Friday, June 22, 2018

လူမျိုးဂုဏ်ဆောင်ပေးသောစာပေ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၂)ရက်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုပေါင်း (၁ဝဝ)ကျော်ရှိသည့်အနက် ပအိုဝ်းလူမျိုးတို့သည် သမိုင်းစဉ်ဆက်ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများရှိခဲ့သော တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေးကျသောလူမျိုးလည်းဖြစ်သည်။ လူနည်းစုဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ကျယ်ပြန့်စွာ သိရှိနိုင်ခြင်းမရှိပေ။ လူမျိုးတစ်မျိုး နိုင်ငံတွင်းလူသိလာစေရန် အဓိကကျဆုံးမှာ စာပေယဉ်ကျေးမှုပင်ဖြစ်သည်။

စာပေအက္ခရာတို့သည် တိုင်းသူပြည်သား လူအများစုတို့၏ အမြင်ကျယ်မှု ဒိဗ္ဗစက္ခု အတားအဆီးမရှိ မြင်နိုင်သော မျက်စိကောင်းသဖွယ်ဖြစ်စေပြီး၊ ပြည်သူလူထုတို့၏ ကြေးမှုံသဖွယ်ဖြစ်စေသည်။ လူမျိုးတစ်မျိုးဖွံဖြိုးတိုးတက်ရန်၊ နိုင်ငံကျော်ရန်၊ လူမျိုးဂုဏ်ရည်မြင့်တင်ရန် စာပေသာအဓိကကျသည်ဟု ပြောနိုင်ပါသည်။

ထို့ပြင် အခြားသောရှုထောင့်မှကြည့်ရလျှင် ယခုချိန်ခါ၌ ပအိုဝ်းတိုင်းရင်းသားလူဦးရေပေါင်းများပြားလာသော်လည်း စာပေနှင့် ယဉ်ကျေးမှုမှာ မှေးမှိန်နေခြင်းကို တွေ့မြင်ရသည်။ ငယ်ရွယ်စဉ်ကတည်းကပင် မိဘ၊ ပတ်ဝန်းကျင် အစရှိသည့် အသိုင်းအဝိုင်းများက ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုကိုအလေးမထားခြင်းကြောင့် ယခုလိုဆိုးကျိုးများ ခံစားနေရခြင်းဖြစ်သည်။ State ကျောင်းအပါအဝင် တက္ကသိုလ်အသီးသီး၌ ပညာသင်ယူနေကြသော ပအိုဝ်းတိုင်းရင်းသား ကျောင်းသူ/သား အများစုသည် ကိုယ်ပိုင်စာပေကို ကျွမ်းကျင်စွာတတ်မြောက်သော ကျောင်းသူ/သားသည် အနည်းငယ်မျှသာရှိပေသည်။

အဘယ်ကြောင့်ဆိုသော် ယခင်ကမိဘ၊ အသိုင်းအဝိုင်းကြောင့်နှင့် ပအိုဝ်းစာပေသင်ကြားပေးမည့် ဆရာ/မ များမပြည့်စုံခြင်းပင်ဟုယူဆရသည်။ ဤသို့အပြုအမူများခြင်းကြောင့်လည်း ပအိုဝ်းလူမျိုးတိုးတက် ဖွံ့ဖြိုးရေးတွင် နှောင့်နှေးစေခြင်းဖြစ်သည်။ ယခင်ကထက် ယခုအချိန်ခါတွင် ပညာတတ်များပြားလာပြီဖြစ်၍ ပအိုဝ်းစာပေတတ်မြောက်မှု အားနည်းနေသော ပအိုဝ်းတိုင်းရင်းသူ/သား အပါအဝင်၊ မျိုးဆက်သစ်လူငယ်များကို အလေးပေးသင်ကြားပေးရန်လိုအပ်ပေသည်။

သော်တာလမင်း၏ အေးမြဝင်းသောအလင်းရောင်သည် ညခင်းကမ္ဘာ၏အမှောင်ထုကို ထိန်လင်းစေသည်။ ကျောက်သံ၊ ပတ္တမြားတို့၏ အရောင်ကြောင့် တောင်၏ဂုဏ်သည် ပိုမိုပြည့်စုံလာရသည်။ သစ်ပင်သစ်တောများကြောင့် တောတောင်စိမ့်စမ်းရေရရုံနှင့် နန်းတော်တို့၏အလှကို ပိုမိုပြည့်စုံလာသည်။ ထိုနည်းတူစွာပင် လူမျိုးဂုဏ်ရည်တွင်လည်း စာပေယဉ်ကျေးမှု ပြန့်ပွားသည့်နေရာတွင် အဓိကကျသည်။

ယခုခေတ်ကာလအချိန်ကြည့်ရလျှင် နှစ်တိုင်းပအိုဝ်းလူမျိုးတို့၏ ဗဟိုသံဃာအဖွဲ့တို့မှဦးဆောင်ပြီး ဖွင့်လှစ်ပေးသော ပအိုဝ်းစာ ဆရာဖြင့်သင်တန်းကိုကြည့်ရလျှင် နှစ်တိုင်းလူဦးရေတိုးများလာသည်။ သင်တန်းပြီးဆုံးသော်လည်း မိမိရပ်ရွာရှိမျိုးဆက်သစ်လူငယ်များအတွက် ပြန်လည်ဝေမျှခြင်းမရှိပါက ရလဒ်အကျိုးနည်းစေမည်ဖြစ်သည်။ ထို့ကြောင့် သွားခဲ့သည့်လူဦးရေအတိုင်း ယောက်တိုင်းလိုလိုပြန်ဝေမျှပေးနိုင်ရန် မလွယ်သော်လည်း ထက်ဝက်မျှမိမိရပ်ရွာအကျိုးသယ်ပိုးရင်း အနာဂါတ်မျိုးဆက်သစ်လူငယ်များကို ပြန်လည်သင်ပြပေးရန်လိုအပ်ပေသည်။

ပညာရှိ၊ ပညာတတ်သံဃာတော်များနှင့် အမျိုးသားခေါင်းဆောင်တို့က တတ်အားသမျှထိန်းသိမ်း လာနိုင်ခဲ့ပြီး မျိုးဆက်သစ်လူငယ်များဖြစ်သော ကျွန်တော်/မ တို့နှင့်ညီငယ်၊ ညီမငယ်တို့လည်း မိမိကိုယ်ပိုင် စာပေကို တတ်မြောက်ပြီး အမျိုးဘာသာကို ထိန်းသိမ်းသွားနိုင်ရန်လိုအပ်သည်။ ထို့ကြောင့် ရှိပြီးသား အပင်ကိုထိန်းသိမ်းခြင်းသည် မရှိသေးသောတောင်ကတုံးလောက်ပျိုးထောင်ရန် ခက်လိမ့်မည်မထင်သောကြောင့် လက်ရှိ ပအိုဝ်းစာပေကို ပအိုဝ်းလူငယ်များက ဆက်လက်ထိန်းသိမ်းရန် လွယ်နေပြီဖြစ်သည်။ လူတိုင်းတာဝန်ကိုယ်စီ ဖြင့်ထိန်းသိမ်းရုံသာမက ပိုမိုတိုးတက်ရန်၊ ကမ္ဘာ့နိုင်ငံများအထိ လူအများသိလာအောင် လုပ်ဆောင်ရမည်ဖြစ်သည်။

အချို့သော ပအိုဝ်းတိုင်းရင်းသားမိသားစုမှာ မြို့ပေါ်တွင်နေထိုင်ကြသောကြောင့် ပတ်ဝန်းကျင် အရသူတစ်ပါးဘာသာစကားကို သုံးလာကြသည်။ အခြေအနေအချိန်အခါပေါ်မူတည်၍ လိုအပ်သလို သုံးတတ်ရန်လိုသည်။ မိသားစုတွင်းတွင် အချင်းချင်းအပြန်အလှန်စကားစမြည် ပြောဆိုသည့်အခါ၌ မိမိလူမျိုး စာပေကို ထိန်းသိမ်းသည့်အနေဖြင့် မိမိပိုင်မိခင်ဘာသာစကားဖြင့်ပြောရန် လိုအပ်သည်။ သူတစ်ပါးဘာသာစကား ကိုသုံးခြင်းဖြင့် ကိုယ်ပိုင်ဘာသာစကားကို ရေထဲနစ်သည်ထက်နစ်အောင် လုပ်နေသည်နှင့်သဏ္ဏန်တူလိမ့် မည်။ “ မိမိအမျိုးကိုချစ်ပါ။ မိမိဘာသာစကားကိုပြောပါ။ ကြွေးကြော်ပါ။ ” ဤသို့လုပ်ခြင်းသည် မိမိကိုယ်ပိုင်ရတနာကို ထိန်းသိမ်းပြီးသည်သာမက ကိုယ်ပြောထွက်လိုက်သည့် ရတနာစကား လေထဲလွင့်ပါပြီး လူတစ်ဦးတစ်ယောက်ဆီမှ ကမ္ဘာတစ်ဝန်းဆီသို့ ပို့ပေးပြီးသား ကုသိုလ်တစ်ပါးဖြစ်စေသည့်အတွက် အကျိုးများစွာရှိစေသည်။

မိမိတစ်ဦးတစ်ယောက်ကြောင့် လူမျိုးတစ်ခုလုံးရေနက်ထဲမှ ကောင်းကင်ပြာပေါ်ထိ ထိုးတက်လာစေနိုင်သည်။ ကုသိုလ်များစွာရရှိသည့် ဤအလုပ်မျိုးကို လူတိုင်းကိုယ်စီအသိစိတ်ဖြင့် တာဝန်ယူကြပြီး အဘက်ဘက်မှပြည့်စုံသည်အထိ ကုသိုလ်ယူကြရင်း အတူတကွပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်သည်။

ထို့ကြောင့် ပအိုဝ်းစာပေသည် မိမိတို့လူမျိုး၏ အသက်သွေးကြောဖြစ်သည့်အတွက် ပအိုဝ်းစာတတ်ရန်အထူးလိုအပ်သည်။ တစ်ချိန်က နှုတ်ဖြင့်သာ ပြောဆိုသုံးစွဲလာကြသည့် ရာဇဝင်သမိုင်းများကို စာဖြင့်ရေးသားရန်အတွက် “ ဒါ;တဝ်းလိတ်သားယံထို,မား၊ ဖြားဆားမူ;ခိုသွဉ်လိတ်ယို” စသည့် စာသားကို လက်ကိုင်ထားပြီး ပအိုဝ်းစာပေတတ်မြောက်ရန် ပအိုဝ်းလူမျိုး မျိုးဆက်သစ်လူငယ်လူရွယ်တို့ လက်ဝယ်တွင် ရောက်ရှိလာပြီဖြစ်သည့်အတွက် ကျေးဇူးဆပ်ရင်းနှင့် တိုးတက်ပြန့်ပွားအောင် အချိန်နှင့်တပြေးညီ ကြိုးစားရန်လိုအပ်ပြီး၊ ပအိုဝ်းတိုင်းရင်းသားမျိုးဆက်သစ်လူငယ်တိုင်း တာဝန်ရှိကြောင်း အသိပေးနိုးဆော်အပ်ပါသည်။

ပအိုဝ်;မူဗွာ
Powered by Blogger.