တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၇)ရက်
လူသားတိုင်းသည် မိမိတို့၏ မွေးနေ့မွေးနံအကြောင်းကို သိရှိပြီးသူများရှိသလို မသိသေးသူများလည်း ရှိမည်ဖြစ်သောကြောင့် နေ့ရက်များအကြောင်းကို တစ်ချို့တစ်ဝက် ကောက်နုတ်တင်ပြသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် “တနင်္ဂနွေကို ဘာကြောင့် တနင်္ဂနွေလို့ခေါ်တာလဲ၊ စနေကိုဘာကြောင့် စနေလို့ခေါ်တာလဲ” စသည့်အကြောင်းအရင်းတော့ ရှိမည်ဖြစ်သည်။ မြန်မာ့စာပေ မြန်မာ့သမိုင်းကို လေ့လာကြည့်သည့်ခါမှာ မြန်မာဘာသာစကားပညာရှင် ဆရာကြီး ဦးဖိုးလတ်ရဲ့ “မြန်မာအစ” ဆိုသည့် စာပေများမှာ နေ့ရက်၏အမည်များ ရေးသားထားသည်ကို တွေ့ရပါသည်။
၎င်းမှာ-
တနင်္ဂနွေနေ့
မြန်မာအယူအဆများမှာ တနင်္ဂနွေဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့နေ့ဖြစ်ပါတယ်။ ပုဂံကျောက်စာများမှာ တန်နင်ကုနယ်၊ တန်နင်ကုနွေ၊ တန်နှင်းကုနွေ ဟုပါရှိတယ်လို့ မှတ်သား ထားရပါတယ်။ တန်နင်ကို မြန်မာဘာသာနှင့် နီးနွယ်သောရောင်းရင်းဖြစ်ပြီး ဘာသာစကား ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ (နေ)ဟု အဓိပ္ပါယ် ရပါတယ်။ (ကုနယ်၊ ကုနွေ၊ ကနွေ) ဟူသည်ကား နေကိုဟောခြင်းဖြစ်သည်။ ထို့ကြောင့် တန်နင်ကုနယ်မှာ နေနေ့ ဟုအဓိပ္ပါယ်ရပါသည်။
တနင်္လာနေ့
အလုပ်လုပ်တဲ့လူတွေနှင့် ကျောင်းတက်တဲ့သူတွေ တော်တော်များများ အလုပ်လုပ်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနမိတ်ကိုဆောင်တဲ့ လမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ဖြစ်ပါတယ်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး တန်နင်လာမှ လာတယ်လို့ ဆိုထားပါတယ်။ လာ ဟူသောပုဒ်မှာ အလွန်ရှေးကျသော (လ)ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် တနင်္လာ ဆိုသည်မှာ နေလ သို့မဟုတ် လမင်းနေ့ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင်ဖြစ်သည်။
အင်္ဂါနေ့
တနင်္ဂနွေ၊ တနင်္လာ မှအပ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်မဟုတ်ဘဲ သက္ကတ ဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ၀န်ခံပြောဆိုခဲ့ပါသည်။ ရှေးကျောက်စာတို့၌ အင်္ကာ၊ အင်ကာ၊ အင်္ဂါ ဟူ၍ တွေ့ရပါသည်။ အင်္ဂါရဟူသော သက္ကတမှ လာသောစကားဖြစ်၍ မီးကျီမီးခဲ ဟုအဓိပ္ပါယ်ရပါတယ်။ ထို့ကြောင့် မီးကျီကဲ့သို့နီသောအစင်း ရှိသောဂြိုလ်ဟု အဓိပ္ပါယ်ရပါတယ်။ အင်္ဂါဂြိုလ်ကိုအစွဲပြုခေါ်ဆိုခြင်းဖြစ်ပါသည်။
ဗုဒ္ဓဟူးနေ့
သက္ကသ ဘာသာဖြင့် ဗုဒ္ဓဒိန ဟူ၍လည်းကောင်း၊ ဗုဒ္ဓ၀ါရ ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏အနက်မှာ နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုလ်ဖြစ်သော လမင်း၏သား ဟူ၍ဖြစ်သည်။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုလ်(လမင်း) မိဘုရားတာရာဒေ၀ီတွင် ဖွားမြင်သောသားဟု ဖော်ပြထားပါသည်။ ဒိန၀ါရ တို့၏အနက်မှာ နေ့ဖြစ်ပြီး ဗုဒ္ဓ ဟူသောပုဒ်ကို ပါဠိ သက္ကတဘာသာတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ် ဆိုကြပါသည်။ မွန်တို့က ဗုဒ္ဓ၀ါရကို ရ ခြေ၍ ဗုဒ္ဓ၀ါဟု ခေါ်ဆိုကြပြီး မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်ဆိုလာကြပါတယ်။ ကျောက်စာတို့၌ ပုတ္တဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို အမည်လွဲပြီး ပုတ္တ ဟုရေးကြသည်ကို သိရှိနိုင်ပါတယ်။ ထို့ကြောင့် ပုတ္တမှာ ဗုဒ္ဓ ပင်ဖြစ်သည်။ ဟူ သည် ပင့်ခေါ်ခြင်းအန်ရသည်ဟုဆို၏။ ထို့ကြောင့် ပုတ္တဟူး ဗုဒ္ဓဟူး သည် ဘုရားရှင်ကို ပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်လို့ရပါသည်။
ကြာဿပတေးနေ့
ရာဇမတ္တဏ်ကျမ်းအရ ကြာသာပတေးသည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ ကျာသပတေးကို အစွဲပြု၍ ခေါ်ဆိုသည်ဟု ဆိုထားပါတယ်။ ပုဂံကျောက်စာတို့၌ ကြာသပတိယ်နှင့် ဆင်တူအရေး အသားကို တွေ့ရပါပြီး ယင်းပုဒ်သည် ဗြိဟသွတိ မှ သော်လည်းကောင်း၊ ယင်းနှင့်အနက်တူ ၀စသံပတိ(သို့)၀ကျသံပတိ မှ သော်လည်းကောင်း လာဟ်ရနိကြောင်း ဦးဖိုးလတ်က ဆိုထား ပါတယ်။ ၎င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ ၀စသာ=စကား + ပတိ=အရှင် စကား၏အရှင် ဖြစ်သည်။ မြန်မာကျောက်စာ၌ ရေးသော ပတိယ် ခေတ်အရေးအသားနှင့်ဆိုသော် ပတိနှင့် အတူတူပင် ဖြစ်သည်။
သောကြာနေ့
တောဇာဂူတိုင်းသား သေတဗျအမျိုး ဘ၀ုရေသု၏ မယားဖြစ်သူမှ ဖွားမြင်သော သောကြာကို အစွဲပြု၍ ခေါ်ကြောင်း မတ္တကျမ်းတွင် ပြဆိုထားပါတယ်။ သုကြာ ဟူသောပုဒ်မှာ သက္ကတဘာသာ သုကြ မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်ကို မငြင်းချေ။ သုကြာမှ သောကြာဖြစ်လာပုံကို ဦးဖိုလတ်က အဆင့်ဆင့် ရှင်းပြထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ(ဖြူစင်တောက်ထွန်းခြင်း)ဖြစ်၏။
စနေနေ့
ရာဇမတ္တဏ်ကျမ်း၌ စနေကို သနေဟုပြထားပါသည်။ သောရဌတိုင်းအနွယ် တနင်္ဂနွေ ဂြိုလ်မင်း၏ မယား ယသိဆာယာတွင် ဖွားမြင်သောသား ဇပ္ပကိုအစွဲပြုခေါ်ကြောင်း ဆိုထားပါသည်။ ပုဂံကျောက်စာတို့၌ စနေကို စနိဟ်ဟု ရေးသားထားသည်။ ယင်းမှာ သက္ကတဘာသာ ဂနိ(ရုနိ)ဟုဖတ်ပါမှ ဆင်းသက်လာသည်ဟု ဦးဖိုးလတ်က ရှင်းပြထားပါသည်။ အဓိပ္ပါယ်မှာ ဖြည်းညင်းစွာသွားခြင်း ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့် စပ်လျဉ်း၍ သနေစရ ဖြည်းဖြည်းသွားသည်ဟု ဆိုကြပါသည်။
ထို့ကြောင့် (၇)ရက်သားသမီးတိုင်း မိမိတို့၏ မွေးနေ့မွေးနံအကြောင်း ဆင်းသက်လာပုံ၊ ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို သိသင့်သိထိုက်သည်ဟု ဗဟုသုတအနေနှင့် လူမှုကွန်ယက်ရှိမှတ်စုကြမ်းမှ ကောက်နုတ်တင်ပြ လိုက်ရပါသည်။
လွန်းလွို
ခမ်းလွယ်လုံ/ပင်လောင်း
Like On Facebook
Follow On Twitter
Subscribe On RSS