Sunday, March 18, 2018

ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး တိုးတက်ရန်အတွက် အရေးကြီးသည်ဟု မိမိတို့သိရှိနားလည်သည့်အချိန်ကစပြီး ပညာရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ဒေသဦးစီးဥက္ကဋ္ဌ ပြောကြား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၉)ရက်






၂၀၁၈ခုနှစ်၊ မတ်လ(၁၈)ရက်၊ တနင်္ဂနွေနေ့ ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာတွင် ပအိုဝ်းအမျိုးသားဘက်စုံတိုးတက်ရေးနှင့် ဒေသခံပြည်သူများပါဝင်လျက် Childs Dream Association(CDA)အဖွဲ့မှ ဆောက်လုပ်လှူဒါန်းသော စငေါအမျိုးသမီးဘော်ဒါဆောင် လွဲပြောင်းအပ်နှံပွဲ အခမ်းအနားတွင် ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က ဤသို့ အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ စငေါအမျိုးသမီးဘော်ဒါဆောင် လွဲပြောင်းအပ်နှံပွဲတွင် ဒေသဦးဦးဖြားခွန်စံလွင်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတိုးတက်ရန်အတွက် ပညာရေးဟာ အဓိကကျပါတယ်။ အသိပညာ၊ အတတ်ပညာတွေ ရှိမှသာ နိုင်ငံတိုးတက်မှုကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ကျွန်တော်ကလည်း ပညာရေးကို ငယ်ရွယ်စဉ်မှာ ဒီဒေသမှာရှိတဲ့ ကျောက္ကဆျားရွာ၊ ကျောက်တန်းရွာတို့မှာ ဆည်းပူးသင်ယူခဲ့ရပါတယ်။ အဲဒီလို ပညာရေးကို သင်ယူရင်းနဲ့ အသိပညာဗဟုသုတတွေ သိလာခဲ့ရတဲ့အပြင် ဒေသတွင်းရှိ ငွေကြေးမပြည့်စုံသော ဒေသခံများကို ပညာသင်ယူနိုင်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ စိတ်ဓာတ်ကိုလည်း ရရှိခဲ့တယ်။ အဲလိုလုပ်ရင်းနဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေကို ပညာအမွေပေးမှဘဲ ရမယ်ဆိုပြီး ပညာရေးကို အလေးပေးလုပ်ဆောင်လာခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ယနေ့ ပညာသင်ယူရာတွင် အထောက်ကူပြုတဲ့ ဘော်ဒါကျောင်းဆောင်ကို လှူဒါန်းပေးတဲ့ (CDA)အဖွဲ့ကို ကျေးဇူးတင်သလို ဒီကျောင်း ပိုမိုတောက်ပအောင် ဒေသခံနဲ့ ဆရာ/မများ ၀ိုင်းဝန်းကြိုးစားပေးစေချင်ပါတယ် ဟု အမှာစကားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စငေါအမျိုးသမီးဘော်ဒါကျောင်းဆောင် လွဲအပ်ပွဲသို့ ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ဟိုပုံးမြို့နယ် မဲဆန္ဒ(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူ၊ ဒေသခံပြည်သူများ ပါဝင်လျက် Childs Dream Association(CDA)အဖွဲ့မှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်ရှိ တာဝန်ရှိလူကြီးများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပညာရေးအကြံပေး ဦးအုန်းငွေနှင့် အဖွဲ့များ၊ ဒေသခံ မိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မိမိအနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည်မှာ (၇)နှစ် ရှိပြီဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်တွင် ကျေးရွာပေါင်း (၁၀၅၅)ရွာရှိရာမှ စာသင်ကျောင်း ပေါင်း(၆၄၂)ကျောင်း ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ အထက်တန်းကျောင်းအနေဖြင့် တစ်မြို့နယ်လျှင် (၁၀)ကျောင်းကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ ပညာရေးကဏ္ဍကို အကောင်အထည်ဖော်နိုင်ခဲ့သည်မှာ ရှေ့လူကြီးများ၏ မှန်ကန်သော မူဝါဒချမှတ်နိုင်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ထိုကြောင့် ကလေးများ ပညာတတ်မြောက်ရန် ဒေသခံမိဘပြည်သူများနှင့် ဆရာ/မများ ကြိုးစားသင်ကြားစေလိုကြောင်း၊ ဆရာ/မများ လုံလောက်မှုရှိလာအောင် မိမိတို့အနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ပြီး တတ်နိုင်သမျှကြိုးပမ်းပေးသွားမည် ဖြစ်ကြောင်း ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က ထပ်လောင်း အားပေး တိုက်တွန်းအမှာစကားခဲ့သည်။

အဆိုပါ စငေါကျောင်းသည် ၁၉၉၀ မတိုင်ခင်တွင် နယ်မြေအေးချမ်းမှုမရှိသောကြောင့် ပင်လျန်းဆရာတော်ဦးဆောင်၍ ပင်လျန်းစာသင်ကျောင်းသို့ ပြောင်းရွေ့သင်ကြားခဲ့ရကြောင်း၊ ထို့နောက် နယ်မြေအေးချမ်းခါစ ၁၉၉၃ ရောက်မှသာ စငေါကျေးရွာတွင် ပြန်လည်ပြောင်းရွေ့လာခဲ့ရကြောင်း၊ ယခုလက်ရှိတွင် နယ်မြေအေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကြောင့် စငေါကျေးရွာ ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း (၂၄)ရွာတို့က စငေါအထက်တန်းကျောင်း(ခွဲ)ကို တက်ရောက် ပညာသင်ယူနေကြပြီ ဖြစ်ကြောင်း စငေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်ပန်းအောင် ပြောကြားချက်အရသိရသည်။

နဂါ့ခွန်
Powered by Blogger.