Friday, June 29, 2018

ရွှေ့ပြောင်းသွားလာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၉)ရက်






၂၀၁၈-ခုနှစ်၊ ဇွန်လ(၂၉)ရက်၊ သောကြာနေ့ မနက်(၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ Taunggyi City Hotel၌ ရွေ့ပြောင်းသွားလာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အခမ်းအနားတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ခင်မှ အဖွင့်အမှာစကားနှင့် KMSSမှ လက်ထောက်စီမံကိန်းမန်နေဂျာ ခွန်စိုးသူက ၎င်းတို့၏ လုပ်ငန်းအစီအစဉ်များအကြောင်းနှင့် တွဲလက်စီမံကိန်း အကြောင်းကို လက်ထောက်စီမံကိန်းမန်နေဂျာ ခွန်လန်းဖြူ၊ စီမံကိန်းအရာရှိ ခွန်လှိုင်ဝင်းက (၂၃-၇-၂၀၁၈)ရက်နေ့တွင် ပြုလုပ်မည့် ရွှေ့ပြောင်းသွားလာခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအတွက် အကြံဥာဏ်များရယူခြင်း အကြောင်းတို့ကို အသီးသီးရှင်းလင်းပေးခဲ့ကြောင်းသိရသည်။

တွဲလက်စီမံကိန်းဆောင်ရွက်ရန် လ(၃၀)အချိန်ရပြီး ယခုမှာ(၁၈)လပြီးပြီဖြစ်၍ ပြီးခဲ့သည့် (၁၈)တောတွင်းလုပ်ဆောင်ချက်များထဲမှ အားသာချက်၊ အားနည်းချက်များကို ထုတ်နုတ်၍ ကျန်ရှိနေသည့် (၁၂)လအတွက် အကောင်းဆုံးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် (၂၃.၇.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် Migration and Development Seminar အတွက် နယ်စုံမှ အုပ်ချုပ်သူ၊ ဘာသာရေးခေါင်းဆောင်၊ မိတ်ဖက်အဖွဲ့အစည်း၊ အလုပ်သမားဝန်ကြီးဌာနများနှင့်တွေ့ဆုံပြီး အကြံဥာဏ်များရယူလိုခြင်းနှင့် ယနေ့ဆွေးနွေးချက်များမှ ဆုံးဖြတ်ချက်များကို ရယူပြီး ကျန်ရှိနေသေးသည့် (၁၂)လကို ဆက်လုပ်မည်ဖြစ်သည့်အတွက် ယနေ့အကြိုအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ခင်က ပြောကြားခဲ့သည် ။

တွဲလက်စီမံကိန်းကို အလှူရှင်LIFTအဖွဲ့အစည်း၏ ထောက်ပံ့ခြင်းဖြင့်  (၁.၁.၂၀၁၇)ခုနှစ်မှ (၁.၆.၂၀၁၉)ခုနှစ်ထိ လုပ်ဆောင်မည်ဖြစ်ပြီး စီမံကိန်းလုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ အကျိုးရှိသောရွေ့ပြောင်းသွားလာခြင်း၊ ကျေးလက်နေပြည်သူများဆီသို့ စီမံကိန်းလုပ်ငန်းများရောက်ရှိစေရန်၊ ရွေ့ပြောင်းသွားလာခြင်းကို နိုင်ငံတော်အဆင့်နှင့် ဒေသန္တရအဆင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်ရေးဆွဲရာတွင် အထောက်အကူပြုနိုင်မည့် ယန္တရားတစ်ခုဖြစ်လာစေရန်၊ ရွေ့ပြောင်းသွားလာခြင်းမပြုလုပ်မီ လုံခြုံစွာရွေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပေးခြင်း၊ ကျွမ်းကျင်မှုနှင့် အရည်အသွေးတိုးတက်မှုဆိုင်ရာသင်တန်းများ၊ အလုပ်အကိုင်နှင့် ချိတ်ဆက်ပေးခြင်း စသည်တို့ဖြစ်ကြောင်းသိရသည်။

လက်ထောက်စီမံကိန်းမန်နေဂျာ ခွန်လန်းဖြူမှ စီမံကိန်းစတင်နိုင်ရန် စတင်ခဲ့သည့်နည်းလမ်းများ၊ စီမံကိန်းလုပ်ဆောင်မည့်ဒေသရွေးချယ်ရန်စံသတ်မှတ်ချက်များ၊ စီမံကိန်းကျေးရွာစာရင်းများ၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် စစ်တမ်းကောက်ယူခဲ့သောမြို့နယ်များနှင့် ကျေးရွာအရေအတွက်စာရင်း၊ ရွေ့ပြောင်းသွားလာသည့်နေရာတွင် လုပ်ကိုင်လျက်ရှိသော အလုပ်အကိုင်များအကြောင်းများကိုလည်း ရှင်းလင်းတင်ပြပေးခဲ့ပြီး တွဲလက်စီမံကိန်းမှ ဦးဆောင်ပြီး လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ပို့ချသင်ကြားပေးသော သင်တန်းများမှာ ဆိုင်ကယ်နှင့် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ခြင်းသင်တန်း၊ အလှပြင်သင်တန်း၊ စက်ချုပ်သင်တန်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း၊ LCCIစာရင်းကိုင်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ ပန်းရံသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ခြင်းသင်တန်း၊ ကားပြင်သင်တန်း၊ မုန့်ဖုတ်သင်တန်း၊ စားဖိုမှူးနှင့် မုန့်ဖုတ်သင်တန်း၊ ဖုန်းပြင်သင်တန်းနှင့် ကျားဆံပင်ညှပ်သင်တန်းတို့ဖြစ်ပြီး အဆိုပါ သင်တန်းအသီးသီးအားလုံးများမှ သင်တန်းသား/သူ စုစုပေါင်း(၅၀၂)ဦး သင်ယူတတ်မြောက်ခဲ့ကြပြီး တက်ရောက်လေ့လာသူ (၅၀၀)ဦးကျော်များထဲမှ  အလုပ်အကိုင်ရရှိသူ (၆၀)ဦးခန့်ရှိပြီ ဖြစ်ကြောင်းကိုလည်း ထပ်မံရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဆွေးနွေးပွဲတွင် အဓိကဆွေးနွေးသောအချက်များမှာဘာကြောင်းရွေ့ပြောင်းသွားလာကြသလဲ၊ ရွေ့ပြောင်းသွားလာခြင်း၏ ဒေသအတွက်ကောင်းကျိုးဆိုးကျိုးများ၊ ဒေသတွင်း တရားဝင်၊ တရားမ၀င်သွားလာခြင်းမှ မည်သည်က ပိုများပြီး တရားဝင်သွားခြင်း၏ (အားသာချက်၊ အားနည်းချက်၊ တရားမ၀င်သွားခြင်း၏ (အားသာချက်၊ အားနည်းချက်)၊  တရားမ၀င်သွားလာခြင်း လျော့ကျအောင်ဘယ်လိုလုပ်ဆောင်သင့်လဲ၊ တရားဝင်သွားလာခြင်းလမ်းကြောင်းပိုကောင်းအောင် ဘယ်လိုလုပ်စေချင်၊ ရွေ့ပြောင်းသွားလာခြင်းလျော့ကျအောင် ဘယ်လိုလုပ်ဆောင်သင့်လဲ စသည်တို့ဖြစ်ကြောင်း သိရှိရပါသည်။

ထိုဆွေးနွေးပွဲသို့ တောင်ကြီးမြို့ ပုံဆွေပင်ကျောင်း ဆရာတော်၊ ကက္ကူဗုဒ္ဓရက္ခိတကျောင်း ဆရာတော်၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ခင်နှင့် အဖွဲ့များ၊ TYO၊ KMSS၊ D.O.L၊ PYN၊ ရွှေအင်းသူနှင့် လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဖယ်ခုံမြို့နယ်အသီးသီးမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်နောင်ခမ်းဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းမှမန်နေဂျာစုစုပေါင်း (၃၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းဆုဗွေ
Powered by Blogger.