Thursday, April 5, 2018

ကောင်းမှုဖြင့် မိမိရပ်ရွာကို အကျိုးပြုစေချင်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၆) ရက်


“ကုသိုလ်ပညာ၊ ဥစ္စာတစ်မျိုး၊ နေ့စဉ်တိုးအောင်၊ ကြိုးစားလုံ့လ၊ ပြုကြရ” ဟူသည့်အတိုင်း ရရှိရန် ခက်ခဲလှသောလူ့ဘဝကို ရရှိလာကြသည့်လူသားသည် အသက်ရှင်နေထိုင်ရေးအတွက် ဖန်တီးဆောင်ရွက် ကြရသကဲ့သို့ ဖြစ်လာသည့်လူသားဘဝကိုလည်း တန်ဖိုးရှိလှသည့်မိမိဘဝဖြင့် ကျေးဇူးပြုနိုင်ရန် လိုအပ်လှ ပေသည်။

လူသည်တစ်ဦးတစ်ယောက်တည်းနေ၍မရ၊ အစုအဖွဲ့ပတ်ဝန်းကျင်နှင့်နေရသည်ဖြစ်စေ၊ မိမိနေရ သည့်ဘဝအတွင်း မိမိသည်ပတ်ဝန်းကျင်ကို အကျိုးပြုသည့်သူအဖြစ် ဖြစ်သင့်ပါသည်။ အနီးစပ်ဆုံးပတ်ဝန်း ကျင်မှာ မိမိနှင့်မိဘ၊ ဆွေမျိုးရှိရာအိမ်၊ အိမ်နီးချင်း၊ ကျောင်း၊ ရပ်ကွက်၊ မြို့နယ်စသည်ဖြစ်၍ ကာလဒေသ လုပ်ငန်းဆောင်တာအလျောက် ပတ်ဝန်းကျင်သည်ကျယ်ပြောလာသည့်အပြင် လူမှုဆက်ဆံရေးနယ်ပယ် သည်လည်း ကျယ်ဝန်းလာသည်။ အိမ်တစ်အိမ်တွင်နေသောသူသည် အိမ်၏အကျိုးကိုကြည့်ရမည်ဖြစ် သည်။ ထိုနည်းတူကျောင်းတွင်နေသောသူ၊ ရပ်ကွက်မြို့နယ်၊ တိုင်းပြည်စသည့်မိမိဒေသအလျောက် အကျိုး ပြုပေးရမည်ဖြစ်သည်။ နောက်ဆုံးလူ့ဘဝတွင်းမှ လူသားသည် လူ့လောကကိုအကျိုးပြုပေးမှသာ မိမိလည်း လူဖြစ်ရကျိုးနပ်၍ တန်ဖိုးရှိသူဖြစ်မည့်အပြင်လူ့လောကကြီးသည်လည်း သာသာယာယာရှိလာမည်ဖြစ် သည်။ မိမိ၏မိသားစု၊ အိမ်၊ ကျောင်း၊ ရပ်ကွက်ကိုအကျိုးပြုနိုင်စေရန် မိမိသည်လည်းအရည်အသွေးပြည့်နေ ရမည်။ အရည်အချင်းပြည့်မီစေရန်လည်း ရှာဖွေစုဆောင်း၊ ကျင့်ကြံအားထုတ်ကြိုးစားရမည်ဖြစ်သည်။

ပအိုဝ်းလူမျိုးများ၏ရှေးလူကြီးမိဘများသည် တစ်ရက်တာကာလတွင်တွင် ပညာ၊ ဥစ္စာ၊ ကုသိုလ် တစ်မျိုးမျိုး ရရှိအောင်၊ တိုးပွားအောင်လုံ့လစိုက်ထုတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းကောင်း နည်းမွန်ဖြင့် သွန်သင်ဆုံးမလာကြသည်။ အသက်အရွယ်အပိုင်းအခြားအားဖြင့် ပညာ၊ ဥစ္စာ၊ ကုသိုလ်ရှာကြ ရန် သွန်သင်ခဲ့ကြသည်။ အထူးသဖြင့်ငယ်စဉ်တွင် ပညာကိုအပတ်တကုတ်ကြိုးစားသင်ယူကြရန်၊ မိဘဘိုးဘွားများ၏ ခေတ်တွင်ပညာကို မည်သို့မည်ပုံသင်ယူခဲ့ရကြောင်း မည်သို့သော အခက်အခဲများ ရှိကြောင်း သက်သေသာဓက များဖြင့် ဆိုဆုံးမကြသည်။

ခန္ဓာကိုယ်တည်ဆောက်မှုအနေအထား၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအနေအထားအရ  မှတ်ဥာဏ်အားကောင်းသည့်အရွယ်တွင် အသိပညာ၊ အတတ်ပညာကြိုးစာရှာဖွေသင့်သည်သာဖြစ်သည်။  ကုသိုလ်ရှာရာတွင်ကား အရွယ်အပိုင်းအခြား၊ ကန့်သတ်ထားသည်မဟုတ် မိဘ၊ဆရာသမားများ သွန်သင် ဆုံးမကြသည့်အတိုင်း မိမိတို့ကြိုးစားဆည်းပူးထားသည့်အခါ အသိဥာဏ်ပွင့်လျက် အချိန်ကာလမရွေး ဆောင်ရွက်ကြရန်သာဖြစ်သည်။ ကြီးသည်ငယ်သည်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ရာထူးဂုဏ်သိမ် အနိမ့်အမြင့်မဟူ ကုသိုလ်ရှာဖွေ နိုင်ကြသည်သာဖြစ်သောကြောင့် ဗုဒ္ဓဘာသာအယူအဆအရ ကိုယ်ပြုလုပ် သောအရာများသည် ကံ ကံ၏အကျိုးပင်ဖြစ်သည်။

အားကိုးအားထားရာအစစ်အမှန်ဖြစ်သော ဗုဒ္ဓသာသာနာတော်ကြီး ထွန်းကားတိုးတက်ဆုံးသော ဤနိုင်ငံတော်ကြီးတွင် လူဖြစ်လာရသည်မှာကံကောင်းလှပေသည်။ ဘုရားရှင်၏တရားတော်များ၊ အဆုံးအမ များကို သိနားလည်ခွင့်၊ လေ့လာဆည်းပူးသင်ယူခွင့် ရကြသူတို့ကား ပို၍ကံကောင်းကြပေသည်။ ထိုသို့ ယဉ်ကျေးလိမ္မာသော တရားတော်များကိုဆည်းပူးလေ့လာခွင့်ရရှိကြပြီး ဆင်ခြင်တုံတရားများစွာဖြင့် မိမိ ကိုယ်တိုင်၊ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ ရပ်ရွာ၊ မြို့နယ်စသည့်အဆင့်အတိုင်း တိုင်းပြည်ကြီးအထိ ကောင်းမှု ကုသိုလ်ဖြင့် မွမ်းမံနိုင်သောလူသည် လူဖြစ်ရသည်မှာ အလွန်ပင်တတ်ဖိုးကြီးလှပါသည်။

ကုသိုလ်လား၊ အကုသိုလ်လားဟူ၍သိနိုင်ရန်မှာလည်း မိမိ၏သတိ၊ ဥာဏ်ဖြင့်အတိမ်အနက်ပေါ် တွင်များစွာမှီတည်နေပါသည်။ လေ့လာမှု၊ ဆည်းပူးနာခံမှု၊ လိုက်နာကျင့်သုံးမှုတို့က များစွာအထောက်အကူ ပေးပေသည်။ သာသာနာထွန်းကားသည့်အချိန်တွင် လူဖြစ်ရသော်လည်း ဤသို့ကုသိုလ်လား၊ အကုသိုလ် လား ဟူ၍မသိနိုင်၊ အကုသိုလ်မှန်းသိသော်လည်း မရှောင်နိုင်၊ မတိမ်းနိုင်၊ မလုပ်ဘဲမနေနိုင် သိသိနှင့် ဇွတ်အတင်းလုပ်နေသူတို့သည် မိမိတို့၏ဗုဒ္ဓဘာသာကိုးကွယ်မှုအခြေအနေတို့သည် မည်သို့ရှိနေ သည်ကို ကိုယ့်ကိုဆန်းစစ်တွက်ချက်ရန်သာဖြစ်သည်။ လူဖြစ်ရကျိုးမနပ်၊ အချိန်ကောင်းနှင့်မထိုက်တန်သူ သာဖြစ် တော့သည်။

ကမ္ဘာ့အလယ်တွင် ပအိုဝ်းလူမျိုးများသည် မြတ်ဗုဒ္ဓ၏အဆုံးအမနှင့် အညီဝင့်ထည်လှစွာ တည်ရှိနေသော ကျွန်ုပ်တို့လူမျိုးသည် သာသာနာတော်နှင့်ကြုံတွေ့ခိုက် သာသာနာ ဆက်လက် တည်တံ့ခိုင်မြဲရန်နှင့် ပိုမိုတိုးတက်စေရန်နှင့် ရပ်ရွာဒေများကို မြတ်စွာဘုရားကျင့်စဉ် မဇျမပဋိပဒါလမ်းစဉ်အတိုင်း စီမံအုပ်ချုပ် စေချင်သည်။ ထိုသို့မဟုတ်ဘဲ လောဘဒေါသ၊ မောဟကိုရှေ့တန်းတင်ပြီး သူသေသေ ငါမသေရင်ပြီးရော ဟူသည့်အကုသိုလ်တရားဖြင့် နိုင်ထက်စီးနင်းအုပ်ချုပ်ကာ ငါတတ်၊ ငါသိ၊ ဟူသော သူ့လောက် တတ်သိသူမရှိဟု ကိုယ့်ကိုကိုယုံကြည်မှုလွန်ကဲနေသောသူမျိုး၏စီမံအုပ်ချုပ်မှုအတွင်းရှိသော မိမိတို့ အုပ်ချုပ်ခံလူထု များသည်လည်း ခံသာမည်မဟုတ်ပေ။

ပအိုဝ်းလူမျိုးများသည် အေးချမ်းစွာနေထိုင်ကြသည့်လူမျိုးဖြစ်သည့်အလျောက် သူတစ်ပါး၏အရေး ကို စိတ်ပါဝင်စားမှုနှင့် ဝင်ရောက်နှောင့်ယှက်မှုများ မရှိလှပေ။ စည်းလုံးညီညွတ်မှုဖြင့် ရပ်ရွာအကျိုး၊ ဒေသ အကျိုး၊ တိုင်းပြည်အကျိုးကို စုပေါင်းလုပ်ဆောင်တတ်ကြသည်။ ထိုသို့စည်းလုံးညီညွတ်မှုဖြင့် အများ အကျိုးကို ဆောင်ရွက်နေရင်းဖြင့် ယနေ့ခေတ်အပြောင်းအလဲကြောင့် ရိုးသားကြိုးစားမှုဖြင့် ရပ်ရွာအကျိုး ဆောင်ရွက်မှုနည်းပါးလာပါသည်။ သူထက်ငါ အပြိုင်အဆိုင်နေရာလုယူကြရင်း ရပ်ရွာအကျိုးများကိုလည်း စိတ်ရင်းစေတနာဖြင့် လုပ်ဆောင်သူနည်းပါးလာကာ အကျိုးအမြတ်လိုလားသော သူများလည်း ပအိုဝ်း ဒေသတွင် ပေါများလာရသည်။

ထိုသို့သူထက်ငါ အပြိုင်အဆိုင်ဆောင်ရွက်လာမှုကြောင့် ပအိုဝ်းဒေသများသည် ဆုတ်ယုတ်လာမှု များလည်းရှိနေပြီဖြစ်သည်။ ယနေ့အချိန်သည် ခေတ်စနစ်အရ တိုးတက်ပြောင်းလဲလာမှုနှင့် ဦးဆောင်သူ လူကြီးများ၏အမြော်အမြင်ဖြင့် ခေတ်ပညာတတ်များလည်းပေါများလာနေပြီဖြစ်သည်။ ထိုသို့ခေတ်ပညာ တတ်ပေါများလာသည်နှင့်အမျှ ရပ်ရွာကိုချစ်မြတ်နိုးပြီး ကျေးရွာတိုးတက်အောင်၊ကျေးရွာအတွင်း ကျန်ရှိ သောရပ်ရွာနေသူများကို မျက်စိပွင့်နားပွင့်ဖြစ်စေလိုသောကြောင့် ကျေးရွာလူထုများနှင့်ပူးပေါင်းပြီး ပညာပေးခြင်း ဟောပြောပွဲများ ပြုလုပ်လိုသည်လည်းရှိနေသည်။ သို့သော် ကျေးရွာတွင်ဦးဆောင်နေသော ပညာ တတ်အမြင်ကျဉ်းသူက ငါ့ထက်သူက အများ၏ယုံကြည်မှုများရရှိသွားလေမလားဟူသော အမြင်ဖြင့် တားဆီးခဲ့ကြသည်ကိုလည်း မိမိတို့ ကြုံတွေ့နေရသည်။ ထိုနည်းကြောင့် မိမိကျေးရွာ နှောင့်နှေးကျန်ခဲ့မှု လည်းရှိနေပြီဖြစ်သည်။

ထို့ကြောင့်မိမိ၏တတ်သိပညာများဖြင့် ကျေးရွာအကျိုး၊ ရပ်ရွာအကျိုး၊ မြို့နယ်အကျိုး၊ တိုင်းပြည် အကျိုးများကို စေတနာ၊ အနစ်နာ၊ ဝါသနာ ဟူသော နာသုံးနာဖြင့် စီမံအုပ်ချုပ်မင်းလုပ်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နန်းစိန်ကျင်း (အွံအား)   

Powered by Blogger.