တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၆)ရက်
ပအိုဝ်းတိုင်းရင်းသားတို့တွင် ဆယ့်နှစ်ရာသီစလုံး ပွဲတော်များရှိလေသည်။ ဆယ့်နှစ်ရာသီ ပွဲတော်များအနက် သင်္ကြန်ပွဲ၊ ၀ါကျွတ်ပွဲ၊ ကထိန်ခင်းပွဲများကိုသာ ခမ်းခမ်းနားနား၊ သိုင်းသိုင်းဝိုင်းဝိုင်းကျင်းပကြသည်။ အခြားလများတွင်လည်းရာသီအလိုက်ပွဲတော်များကျင်းပကြ၏။
နှစ်သစ်သို့ကူးပြောင်းချိန်ဖြစ်သော အတာသင်္ကြန်ရက်များတွင်လည်း ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ယုံကြည်ကြသော လူမျိုးဖြစ်သောကြောင့် ဘုရားကျောင်းကန်သွားရောက်ကန်တော့ခြင်းနှင့် သက်ကြီးရွယ်အိုဆွေမျိုးများသွားရောက်ကန်တော့ခြင်းကို ရက်ရှည်အချိန်ယူပြီး အလေးထားကြသည်။ ရပ်ရွာဒေသတိုင်း သင်္ကြန်ပွဲတော်ကို ကျင်းပနွှဲပျော်ကြသည်။ သင်္ကြန်အကြိုရက်မှစတင်ပြီး နှစ်ဆန်းတစ်ရက်၊ နှစ်ရက်နေ့အထိ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ကန်တော့ပွဲများဖြင့် ရွာတွင်းရှိ သက်ကြီးရွယ်အိုများကို သွားရောက်ကန်တော့ကြသည်။ အသက်အရွယ်မကြီးသော်လည်း ဥပုသ်သီလဆောက်တည်သူများကို အကန်တော့ခံပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ ကန်တော့ကြသည်။
သင်္ကြန်အကြိုနေ့တွင် ဘုရားကျောင်းကန် ဇရပ်များသို့ ရွာလုံးကျွတ် သွားရောက်၍၊ ဗုဒ္ဓရုပ်ပွား တော်များ စေတီတော်များကို ရေသပ္ပါယ်ကြသည်။ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုး ပေးခြင်း၊ ချိုးရေခပ်ပေးခြင်းများပြုလုပ်ပေးကြသည်။ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပါယ်နိုင်ရန် ဘုန်းတော်ကြီးကျောင်းရှေ့တွင် နေရာသီးသန့်ပြုလုပ်ထားကြသည်။ ဘုရားရေသပ္ပါယ်ခြင်း၊ ဆေးကြောသန့်စင်ရန်အတွက် တစ်ချို့ကျေးရွာများတွင် ရွာဦးဘုန်းကြီးကျောင်းရေအခက်အခဲများရှိတတ်သောကြောင့် ကျေးရွာရှိလူများက ဝိုင်းဝန်းကာ ရေများကို တတ်နိုင်သည့် ကာယအားနှင့်သော်လည်းကောင်း၊ ကား၊ ဆိုင်ကယ်နှင့်သော်လည်းကောင်း သယ်ဆောင်စုစည်းကြသည်။
ထို့ပြင် သင်္ကြန်ကာလရက်များအတွင်း မည်သည့်တောင်ယာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းကိုမျှ မပြုလုပ်ကြချေ။ ပအိုဝ်းလူမျိုးများသည် လယ်ယာစိုက်ပျိုးရေးကို အများဆုံးလုပ်ကိုင်ကြသောကြောင့် အစားအသောက်များ၊ ငွေကြေးများ၊ လှူဖွယ်ပစ္စည်းများကို အလုံအလောက်ဖြည့်ထားကြသည်။ သင်္ကြန်အတွင်း အသုံးစရိတ်များကို ကြိုတင်ပြင်ဆင်ထားကြသည်။ အချို့မှာ သောက်သုံးရေကိုပင် ကြိုတင်ခပ် ထားကြသည်။ သို့မှသာ သင်္ကြန်ကာလအတွင်း အပူအပင်မရှိ၊ စိတ်အေးလက်အေး ငြိမ်းချမ်းစွာ ကောင်းမှုကုသိုလ်များကို ပြုလုပ်နိုင်မည်ဖြစ်သည်။ မည်မျှ ချစ်စရာကောင်းသော ယဉ်ကျေးမှုဓလေ့ဖြစ်ကြောင်းကို ဖော်ပြပေးထားပါသည်။
ထို့နောက် ကျေးရွာတွင်နေထိုင်ကြသော ပအိုဝ်းလူမျိုးများသည် ထုံးစံအရသော်လည်းကောင်း၊ ဘုရားကျောင်းကန်သွားရောက်ရာတွင် လှူဒါန်းရန်အတွက်လည်းကောင်း၊ သက်ကြီးရွယ်အိုကန်တော့ရန် အတွက်လည်းကောင်း၊ လာရောက်ကန်တော့သော လူငယ်များကို ကျွေးမွေးရန်အတွက်လည်းကောင်း သင်္ကြန်အကြိုရက်တွင် မုန့်ဆီကြော်ခေါ် (တခိုးဒဲဉ်ဟား၊ တခိုးသွဉ်၊ တခိုးချဲ)ကို ပြုလုပ်လေ့ရှိကြသည်။ ပြုလုပ်ပုံမှာ (ဆန် (သို့) ကောက်ညှင်း)ကို ရေဆေးကာ ရေစိမ်ထားပြီး ညနေပိုင်းတွင် တစ်အိမ်နှင့်တစ်အိမ် ဝိုင်းဝန်းစုပေါင်းကာ ဆန်မုန့်ထောင်းကြသည်။ ထိုနေ့တွင်ပင် မုန့်ကြော်ရန်လိုအပ်သော သစ်ခေါက်(သေင်းဖေ့)ကို ရှာဖွေစုဆောင်းထားကြသည်။ သစ်ခေါက်ကို ရှာဖွေရခြင်းမှာ ပအိုဝ်းလူမျိုးများ မုန့်ဆီကြော်ကို ကြော်ရာတွင် မီးငွေ့ငွေ့ကိုသာထားရှိပြီး ကြော်ကြသောကြောင့် သစ်ခေါက်ကို အသုံးပြုကြသည်။ သစ်ခေါက်သည် မီးအရှိန်အဟုန်ပြင်းစွာ တောက်လောင်ခြင်းမရှိဘဲ မီးခဲအဖြစ် တည်ရှိနေသောကြောင့်ဖြစ်သည်။
သင်္ကြန်အကျနေ့တွင် ထိုထောင်းပြီးသော ဆန့်မုန့်၊ ကောက်ညှင်းမုန့်များကို စတင်ကြော်ကြသည်။ တစ်ချို့အိမ်များတွင် အကြိုညကတည်းကပင် စတင်ကြော်ကြသည်။ အကျနေ့မနက်မှ စတင်ကြော်သော အိမ်များသည် ညနေစောင်းအထိကြော်ရသည်။ ဆန်ပြည်အရေအတွက်များကို မိသားစုကြီးငယ်အလိုက် ချင့်ချိန်ကြသည်။
သင်္ကြန်အကြတ်နေ့တွင် ကျေးရွာတွင်းရှိဘုန်းကြီးကျောင်းကို တက်ရောက်ကန်တော့ကြသည်။ ညနေပိုင်းတွင် ကျေးရွာအနီးရှိဘုန်းကြီးကျောင်းသို့သွားရောက်ကန်တော့ပါသည်။ အဆိုပါ မိမိကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတက်ရောက်သောနေ့တွင် ကျေးရွာသမာဓိ ပအိုဝ်းအခေါ်(ကျောင်းဂေါပက)က တက်ရောက်ရမည့် ဘုန်းကြီးကျောင်းစာရင်းနှင့် သွားရောက်ကန်တော့ချိန်ထားရှိရမည့်စည်းကမ်း၊ အဝတ်အစား၊ စည်းလုံးညီညွတ်မှုရှိစေရန် လမ်းခရီးတစ်လျှောက်သွားရောက်ရမည့်ပုံစံ (ဆိုင်ကယ်၊ ကား)၊ အိုးစည်ဗုံမောင်းများကို အလှည့်ကျသယ်ဆောင်သွားရမည့်ရွာစာရင်းနှင့် အခြားရွာများမှ မိမိကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်ကန်တော့ချိန်တွင် ဝေယျဝစ္စ၊ ဧည့်ခံကျွေးမွေး (ရေနွေး၊ ထမင်း ----စသည့်) ဆောင်ရွက်ရမည့် အလှည့်ကျရွာနာမည်စာရင်းများကို ကြေညာပါသည်။ ထိုဓလေ့များသည် မြို့နေလူတန်းစားများမရနိုင်သည့် ဓလေ့ပင်ဖြစ်သည်။
သင်္ကြန်ရက်များအတွင်း မိမိတို့ရွာ၏ ပတ်ဝန်းကျင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကလေးလူကြီးမကျန် အိုးစည်ဗုံမောင်းများတီးကာ၊ သွားရောက်ကန်တော့ကြသည်။ ဤသို့ဘုန်းကြီးကျောင်း တက်သည်ကို ပအိုဝ်းဘာသာအားဖြင့် “ ထင့်ကျောင် ” ဟုခေါ်၏။ ထိုသို့ဘုန်းကြီးကျောင်းသွားရောက်ရာတွင် စည်းလုံးညီညွတ်မှုနှင့် လူမျိုးဂုဏ်ကို မြှင့်တက်စေနိုင်သော မိမိတို့၏ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ကြပါသည်။ ထိုအချက်များမှာမျိုးချစ်စိတ်ပြင်းပြသော ကျေးရွာနေပအိုဝ်းလူမျိုးများအတွက် စည်းကမ်းချက်တစ်ရပ်အနေဖြင့် ထုတ်ပြန်ကြေညာစရာမလိုဘဲ ကလေးအရွယ်ကအစ ဝတ်ဆင်တတ်ကြသည်။
အခြားကျေးရွာရှိဘုန်းကြီးကျောင်းသို့သွားရောက်ရာတွင် ထိုဘုန်းကြီးကျောင်းသို့ တစ်ယောက်တစ် ပေါက်ရောက်ရှိလာခြင်းမျိုးမရှိစေဘဲ တစ်ပြိုင်နက်ထဲညီညာစွာ ရောက်ရှိလာစေရန် ကားနှင့်သွားလျှင် တစ်ရွာလုံးရှိကားကြီး (လူတင်ကား)များကိုငှားပြီး စုပေါင်းစီးကြသည်။ ကားလုံလောက်မှုမရှိလျှင် ဆိုင်ကယ်နှင့်တက်ရောက်ရမည့်သူကလည်း တစ်စီးနှင့်တစ်စီးကွာဝေးမှုမရှိစေရန် မောင်းနှင်ကြသည်။ ဘုန်းကြီးကျောင်းနားနီးလာလျှင် ကားဆိုင်ကယ်များကို တစ်နေရာတည်းတွင်စုရပ်ကြပြီး ဘုန်းကြီးကျောင်း ဝိုင်းအတွင်းသို့ အိုးစည်ဗုံမောင်းများဖြင့် ဖိနပ်ချွတ်ကာ တန်းစီပြီး ဘုန်းကြီးကျောင်းကို သုံးခါ ဝိုင်းပတ်လျှောက်ရသည်။ အင်မတန် တန်ဖိုးကြီးမြှင့်သော စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။
သင်္ကြန်ကျချိန်တွင် ပအိုဝ်းလူမျိုးများသည်ရေပက်သော အလေ့အထများလည်းရှိ၏။ အများအားဖြင့် သင်္ကြန်အတက်ရက်တွင် ရေပက်လေ့ရှိကြသည်။ ဘုရားသွား ကျောင်းတက်သူများကို မူကား မပက်ကြပေ။
ချစ်စရာကောင်းလွန်းလှသောပအိုဝ်းလူမျိုး၏ရိုးရာ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ရန် ပအိုဝ်းဓလေ့အစစ်အမှန်တည်မြဲနေသေးသော ပအိုဝ်းကျေးရွာများကို အရောက်လှမ်းလာပါရန်ဖိတ်ခေါ်ရင်း အခါကြီးရက်ကြီးသင်္ကြန်ကာလကိုပျော်ရွင်စွာဖြတ်သန်းပြီး နှစ်သစ်ကို လူသစ်စိတ်သစ် အတွေးအခေါ်သစ်များဖြင့် လုပ်ငန်းခွင်အတွင်းသို့ တက်ကြွစွာပြန်လည်ဝင်ရောက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်း အပ်ပါသည်။
နန်းစိန်ကျင်း (အွံအား)
Like On Facebook
Follow On Twitter
Subscribe On RSS