစ်သည်။ ထို့ကြောင့် ရည်မှန်းချက်ပန်းတိုင်သည် လူတစ်ယောက်၏ဘဝ၌ စိတ်ချမ်းသာမှုရှိမရှိကို အဆုံးအဖြတ် ပြုစေမည့် အဓိကအကြောင်းအရင်းဖြစ်သကဲ့သို့ ဘဝကိုအဓိပ္ပာယ်ပြည့်ဝစေမည့် တစ်ခုတည်းသောအရာလည်း ဖြစ်သည်။ မိမိတို့ရည်မှန်းချက်ပန်းတိုင်ရောက်ချင်ပါက မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ ကြိုးစား အားထုတ် နိုင်ခြင်း၊ မိမိကိုယ်ကိုမှန်ကန်စွာ လုပ်ဆောင်ခြင်း၊ ပျင်းရိမှုမရှိခြင်း၊ မိမိကိုယ်ကိုအားကိုးခြင်း၊ ရေရှည် တွေးခေါ်တတ်ခြင်း၊ အပြောင်းအလဲကို ရင်ဆိုင်တတ်ခြင်း၊ မိမိကိုယ်ကို မြှင့်တင်ခြင်း၊ အချိန်ကိုစိစစ်တတ်ခြင်း စသည့်အရာများကို စွန့်စားနိုင်ရမည်။ သို့မှသာ ကျွန်ုပ်တို့ရချင်သည့် ဘဝအောင်မြင်မှု ရည်မှန်းချက်ပန်းတိုင်ကို ဆွတ်ခူးနိုင်မည် အမှန်ပင်ဖြစ်သည်။
ထို့ကြောင့် ဘဝ၏ရည်မှန်းချက်ပန်းတိုင်ထားရှိခြင်းသည် အလုပ်လုပ်ကိုင်ခြင်းနှင့် မှီငြမ်းနေပါသည်။ မည်သူမဆို လူတို့သည် လောက၌ အသက်ရှင်ရပ်တည်နေစဉ်အတွင်း အလုပ်ကောင်း၊ လခကောင်းကိုသာ လုပ်ကိုင်ချင်ကြသည်။ သို့သော် လုပ်ငန်းဆိုင်ရာတွင် ကျွမ်းကျင်မှုမြင့်မားစေရန်အတွက် အားထုတ်ကြိုးစားမှုမရှိသောသူတို့သည် ကြိုးစားအားထုတ်လုပ်ကိုင်နေသူများ ရရှိခံစားနေရသော လခမျိုးမရသောကြောင့် စိတ်ပျက်အားငယ်မှုများ၊ စိတ်ဓာတ်ကျမှုများ၊ ဒေါသထွက်မှုများ ဖြစ်လာကြရသည်။ ၎င်းလူမျိုးတို့သည် အချိန်ကာလကြာလာသည်နှင့်အမျှ အလကားရယူလိုစိတ်များရှိလာပြီးလုပ်ငန်းတွင် ပြဿနာရှိတတ်လာကြသည်။
လုပ်ငန်းလုပ်ကိုင်ခြင်းသည် မိမိအတွက်သာမက၊ မိမိအဖွဲ့အစည်းအပါအဝင် ပတ်ဝန်းကျင်ရှိ လူအားလုံးကောင်းကျိုးဖြစ်အောင် လုပ်ဆောင်တတ်ရမည်။ အလုပ်လုပ်သူနှင့် ပတ်သက်၍ အများဆုံးဖြစ်တတ်သည့် ပြဿနာမှာ တနင်္လာနေ့၊ နံနက်စောစောအိပ်ရာထပြီး အလုပ်သွားရန်အတွက် မပြင်ဆင်ချင်ကြပေ။ ထိုပြဿနာဖြစ်ရသည့် အခြေအနေကိုလေ့လာပါက လူအများစုသည် ပျင်းရိနေကြသည်ဟု ပေါ်လွင်နေပါသည်။ ပျင်းရိတတ်သူများသည် ၎င်းတို့အလိုရှိရာရဖို့အတွက်ကလွှဲ၍ ကိုယ့်အသိစိတ်နှင့် ကိုယ့်အလုပ်ကြိုးစာချင်သည့် စိတ်ဓာတ်မရှိကြပေ။ အလုပ်လုပ်သူတစ်ယောက်အနေနှင့် အလုပ်အကျိုးအမြတ်ရရှိအောင် စေတနာရှိရှိနှင့် အလုပ်လုပ်ပေးခြင်း၊ အလုပ်ခွင်အတွင်း စိန်ခေါ်မှုများနှင့် ကြုံတွေ့ရခြင်းသည် မိမိအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း သဘာဝကျလှပေသည်။ ထို့ကြောင့် မည်သည့်လုပ်ငန်းခွင်မဆို မိမိလုပ်သမျှအပေါ် (သို့) မိမိက ခေါင်းဆောင်တစ်ဦးအနေနှင့် တာဝန်ယူပါက တာဝန်ခံရမှုအပေါ်ကို ကျေကျေနပ်နပ်နှင့် လက်ခံကြိုဆိုတတ်ရပါမည်။
သို့သော် လူ၏သဘာဝသည် အလုပ်လုပ်ရာတွင် အခက်အခဲကိုရင်ဆိုင်ပြီး ရုန်းကန်လှုပ်ရှားမည့်အစား သက်သာသော၊ လွယ်ကူသောအလုပ်ကိုသာ လုပ်ကိုင်ချင်ကြသည်။ လွယ်ကူသည့်အလုပ်ကိုသာ အမြဲလုပ်လျှင်ကွေ့ကောက်သည့် မြစ်ကဲ့သို့ ဖြစ်သွားလိမ့်မည်။ မြစ်ရေသည် အဘယ့်ကြောင့် တစ်ဖြောင့်တည်းမဖြစ်ပဲ ကွေ့ကောက်နေရပါပေနည်း? မြစ်ရေသည် မြင့်ရာမှနိမ့်ရာသို့ စပြီးစီးဆင်း၍ကျောက်တောင်၊ ကျောက်သားမြေကို ဖောက်ထွင်းမကျော်လွှားနိုင်ပဲ မြေသားပျော့ရှိသည့် နေရာမှာပင် တိုက်စားစီးဆင်းသွား သောကြောင့် မြစ်ရေသည် ကွေ့ကောက်စီးဆင်းကြသည်။ လူတို့သည်လည်း ခက်ခဲသည့် အလုပ်ကို ရုန်းကန်ဖြေရှင်းမည့်အစား လွယ်ကူသည့်အလုပ်ကိုသာ လိုက်လုပ်ပါက ကွေ့ကောက်သည့် မြစ်ရေကဲ့သို့ အရည်အချင်းမရှိပဲ လူကွေ့လူကောက်များ ဖြစ်သွားကြလိမ့်မည်။ အခက်အခဲကို အမြဲရှောင်ရှားနေသူသည် အချိန်ကြာလာသောအခါ မည်သည့်လုပ်ငန်းတွင်မဆို သုံးစားမရသောသူပင် ဖြစ်ပါလိမ့်မည်။
ထိုနည်းတူ မိမိတို့သည်အလုပ်တစ်ခုကို ပြီးစီးအောင်မလုပ်ပဲ တစ်ဝက်တစ်ပျက်နှင့် ရပ်ဆိုင်းလိုက်ခြင်းသည် ကောင်းကျိုးမရှိသကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်သည်။ သေချာသည်မှာ ကိုယ်လုပ်နေသည့်အလုပ်ကို အပြီးမသတ်နိုင်၍ကျွန်ုပ်တို့ရောက်ချင်သည့် ရည်မှန်းချက်ပန်းတိုင်လည်း ရောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားရင်း အခက်အခဲကို ဖြေရှင်းနိုင်သည့် အတွေ့အကြုံများလည်း ရနိုင်တော့မည်မဟုတ်ပေ။ ခက်ခဲသည့်အတွေ့အကြုံများ မရ၍ အတွေ့အကြုံမရှိသူများ ဖြစ်သွားလိမ့်မည်။ အတွေ့အကြုံမရှိသူသည် နောင်တွင်လည်း အခက်အခဲနှင့်ကြုံတွေ့လာလျှင် ဖြေရှင်းတတ်တော့မည် မဟုတ်ပေ။ အလုပ်ပြီးမြောက်အောင်မြင်မှုမရှိပဲ လူအများ၏ အသိအမှတ်ပြုခံရမည့်၊ ချီးကျူးခံရမည့် အခွင့်အလမ်းများလည်း ဆုံးရှုံးသွားမည်။ ထို့အပြင် မည်သည့် အလုပ်မဆိုလုပ်ကိုင်ရာတွင်လည်း တစ်ဝက်တစ်ပျက်နှင့်ရပ်ပစ်တတ်သည့် အကျင့်များစွဲလာလိမ့်မည်။
ထို့ကြောင့် အလုပ်ကိုပြီးမြောက်အောင် လုပ်နိုင်သည့်ယုံကြည်စိတ်များ ပျောက်ပြယ်သွားတတ်သည်။ အလုပ်တစ်ခုမပြီးခင် တစ်ဝက်တစ်ပျက်ရပ်ဆိုင်းလိုက်ရသည့်အတွက်ကုန်ဆုံးသွားရသည့်၊ ရင်နှီးခဲ့ရသည့် အချိန်များ၊ ငွေများ၊ လုပ်အားများ အလဟဿ ဖြစ်သွားလိမ့်မည်။ အကယ်၍ အခြားသူများနှင့် အလုပ်တွဲလုပ်လျှင်လည်း ၎င်းသူတို့၏ အချိန်၊ လုပ်အားများကို ဖြုန်းတီးလိုက်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ မိတ်ဆွေသင်္ဂဟများလည်း ကျွန်ုပ်တို့အပေါ်ကို ယုံကြည်လေးစားမှု လျော့နည်းလာမှာအမှန်ပင်ဖြစ်သည်။ အောင်မြင်ချင်၍ ရည်မှန်းချက်ပန်းတိုင်ဆီရောက်အောင် ကြိုးစာနေသူများသည် အထက်ပါဆိုးကျိုးများကို အမြဲမပြတ်နှလုံးသွင်းရင်း အလုပ်တစ်ခုစတင်လုပ်ဆောင်ပါက ကြီးမားသည့် အခက်အခဲဒုက္ခများနှင့် မည်မျှပင်တွေ့ကြုံပါစေ ပြီးမြောက်အောင် လုပ်တတ်ကြသည်။ လမ်းတစ်ဝက်မှ လက်လျှော့အရှုံးပေး လှည့်ပြန်သွားကြမည့်သူများ မဟုတ်ပေ။
ကျွန်ုပ်တို့သည် မိမိတို့အလုပ်(သို့) မိမိတို့အိပ်မက်၊ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အကောင်အထည်ဖော်ကြိုးစားကြရင်း လမ်းတစ်ဝက်မှာ အခက်အခဲဒုက္ခများနှင့်ရင်ဆိုင်ရ၍ စိတ်ဓာတ်ကျပြီး လက်လျှော့အရှုံးပေးချင်သည့်စိတ်များ၊ မိမိကြိုးစားနေချိန်တွင် မိမိကိုဝိုင်းဟားနေကြသူများ၊ ကဲ့ရဲ့ရှုံ့ချနေသူများ၊ စိတ်ဓာတ်ကျအောင် ပြောဆိုတတ်သူများနှင့် ကြုံတွေ့ပါက စိတ်ပျက်အားလျှော့ပြီး ကြိုးစားလုပ်နေသည်ကို ရပ်ပစ်ချင်သည့်စိတ်များ မမွေးမြူမိစေရန် အထူးသတိပြုရမည်။ အကယ်၍သင်သည် နေပူကျဲကျဲအောက်မှာ ချွေးတစ်လုံးလုံးနှင့် ပင်ပန်းကြီးစွာ မြေကြီးကိုထွန်ယက်၊ မျိုးကြဲ၊ ရေလောင်း၊ ပေါင်းရှင်းနေသည်ကို ကြည့်ပြီး လူအများက အမျိုးမျိုးပြောကြလိမ့်မည်။ ကျွန်ုပ်တို့ကို သနားကြသူများ၊ ဝိုင်းဟားကဲ့ရဲ့ရှုံ့ချကြသူများ ရှိကြလိမ့်မည်။ ၎င်းတို့သည် ကျွန်ုပ်တို့ ပင်ပန်းကြီးစွာလုပ်နေသည်ကိုသာ တွေ့မြင်ပြီး ဘာအပင်စိုက်၍ ဘာအပင်ပေါက်လာသည်ကို မသိကြပေ။ လအနည်းငယ်ကြာမှသာ မြေကြီးပေါ်မှ စိုက်ပျိုးထားသည့် ပန်းပင်များပေါ်ထွက်လာပြီး ဝေဝေဆာဆာပွင့်နေသည့် ပန်းများကိုတွေ့သည့်အခါ လူတို့သည် တအံ့တသြကြီးနှင့် ချီးကျူးလာပါလိမ့်မည်။ ထို့ကြောင့် မိမိတို့ရည်မှန်းချက်ပန်းတိုင်ရောက်အောင်ကဲ့ရဲ့နေသူများ၊ စိတ်ဓာတ်ကျအောင်ပြောသူများ၊ ဝေဖန်သူများနှင့် ကြုံတွေ့ရတိုင်း ၎င်းသူတို့ကို ဂရုစိုက်မနေသင့်ပေ။ မိမိရည်မှန်းချက်ပန်းတိုင်ကိုသာ တစ်နေ့ရောက်ရမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာကိုင်စွဲထားသင့်သည်။
သို့မှသာ အလုပ်လုပ်ရာတွင် ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားနေသူများသည် ရည်မှန်းချက်ပန်းတိုင်ဆိုသည့် လမ်းတစ်လျှောက်တွင် မှောင်မိုက်နေသည့် ဥမင်လိုဏ်ခေါင်းတစ်ခုကဲ့သို့ ဥမင်လိုဏ်ခေါင်းထဲတွင် မီးအိမ်မပါပဲ လမ်းလျှောက်နေရသည်နှင့် တူပေသည်။ ဥမင်လိုဏ်ခေါင်းအတွင်းတွင် မီးအိမ်မရှိ ကြောက်လန့်စရာ၊ ခြောက်ခြားစရာ၊ အားကိုးစရာကင်းမဲ့မှု၊ ကူညီသူကင်းမဲ့မှုများနှင့် ကြုံတွေ့ရမည်။ သို့သော် လိုဏ်ခေါင်းအဆုံးရောက်ပါက လှပသည့်နေရောင်ခြည်၏အလင်းရောင်ကို တွေ့မြင်ရပေမည်။ လမ်းတစ်ဝက်မှ လှည့်ပြန်လာလျှင်မြင်ချင်သည့် ပန်းတိုင်အလင်းရောင်ကို တွေ့မြင်ရတော့မည်မဟုတ်ပေ။ ထို့ကြောင့် အောင်မြင်လိုသူတိုင်း၊ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်လိုသူတိုင်းသည် ရှေ့ဆက်မည့်အနာဂတ်အတွက် ကြိုးစားအားထုတ်မှုတွင် “မဖြစ်နိုင်ဘူး’’ ဆိုသည့်စကားလုံးကို မိမိတို့ရင်ထဲ၊ စိတ်ကူးထဲက အပြီးအပိုင်ဖယ်ထုတ်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။
နင်ခမ်းရတနာ (ခမ်းစန္တာဟေ့,)
ကိုးကား - အောင်မြင်မှုပန်းတိုင် ခြေလှမ်း(၅၀)
(ဗန်းမော်သိန်းဖေ)
Like On Facebook
Follow On Twitter
Subscribe On RSS