ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက်တွင် ၂၀၁၈ခုနှစ်၊ မေလ(၂) ရက်မှ စတင်ပြီး ပအိုဝ်းစာပေမြှင့်တင်ပြန့်ပွားရေး (ဗဟို) သံဃာအဖွဲ့မှ ဦးဆောင်၍ ဖွင့်လှစ်သည့် ပအိုဝ်းစာပေ(ဗဟို) ဆရာဖြစ်သင်တန်းသို့ မေလ(၇)ရက်နေ့တွင် ပအိုဝ်းအမျိုးသားခေါင်ဆောင်ကြီး ဖြားတန်အောင်ခမ်းထီ (အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင်) က သင်တန်းသို့တက်ရောက်လာသည့် သင်တန်းသား/သူများအား သြဝါဒစကားမိန့်ကြားခဲ့ကြောင်း သိရသည်။
သံဃာတော်များအနေဖြင့် မေတ္တာ ကရုဏာ ရှေ့ထားကာ ပအိုဝ်းလူငယ်မောင်မယ်များ အနေဖြင့် ပအိုဝ်းစာပေတတ်မြောက်လာအောင်၊ ဗုဒ္ဓဘာသာ ဘုရားဥပါသကာ ဥပါသိကာမဖြစ်ကြသူများပီပီ ဘာသာတရားအသိ ရတနာသုံးပါး သက်ဆုံးတိုင် နှလုံးသားထဲတည်နိုင်အောင် နှစ်စဉ်(ဗဟို) ပအိုဝ်းစာပေ ဆရာဖြစ်သင်တန်း ဖွင့်လှစ်ပေးပြီး သင်ကြားပေးပါကြောင်း၊ ပအိုဝ်းပြည်သူများသည် ဗုဒ္ဓဘာသာမျိုးနွယ်ပီပီ ဘာသာရေးအမြင်များ ပိုမိုသိမြင်လာအောင် သံဃာတော်များက သင်ကြားပဲ့ပြင် ဆုံးမသည့်အတွက် သံဃာတော်များ၏ကျေးဇူးသည် အင်မတန်မှ ကြီးမြတ်ပါကြောင်း၊ ပအိုဝ်းပြည်သူများအနေဖြင့် မိမိလူမျိုးတိုးတက်လာအောင် ယခုခေတ်နှင့်အညီ အင်္ဂလိပ်စာ စသည့် သင်ယူလေ့လာသင့်သည့် ဘာသာရပ်များကိုကျွမ်းကျင်အောင် လေ့လာသင်ယူဖို့လိုပါကြောင်း စသည့် သြဝါဒများကို မိန့်ကြားခဲ့ကြောင်း သိရသည်။
ငယ်စဉ်ဘဝကပင် ယနေ့အထိ ပအိုဝ်းအမျိုးသားရေးအတွက် မေတ္တာ ကရုဏာ ရှေ့ထားကာ စွမ်းစွမ်းတာမံ စွမ်းဆောင်ပေးနေသည့် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးအား စန္တာခမ်း သံဃာအဖွဲ့နှင့် (၃၄)ကြိမ်မြောက် ပအိုဝ်းစာပေ (ဗဟို) ဆရာဖြစ် သင်တန်းသို့ တက်ရောက်သည့် စန္တာခမ်း သင်တန်းသူ/သားများက “ခွန်ပအိုဝ်းဆု” ဂုဏ်ပြု လက်မှတ်ချီးမြှင့်ကြောင်း သိရသည်။
ယခုနှစ် ပအိုဝ်းစာပေ(ဗဟို)ဆရာဖြစ်သင်တန်းတွင် သံဃာ(၂၁၃)ပါး၊ သာမဏေ(၈၄) ပါး၊ သီလရှင်(၁၂) ပါး၊ မျိုးဆက်သစ်လူငယ် ကျား(၈၄၃)ဦး၊ မျိုးဆက်သစ်လူငယ် မ (၉၉၄)ဦး စုစုပေါင်း (၂၁၄၃)ပါး/ဦး တက်ရောက်ကြကြောင်း သိရသည်။ မနက်ဖြန်တွင် သင်တန်းဆုပေးပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ခွန်ရာဇာဓိပတိ
Like On Facebook
Follow On Twitter
Subscribe On RSS