ဂျာမနီ-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ် ကျေးဇူးတင်ဝမ်းမြောက်ခြင်းနှင့် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို လွယ်အွန်ကျေးရွာအုပ်စုအတွင်းရှိ လွယ်အွန်း- ထီဗွာလမ်း လုပ်ငန်းခွင်အနီးတွင် ၂၀၁၈၊ ဖေဖေါ်ဝါရီ(၂၇)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးစွာပထမ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေး၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) Country Director Ms. Eva Schneider ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေးဝန်ကြီးဌာန(BMZ) ကိုယ်စားလှယ် အရှေ့အာရှ အကြီးအကဲ Ms. Kranz-Plote၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင် တို့က အခမ်းအနား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကားနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ သံအမတ်ကြီး H.E. Ms.Dorothee. Janetzke Wenzel မှ အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေးမှ အမှာစကား၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေးဝန်ကြီးဌာန(BMZ) ကိုယ်စားလှယ် အရှေ့အာရှ အကြီးအကဲ Ms. Kranz –Plote မှ နုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) Country Director Ms. Eva Schneider မှ စီမံကိန်းဆိုင်ရာများ ရှင်းလင်းခြင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင်က ကျေးဇူးတင် စကားပြောကြားခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်-၂၊ အဆင့်(၄) စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေးတို့က ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂျာမနီနိုင်ငံအစိုးရမှ ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ် Phase (IV) စီမံကိန်းအတွက် ထောက်ပံ့ငွေ ယူရို(၁၀.၉)သန်းအား ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးခရိုင်နှင့်လင်းခေးခရိုင်တို့၌ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်းအတွက် နားလည်မှုစာချွန်လွှာရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW)တို့ ပူးပေါင်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်-နမ့်ပေါ်လိတ်လမ်းပိုင်း ကျောက်ချောလမ်း (၁၁.၁၄၄)ကီလိုမီတာ (၆)မိုင် (၇)ဖါလုံ၊ ကတ္တရာလမ်း (၃.၉၀)ကီလိုမီတာ (၂)မိုင် (၄)ဖါလုံကို ဖေါက်လုပ်ဖွင့်လှစ်နိုင်ခဲ့ပြီး ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စုရှိ လွယ်အွန်း-စခွီ-ထီကတူး- ထီဗွာ - ပန်းတင် ဆက်သွယ်သည့်လမ်းပိုင်း ( ၇.၁၁)ကီလိုမီတာ (၄)မိုင် (၄)ဖါလုံခန့်ကိုလည်း ဖေါက်လုပ်ပေးခဲ့ကြောင်း သိရသည်။
ခွန်ဓဇ
Like On Facebook
Follow On Twitter
Subscribe On RSS