Wednesday, February 7, 2018

ဟိုပုံးမြို့တွင် (၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်



၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၇)နေ့တွင် ကျရောက်သော (၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၇)ရက်နေ့ ၊ နံနက်(၉)နာရီအချိန်တွင် ဟိုပုံးမြို့၊ အ.ထ.က(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဦးခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမင်းဟန်၊ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဟိုပုံးမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ရှေ့ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြပြီးနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူမှ နိုင်ငံတော်သမ္မတဦးထင်ကျော် ပေးပို့လာသော (၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာကို ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာလင်းထွဋ် ပေးပို့လာသော သ၀ဏ်လွှာကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်လွင်က ဖတ်ကြားခဲ့ပါသည်။

ရှမ်းပြည်နယ်နေ့ ပေါ်ပေါက်လာခြင်းသည် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ (၇)နေ့တွင် ပြည်မနှင့် တောင်တန်းဒေသမှ ကိုယ်စားလှယ်များက ပင်လုံစာချုပ်လက်မှတ်ရေးထိုးနိုင်ရန်အတွက် အခြေတည်ခဲ့သော ပြည်ထောင်စုနေ့၏ သန္ဓေတည်ရာ ဖြစ်သောကြောင့် ဖေဖော်ဝါရီလ (၇)ရက်နေ့ကို ရှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး (၁၉၆၀) ၀န်းကျင်မှစတင်ကာ ရှမ်းပြည်နယ်သည် တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်ကြသော ပြည်နယ်ကြီးဖြစ်သောကြောင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့်အနေဖြင့် ရှမ်းပြည်နယ်နေ့ဟု ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။

မျင်းမိုရ်ခွန်
Powered by Blogger.