စာအုပ်စာပေများသည် ကမ္ဘာလောကကြီး၏ ပြတင်းပေါက်များဖြစ်ကြသည်ဟုဆိုကြပါသည်။ လက်တွေ့တွင်လည်း ဤသို့ပင်ဖြစ်ပါသည်။ အိမ်တစ်အိမ်၏ တံခါးကိုဖွင့်လိုက်လျှင် ပြင်ပပတ်ဝန်းကျင်နှင့် အလင်းရောင်ကို ကြည့်နိုင်မြင်နိုင်သကဲ့သို့ စာဖတ်ခြင်းသည်လည်း မိမိ၏စိတ်ကိုဖွင့်စေသည့်အပြင် မိမိဘာ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ဖို့တွန်းအားတစ်ခုလည်းဖြစ်စေပါသည်။ စာဖတ်ခြင်းသည် စဉ်းစား ဆင်ခြင်ဉာဏ်ရင့်သန်စေပြီး ဖန်တီးမှုစွမ်းအားကိုမြင့်တက်စေသည်သာမက မိမိရရှိထားသည့် အခွင့်အလမ်း တစ်ခုကို လက်လွှတ်မဆုံးရှုံးရအောင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှတ်နိုင်စေပြီး မိမိကိုယ်ကိုယုံကြည်မှု ပေးစွမ်းနိုင်စေပါသည်။
စာဖတ်ရာတွင် စာဖတ်နည်း(၃)မျိုးရှိပါသည်။ ကွမ်းဝါးနည်း၊ ကြံစားနည်းနှင့် မလိုင်စားနည်း ဖြစ်သည်။ ကွမ်းစားနည်းတွင် အရေလည်းမရအဖတ်လည်းမရ၊ ထို့အတူ ကြံစားနည်းတွင်လည်း အရည်သာရပြီး အဖတ်စားမရပါ။ မလိုင်စားနည်းသည်သာ အရည်လည်းရအဖတ်လည်းရသည့် နည်းဖြစ် ပေသည်။ ထိုသို့ စာဖတ်ရာတွင်လည်း မလိုင်စားနည်းနှင့်သာဖတ်သင့်ပေသည်။ ထို့ကြောင့် သုတစာပေ ဖြစ်သော ဘာသာပြန်စာအုပ်များ၊ ဆောင်းပါးများ၊ ခရီးသွားမှတ်တမ်း အတွေ့အကြုံ ဆောင်းပါးများ၊ အတ္ထုပ္ပတ္တိ ဖတ်ရှုခြင်းအားဖြင့် ဗဟုသုတမျိုးစုံရရှိနိုင်ပါသည်။ ရသစာပေ ဖြစ်သော ဟာသရသ၊ ၀တ္ထု၊ ပဟေဠိစာအုပ်၊ သည်းထိတ်ရင်ဖို စသည့်ရသစာပေများလည်းဖတ်ရမည်ဖြစ်သည်။
ထိုသို့ဘာသာပြန် စာအုပ်ဖတ်ခြင်းဖြင့် မိမိပတ်ဝန်းကျင်နှင့်မတူသော ဓလေ့စရိုက်များနှင့် အမူအကျင့်များကို သိရှိနိုင်ပါသည်။ ခရီးသွားဆောင်းပါး စာအုပ်ကို ဖတ်ရှုခြင်းအားဖြင့်လည်း ခရီးမသွားဘဲသွား ရသကဲ့သို့ နိုင်ငံတကာ ပတ်ဝန်းကျင်ရှုခင်းများ၊ လူနေမှုအဆင့်အတန်း၊ မိမိနှင့်မတူညီသော ယဉ်ကျေးမှုများကို မျက်ဝါးထင်ထင် မြင်နိုင်ပါသည်။ ဥပမာ- သင်သည် ရန်ကုန်မှာနေသည်ဆိုပါစို့။ သို့သော် စင်္ကာပူအကြောင်းနှင့် ပက်သက်သည့် စာအုပ်ကိုသင်ဖတ်ရင် စင်္ကာပူကိုသင်မရောက်ဖူးသော်လည်း သင်ရောက်ဖူးသလိုဖြစ်နေပါလိမ့်မည်။ ထင်ရှားသော ပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိ ဖတ်ခြင်းသည်ကောင်းသော အချက်ကို အတုယူပြီး မကောင်းသည့်အချက်များကိုပယ်ကာ မိမိတို့အတွက်အကျိုးရှိအောင် အသုံးချနိုင်ပါသည်။
ထိုသို့ စာဖတ်ရာတွင် မည်သို့သောစာပေမျိုးဖြစ်စေကာမူ လူသားတိုင်းကို အကျိုးပြုစေသော စာပေကောင်းပင်ဖြစ်သည်။ စာများကိုဖတ်ခြင်းဖြင့် လူသားတို့၏နှလုံးသားအဟာရကိုဖြည့်တင်းပေးပါသည်။ ထို့ကြောင့် စာဖတ်ခြင်းသည် မိမိတို့လူသားတစ်ဦးချင်း၏ စိတ်နေစိတ်ထားကို ပြုပြင်ပြောင်းလဲပေးနိုင်သည် သာမက မိမိတို့၏တကယ့်လက်တွေ့ဘ၀တွေ လောကဓံနှင့်ရင်ဆိုင်ရသောအခါ စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်ခြင်းမရှိစေဘဲ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နှင့် ရင်ဆိုင်ဖြေရှင်းဖို့ အားအင်တစ်ခုဖြစ်စေပါသည်။ ဥပမာ- စီမံခန့်ခွဲနည်းစာအုပ်ဖတ်မည်ဆိုပါက သင့်ကို မန်နေဂျာတစ်ဦး ဖြစ်လာစေမည် မဟုတ်ပါ။ သို့သော် အရေးပါတဲ့ စိတ်ကူးအတွေးအခေါ်တွေကို တွေးတောမြှင့်တင်ပေးနိုင်လိမ့်မည်။ စာများများဖတ်ခြင်းသည် မိမိ၏သွင်ပြင်ကိုပြောင်းလဲစေပါသည်။
လူတိုင်း စာအုပ်ပေါင်းများစွာဖတ်ခဲ့သော်လည်း မိမိဖတ်ထားသည့်စာများ မေ့ကုန်နေပြီဟု ထင်တတ်ကြပါသည်။ သို့သော် မိမိဖတ်ခဲ့သည့်စာများသည် မိမိ၏ အပြောအဆို၊ မိမိ၏စရိုက်လက္ခဏာ မိမိ၏နှလုံးသားတွင်ကိန်းအောင်းနေပါသည်ကို သတိမပြုမိတတ်ကြပါ။ ဥပမာ-ကျွန်ုပ်တို့နေ့တိုင်း ထမင်းစားသည်။ စားပြီးသားထမင်းကိုပြန်ယူလို့ရသည့်အရာမဟုတ်ပါ။ ဒါပေမယ့် ထမင်းစားခြင်းသည် ကျွန်ုပ်တို့၏အသွေးအသားအဖြစ်ပြောင်းလဲသွားစေသည်မှာ အမှန်အကန်ပါ။ ထို့နည်းတူ စာဖတ်ခြင်းသည်လည်း မိမိတို့အတွေးအခေါ်အမြင်များကို ပြောင်းလဲစေပါသည်။ မိမိတို့၏ ပျော့ညံ့သောစိတ်၊ ရိုင်းစိုင်း ကြမ်းတမ်းသောစိတ်၊ ပျင်းရိသောစိတ်၊ ပျောက်ဆုံးနေသော မိမိရည်မှန်းချက်ကို လျော့နည်းစေပါသည်။
စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းသည် မိမိကိုယ်ကိုချစ်ခြင်း၊ မိဘကိုချစ်ခြင်း၊ တိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးခြင်းပင်ဖြစ်ပါသည်။ စာဖတ်ခြင်းသည် နိုင်ငံတစ်နိုင်ငံလုံး၏ ဖွံဖြိုးတိုးတက်မှု အင်္ဂါရပ် များကို ပုံဖော်ပေးနိုင်သည့်အရာဖြစ်ပါသည်။ နယ်ချဲ့ကိုလိုနီခေတ်ဖြစ်သော တိုင်းတပါးတို့၏ အုပ်ချူပ်မှု ခံရနေချိန်၌သူ့ကျွန်ဘ၀မှ လွတ်မြောက်အောင် ဆရာကြီးသခင်ကိုယ်တောင်မှိုင်း၊ ဆရာကြီး ဦးဖိုးကျား၊ မဟာဆွေ(နေသူရိန်)တို့၏ အမျိုးသားရေးစာအုပ်စာပေများက လှုံ့ဆော်ပေးခဲ့ကြသည်မှာ သမိုင်းသက်သေပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုကို ကြည့်ခြင်းဖြင့်နိုင်ငံသားတို့၏ စာဖတ်ခြင်း မဖတ်ခြင်းနှင့် တိုင်းတာရမည်ဟု ပညာရှင်များက ဆိုမိန့်ခဲ့ခြင်းဖြစ်သည်။
ယခုခါ စာဖတ်သူမရှိသလောက်နည်းပါးလာသည်ကိုလည်း တွေ့ရပါသည်။ စာဖတ်မှသာ စာပေ၏ တန်ဖိုးကို နားလည်မည်ဖြစ်သည်။ စာဖတ်သည့် အလေ့အကျင့်လည်းများစွာရှိရန်လည်း လိုအပ်ပေသည်။ စာဖတ်ချင်အောင် ပျိုးထောင်ပေးသည့် ပတ်ဝန်းကျင်လည်းလိုအပ်ပါသည်။ စာအုပ်စာပေမဟုတ်သည့် လမ်းရှိ ကြော်ငြာဆိုင်းဘုတ်များ၊ လက်ကမ်း စာစောင်များ၊ အသုံးအဆောင်မှစာများဖတ်ခြင်းသည် စာဖတ်ဖို့ အလေ့အကျင့်တခုဖြစ်လာစေသည်။ ထို့ပြင် အင်တာနက်မှလည်းကောင်း၊ ဖေ့စ်ဘုတ်မှလည်းကောင်း မိမိအတွက်အကျိုးပြုစေမည့် စာများကိုအလွယ်တကူ ၀င်ရောက်ရှာဖတ်နိုင်ပေသည်။ မည်သည့်နေရာမဆို စာဖတ်ခြင်းသည် လက်တွေ့အသုံးချတတ်ရန်လည်း လွန်စွာအရေးပါလှပေသည်။ စာဖတ်ခြင်းတွင် မည်သည့်စာပေမျိုးဖတ်ရမလဲ၊ ဘယ်လိုအကျိုးရရှိမလဲ၊ ဘာတွေဖြစ်လာမလဲစသည့် မေးခွန်းများစွာရှိပါသည်။ လူတိုင်းမျှော်လင့်ချက်နှင့် အသက်ရှင်နေကြသည်မှာ မမှားပေ။ မျှော်လင့်ချက်မရှိပါက မည်သည့်အရာကိုမျှ လက်တွေ့အကောင်အထည် မလုပ်ဆောင်နိုင်ပါ။ စာများများဖတ်မှသာ မိမိရည်မှန်းချက်၊ မိမိဝါသနာ၊ မိမိဖြစ်ချင်သည့်ဆန္ဒကို မိမိရှာဖွေတွေ့ရှိလာပြီး လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် စိတ်ကောင်းရှိဖို့၊ လောကဓံကို ခံနိုင်ရည်ရှိဖို့ ကိုယ်ချင်းစာစိတ်ထားတတ်ဖို့၊ လူညံ့မဖြစ်ဖို့၊ လူတော်လူကောင်း တစ်ယောက်ဖြစ်ဖို့ စာဖတ်ရမည်ဖြစ်သည်။ စာဖတ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာကိုများစွာ ပြုပြင်ပြောင်းလဲ စေပါသည်။
ထို့ကြောင့်စာဖတ်ရာတွင် သုတစာပေ၊ ရသစာပေ၊ အတ္ထုပ္ပတ္တိ စသည့်မည်သည့်စာအုပ်ဖြစ်စေကာ ဖတ်သည့်စာအုပ်များသည် တန်ဖိုးရှိလှပေသည်။ စာဖတ်သူသည် မိမိဖတ်သည့်စာကိုအကျိုးရှိစွာ လက်တွေ့အသုံးချမိသည့်အခါ စာပေ၏တန်ဖိုးသည်လည်းပို၍မြင့်တက်လာမည်ဖြစ်သည်။ စာဖတ်ခြင်းသည် မိမိ၏ အသိပညာတိုးပွားစေခြင်း၊ စိတ်ဖိစီးမှုလျော့ချပေးခြင်း၊ မတူကွဲပြားသောတွေးခေါ်မှု တိုးတက်စေခြင်း၊ ကြိုးစားလိုစိတ် ဖြစ်ပေါ်လာခြင်း၊ စကားလုံးအသစ်များထုတ်ဖော်ပေးခြင်း စသည့် ကောင်းကျိုးများသည် သာမက စာဖတ်၍ကမ္ဘာပတ်ကြသည် ဆိုသကဲ့သို့ ပတ်ဝန်းကျင်အလင်းရောင်ကို မြင်တွေ့နိုင်စေပြီး မိမိဘ၀ အတွက် အောင်မြင်မှုရရှိအောင် လမ်းညွှန်မှုပေးနိုင်သောကြောင့် စာများများဖတ်သင့် ကြောင်းအကြုံပြု တင်ပြလိုက်ရပါသည်။
နာင်,အိန်;ခေ
Like On Facebook
Follow On Twitter
Subscribe On RSS