Wednesday, July 18, 2018

ပအိုဝ်းဒေသအခြေအနေနှင့် လူနေမှုဘဝ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်


မြန်မာနိုင်ငံ၏တန်ဖိုး တိုင်းရင်းသားလူမျိုးများအားလုံးနှင့် ပအိုဝ်းလူမျိုးများအားလုံး၏တန်ဖိုးသည် ကျေးလက် ယဉ်ကျေးမှုဘ၀ဟု ဆိုနိုင်ပေသည်။ ကျေးလက်ဒေသများတွင် လွန်စွာချစ်စရာကောင်းသော ယဉ်ကျေးမှုများ၊ စည်းလုံး ညီညွတ်မှုများရှိကြသည်။ မြန်မာနိုင်ငံ၏ ၈၅%သော ဧရိယာသည် စိုက်ပျိုးရေးကိုလုပ်ဆောင်နေကြသော တောင်သူလယ်သမားများဖြစ်သောကြောင့် လူဦးရေ၏ ၈၅%မှာလည်း ကျေးလက်တွင်နေထိုင်သော လူများဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ထိုနည်းတူပအိုဝ်းလူမျိုးများသည်လည်း ၉၀%နှုန်းခန့်သည် ကျေးလက်နေပြည်သူများ ဖြစ်ကြပြီး စိုက်ပျိုးရေးမျိုးစုံဖြင့် အသက်မွေးဝမ်းကျောင်းကို ရိုးသားစွာလုပ်ကိုင်စားသောက် နေထိုင်ခဲ့ကြသည်။

ကျေးလက်နေပအိုဝ်းလူမျိုးများ၏ချစ်စရာကောင်းသော ယဉ်ကျေးမှုများမှာ ဧည့်ဝတ်ကျေပွန်ကြပြီး နွေးထွေး ပျူငှာကြသည်။ အိမ်သို့အလည်လာသောဧည့်သည်များကို အထူးလေးစားလျက် အိမ်ဦးခန်းတွင် နေရာချပေးကြသည်။ စားသောက်ဖွယ်ရာများဖြင့်လည်း အထူးဂရုပြုလျက်ရှိသည်။ ထိုသို့ဧည့်ဝတ် ကျေပွန်နိုင်ရန် ကျေးလက်အိမ်ဝိုင်းကြီး များကကျယ်ဝန်းလှ၏။ အိမ်၏တည်ဆောက်မှုမှာလည်း ပအိုဝ်းလက်ရာများဖြင့် တည်ဆောက်ထားသောကြောင့် ခိုင်ခန့်လှသည်။ ထိုသို့ဧည့်သည်များကို ဧည့်ဝတ်ကြေပွန်ရန် ရိုးရာထွက်ကုန်များဖြင့်တည်းခင်းဧည့်ခံကျွေးမွေးကြသည်။ ထိုအပြုအမူများသည် ပအိုဝ်းကျေးရွာတိုင်းတွင် လုပ်ဆောင်ကြသောကြောင့် ပအိုဝ်းကျေးရွာသို့ ရောက်ဖူးသူတိုင်း မမေ့နိုင်သော အချက်များဖြစ်ကြောင်း သိရှိနိုင်ပေမည်။

ဧည့်ဝတ်ကျေပွန်ရန်အတွက် မိမိတို့၏လယ်ယာထွက်ကုန်များဖြင့် တည်ခင်းဧည့်ခံကြရသည်။ ထိုသို့တည်ခင်း ဧည့်ခံနိုင်ရန် မိမိတို့ဒေသအလိုက်စိုက်ပျိုးလေ့ရှိသော ဒေသထွက်ကုန်၊ စားသောက်ကုန်များကို စိုက်ပျိုးနိုင်ရန် မြေအလုံ အလောက်ရှိရန်လိုအပ်ပါသည်။ မြေအလုံအလောက်ရှိမှသာ မိမိစိုက်ပျိုးလိုသော သီးနှံပင်များကို စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ယနေ့ခေတ်ကာလအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊ စီးပွားရေးကြပ်တည်းလာခြင်း၊ စိုက်ပျိုးမြေများ နည်းပါးလာခြင်း၊ မြေဆီလွှာများပျက်စီးလာခြင်းတို့ကြောင့် ဧည့်ဝတ်ကျေပွန်နေကြသော ပအိုဝ်းကျေးရွာတိုင်း၏ ယဉ်ကျေးမှု ယိုယွင်းပျက်စီးလာမည်ကို စိုးရိမ်မိပါသည်။

ခေတ်စနစ်ပြောင်းလဲလာမှုကြောင့် သိမ်းဆည်းခံလယ်မြေများလည်း တစ်နိုင်ငံလုံးဖြစ်သည်သာမက ပအိုဝ်း ဒေသတွင်းရှိ လယ်ယာမြေများလည်း ဧကပေါင်းမြောက်များစွာပါရှိနေပါသည်။ ထိုသို့သိမ်းဆည်းခံရမှုများကြောင့် တောင်သူလယ်သမားများသည် စိုက်ပျိုးရေးကို သီးစားအဖြင့်ပြန်လည်ငှားရမ်းစိုက်ပျိုးနေရသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော ထယ်ကိရိယာများအတွက်သာ ခုတ်ယူအသုံးပြုကြသော်လည်း သစ်ထုတ်လုပ်ရောင်းချသူများကြောင့် သစ်တောတစ်တောလုံးပြုန်းတီးနေသော အနေအထားများလည်း များစွာမြင်တွေ့နေရသည်။ ထို၏အကျိုးဆက်များက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်ပေါ်လျက်ရှိရာ တောင်သူလယ်သမားများအတွက် ကပ်ဆိုးကျရောက်သကဲ့သို့ ခံစားနေရပါသည်။

မိုးသည်လွန်စွာခေါင်၍ ရွာမည်ဆိုလျှင်လည်းလွန်စွာရွာသွန်းတတ်သောကြောင့် စိုက်ပျိုးသီးနှံများလည်းအောင်မြင်မှု မရှိသည့်အပြင် ဝယ်ယူအသုံးပြုရသော ပစ္စည်းများကိုဈေးကြီးပေးဝယ်ရပြီး စိုက်ပျိုးသီးနှံများက ဈေးကွက်ထိုးဖောက်နိုင်မှု မရှိသည်ကိုလည်း ကြုံတွေ့နေရသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် နှစ်စဉ်အရှုံးစာရင်းနှင့်သာ ရင်ဆိုင်ကြရသည်။ တောင်သူလယ်သမားများ၏သားသမီးများသည် မိဘများထံလယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကို အမွေဆက်ခံလိုစိတ်၊ ထိန်းသိမ်းလိုစိတ်မရှိတော့ဘဲ လတ်တလောစားဝတ်နေရေး ပြဿနာကိုသာ ဖြေရှင်းနိုင်မည့်နည်းလမ်းအတိုင်း နိုင်ငံရပ်ခြားများသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်နေရသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် လယ်ယာလုပ်သားရှားပါးမှုက ကျေးလက်ကိုဖိစီးလာသည့် ပြဿနာ တစ်ရပ်ဖြစ်နေပြီဖြစ်သည်။ ကျေးရွာအတွင်းလူငယ်လူရွယ်များမရှိသလောက်ဖြစ်နေပြီဖြစ်သည်။ သက်ကြီးရွယ် အိုများသာ လယ်ယာလုပ်ငန်းကိုတစ်လှုပ်လှုပ်နှင့်လုပ်ကိုင်နေကြရသည်။ ကျေးရွာဧရိယာများအတွင်းလည်း ကျွဲစာ၊ နွားစာများ ရှားပါးလာသည့်ပြဿနာနှင့် စားကျက်နေရာကျဉ်းကြပ်လာကာ ကျွဲနွားများလည်း ရှားပါးလာနေပြီဖြစ်သည်။ စက်မှု လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်မှုကို အားလုံးလုပ်ကိုင်နိုင်ခြင်းမရှိသေးသောကြောင့် ကျွဲနွားကိုအားကိုးနေရသေးသော တောင်သူများလည်းရှိနေသေးသည့်အတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရပါသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အပြန်အလှန်လုပ်အားပေါင်းကြခြင်း ပအိုဝ်းအခေါ် (ပဒေါ့လူး လဲုင်းဝင်) ၊ အခါကြီးရက်ကြီးများ၌ လူကြီးသူမများအားပူဇော်ကန်တော့ကြခြင်းဓလေ့၊ အစရှိသည့် စုပေါင်းလုပ်ဆောင်တတ်ကြသော ကျေးလက်ယဉ်ကျေးမှုတို့ကို အမွေပေးရန် ကျေးရွာအတွင်းရှိ လူငယ်များက နိုင်ငံရပ်ခြားသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ကြရသည့် ထိုယဉ်ကျေးမှုကို လက်ကမ်းနိုင်သည့်အခြေအနေလည်း မရှိတော့ပေ။ ထိုအခြေအနေများသည် တစ်ဖက်တွင်မူ ခေတ်၏တိုးတက်လာခြင်းဟု ပြောဆို၍ရသော်ငြားလည်း တစ်ဖက်တွင်မူ ပအိုဝ်း ရိုးယာဓလေ့များကို များစွာ ဆုတ်ယုတ်စေပါသည်။

ထိုသို့ပအိုဝ်းရိုးရာယဉ်ကျေးမှုကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ပအိုဝ်းလူမျိုးများ၏အဓိကအလုပ်အကိုင် ဖြစ်သော စိုက်ပျိုးရေးကို ပြန်လည်ထိန်းသိမ်းရန်လိုအပ်ပါသည်။ ထိုသို့စိုက်ပျိုးရေးကို ပြန်လည်လုပ်ဆောင်နိုင် ရန် လယ်ယာ မြေများကိုလည်း မိဘဘိုးဘွားများ၏အစဉ်အလာက စိုက်ပျိုးလာသာနေရာဒေသအတိုင်း လွပ်လပ်စွာလုပ်ကိုင် နိုင်ရန် လိုအပ်ပါသည်။ ထိုသို့လုပ်ကိုင်နိုင်ရန်အတွက် သိမ်းဆည်းခံလယ်ယာမြေများကိုလည်း နိုင်ငံတော်၏ လမ်းညွန်ချက် အတိုင်း လုပ်ဆောင်ပေးရန်လိုအပ်ပါသည်။

ထိုသို့မကသေးဘဲ စိုက်ပျိုးထုတ်ကုန်များ ပိုမိုတိုးတက်လာစေရန် ခေတ်မှီစိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြုနိုင် အောင်လည်း ကြိုးစားသင့်ပေသည်။ ထုတ်ကုန်အရေအသွေးပြည့်မှီစေရန်အတွက်လည်း အသုံးပြု သော အစာအဟာရများကို စိစစ်အသုံးပြုတတ်ရန်လိုအပ်ပါသည်။ ထိုသို့ထွက်ကုန်အရေအတွက်တိုးတက်လာပြီး အရေအသွေးမြှင့်မားသော ကုန်ထုတ်လုပ်မှုကို ရောင်းချရန် ဈေးကွက်စီးပွားရေးစနစ်ကိုလည်း သက်ဆိုင်ရာများက ဖော်ထုတ်ပေးရန်လိုအပ်ပါသည်။

သို့မှသာ ပအိုဝ်းကျေးရွာဓလေ့ကို မိရိုးဖလာအတိုင်း ရိုးသားကြိုးစားမှုဖြင့် လုပ်ဆောင်နေသော ပအိုဝ်းလူမျိုးများအတွက် ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းဒေသအတွင်း နေထိုင်နေသော ပအိုဝ်းလူမျိုးများနှင့်ကျန်တိုင်းရင်းသားလူမျိုးများလည်း မိမိနေရာတွင် အေးချမ်းသာယာစွာ နေထိုင်နိုင်ကာ စီးပွားရေးဖူလုံသော လူုမှုအသိုင်းအဝိုင်းဖြစ်လာမည်ဖြစ်ကြောင်း ပအိုဝ်းဒေသအခြေအနေနှင့် လူနေမှုဘဝဆောင်းပါးကို ရေးသားတင်ပြအပ်ပါသည်။ 

နန်းစိန်း (အွံအား)
Powered by Blogger.