Thursday, March 29, 2018

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် TJLS သင်တန်းကျောင်းတို့ ပူးပေါင်းပြီး ဂျပန်ဘာသာစကားအကြောင်းနှင့် ဂျပန်နိုင်ငံအလုပ်အကိုင်အခွင့်အလမ်းမိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၉)ရက်





ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နှင့် Taunggyi Japanese Language School ( TJLS) သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော ဂျပန်ဘာသာစကားအကြောင်းနှင့် ဂျပန်နိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်း မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ (၂၉) ရက်၊ နံနက် (၁၀း၂၀) အချိန်တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်ရှိလူငယ်များအား ဂျပန်ဘာသာစကားနှင့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို သင်ကြားပေးပြီး ပြည်တွင်းပြည်ပရှိ ဂျပန်ကုမ္ပဏီများတွင် ၀င်ရောက်အလုပ်လုပ်ကိုင်နိုင်ရန်နှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားနိုင်မည့်လူငယ်များကို မွေးထုတ်ပေးပြီး ရှမ်းပြည်နယ်တိုးတက်မှု မြန်မာနိုင်ငံတိုးတက်မှုများတွင် တဖက်တလှမ်းပါဝင်နိုင်ရန်" စသည့်ရည်ရွယ်ချက်ဖြင့် မိတ်ဆက်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

" ယခုလိုမိတ်ဆက်ပွဲလုပ်ပေးခြင်းဟာ လူငယ်များအတွက်အခွင့်အလမ်းရရှိစေရန်၊ ရည်ရွယ်ချက်မြင့်မြင့်ထားပြီး ဒီအခွင့်အလမ်းကို ရအောင်ယူစေချင်တယ်။ ကိုယ်ရထားတဲ့ပညာ၊ တတ်ထားတဲ့ပညာ၊ ယူထားတဲ့ ဘာသာရပ်တွေကို ကိုယ့်မြို့၊ ကိုယ့်ပြည်နယ်ထဲမှ တစ်ဖက်တစ်လှမ်းကနေ ပြန်ပြီးထောက်ပံ့ပေးစေချင်တယ်၊ ကူညီပေးစေချင်တယ်။ ယခု တောင်ကြီးကို သင်တန်းကျောင်းဖွင့်ပေးတာကလဲ ဂျပန်ဘာသာတစ်ခုထဲ သင်ကြားပေးတာမဟုတ်ဘဲနဲ့ လူငယ်လူရွယ်တွေဟာ ကျွန်မလိုမျိုး ဂျပန်နိုင်ငံကို အလုပ်သွားလုပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ မိမိတို့ရဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လူမျိုးဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာ/ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးကိုအထောက်အကူပြုနိုင်အောင် လုပ်ဆောင်ပေးရန်ဖြစ်တယ်" ဟု Taunggyi Japanese Language School ( TJLS) သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဇင်မာအောင် က ပြောကြားခဲ့ပါသည်။

ထိုသင်တန်းသည် ဂျပန်ဘာသာစကား ရေး၊ ဖတ်၊ ပြော အပြင် ဂျပန်နိုင်ငံယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ ဂျပန်နိုင်ငံလုပ်ငန်းခွင်သုံးစကားပြောများကိုလည်း သေချာကြပ်မတ်စွာ သင်ကြားပေးနေပါသည်။ TJLS ဂျပန်ဘာသာစကားသင်တန်းအပြင် ပြည်တွင်း/ ပြည်ပရှိ ဂျပန်ကုမ္ပဏီများ၏ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း လမ်းညွှန်ပေးခြင်း၊ မိတ်ဆက်ပေးခြင်းတို့လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ (၁၀) တန်းအောင်မြင်သည့် ကျောင်းသား/သူများသည် အလုပ်သင်သင်တန်းသားဗီဇာအဖြင့် ဂျပန်စာအရည်အချင်း N4  နှင့် အထက်အောင်မြင်ရန်လိုအပ်ပြီး ဂျပန်နိုင်ငံတွင် သက်တမ်း (၃) နှစ် နေထိုင်ခွင့်ရမည်ဖြစ်သည်။ ရရှိနိုင်မည့် လစာ ခံစားခွင့် သည် မြန်မာငွေကျပ် (၁၃) သိန်းနှင့် အထက်ရရှိနိုင်မည်ဖြစ်သည်။ နည်းပညာတက္ကသိုလ်မှ B.E ဖြင့် ကျောင်းပြီးထားသူ အင်ဂျင်နီယာဗီဇာဖြင့် ဂျပန်စာအရည်အချင်း N3 နှင့်အထက်အောင်မြင်ရန်လိုအပ်ပြီး ဂျပန်နိုင်ငံတွင် ပထမဦးစွာနေထိုင်နိုင်သည့်ကာလအတွေ့အကြုံ အရည်အချင်းပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။( ကာလ တိုးမြှင့်နိုင်သည်)။ ရရှိနိုင်မည့် လစာခံစားခွင့်သည် မြန်မာငွေကျပ် (၁၈) သိန်းနှင့် အထက် ခံစားနိုင်မည်ဖြစ်သည်။

TJLS သင်တန်းကျောင်းသည် ဂျပန်နိုင်ငံအိုဆာကာအခြေစိုက် WILLTEC Co.Ltd နှင့် တိုက်ရိုက်ချိတ်ဆက်ထားလျှက်ရှိပြီး အင်တာဗျူးအောင်သည့်ကျောင်းသာ/သူများသည် ထိုကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရမည်ဖြစ်သည်။

အဆိုပါမိတ်ဆက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူ (၂) ဖြားခွန်ထွန်းရွှေ၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ TJLS သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဇင်မာအောင်၊ သင်ကြားရေးတာဝန်ခံ ဒေါ်ဖြိုးသန္တာအောင်၊ ရုံးတာဝန်ခံ ဒေါ်စုမြတ်နိုးလွင် နှင့် TJLS အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပြည်သူ့ဆက်ဆံရေးဌာန ဌာနမှူး ခွန်စောလွင် ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ ရုံးအဖွဲ့များ၊ လူငယ်များ (၁၀၀)နီးပါး တက်ရောက်ကြကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.