Wednesday, March 14, 2018

မြေယာများအား မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ချီးမြှင့်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၄) ရက်






၂၀၁၈ခုနှစ်၊ မတ်လ(၁၄)ရက်နေ့ ၊ မွန်းလွှဲ(၃)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွတ်အပ်နှံထားသည့် မြေယာများအား မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဌ၊  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တက်ရောက်ချီးမြှင့်ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စ တိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်မှု အခြေအနေနှင့် စွန့်လွှတ်မြေများ မှုလတောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက မှုလတောင်သူများနှင့်တာဝန်ရှိပုဂ္ဂိုလ်များအား မြေယာများပြန်လည်ပေးအပ်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ မြေယာလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် တောင်ကြီးခရိုင်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ (၃,၀၅၀.၇၇) ဧကအနက် မြေဧရိယာ (၆၂၂.၄၈) ဧကကို မှုလပိုင်ရှင် တောင်သူဦးရေ (၃၅၆)ဦးနှင့် မြေဧရိယာ(၁,၃၄၇)ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ပြန်လည်လွှဲ ပြောင်းပေးအပ်ကြောင်း သိရှိရသည်။

မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) ဖြင့် ပြန်လည်လွှဲပြောင်းပေးပြီး သားစဉ်မြေးဆက် အာမခံချက်များရရှိစေရန် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ကိုလည်း ဆက်လက်ပေးအပ်သွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အခမ်းအနားသို့လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားသောတာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ခွန်ဓဇ


Powered by Blogger.