Credit-Photo
ပအိုဝ်းလူမျိုးးများသည် ရိုးရာဓလေ့နှင့်အညီ နေထိုင်သည့်လူမျိုးများဖြစ်သည်။ လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအစရှိသည့် စံပေတံဖြင့် တိုင်းတာကြသည်။ ကြက်မှာအရိုး လူမှာအမျိုး ဟူသောဆိုရိုးစကားသည် မျိုးရိုးနွယ်ကို စောင့်ရှောက်ရန် လမ်းညွှန်သည့်ဆိုရိုးဟုဆိုသည် လည်းမှားမည်မဟုတ်ပေ။ ယခုအခါခေတ်ရေစီးကြောင်းအလိုက်တိုးတက်ပြောင်းလဲလာသည်နှင့် မြို့သူမြို့သားများက နိုင်ငံကြီးသားယဉ်ကျေးမှု(အနောက်တိုင်း)ကိုအတုခိုးယူကြသလိုကျေးလက်နေ တောသူတောင်သားများကလည်း မြို့သူမြို့သားများကို အတုယူကြသည်။ ယခုဒီမိုကရေစီခေတ်တွင် တောသူတောင်သားတို့သည် အတုမြင်အတတ်သင်ဆိုသည်နှင့် ၀ါဝါမြင်တိုင်းရွှေထင်၍အချို့သော ကိစ္စများတွင် ယဉ်ကျေးမှုပျက်လာ သည်ကိုတွေ့နေရသည်မှာရင်လေးဖွယ်ဖြစ်ပေသည်။ မိမိရိုးရာ၊ မိမိဓလေ့၊ မိမိလူမျိုးများကို ချစ်ခင်မြတ်နိုးစိတ်အပြည့်ရှိသင့်ပေသည်။ မိမိအမျိုးကိုချစ်ပါ။ မိမိဘာသာစကားပြောဆိုပါ။ မိမိစာပေကိုထိန်းသိမ်းပါ၊ ဆိုသည့်အတိုင်း အိမ်ထောင်တစ်စုတွင် လူကြီးမိဘဖြစ်သူက မိမိဘာသာစကားကိုမပြောဆိုပါက မိမိရင်သွေးရတနာသည်လည်း မိမိဘာသာစကားကိုတတ်ကျွမ်းလိမ့်မည်မဟုတ်ပါ။ လူမျိုးကိုထိန်းသိမ်းထားနိုင်ဖို့သည် မိဘများနှင့်လည်း များစွာပက်သက်ဆက်နွယ်နေပါသည်။ ထို့ကြောင့် လူတိုင်းမိမိ မိသားစုကို ထိန်းသိမ်းထားနိုင်မှသာ မိမိ၏လူမျိုးကိုထိန်းသိမ်းနိုင်မည်ဟု ထင်မြင်မိပါသည်။
ပအိုဝ်းလူမျိုးများသည် အခြားလူမျိုးများနှင့်အတူနေထိုင်ခဲ့ကြသလို လာမည့်အနာဂတ်တွင်လည်းနေထိုင်ကြရမည်ဖြစ်သည်။ လူမျိုးပေါင်းစုံနှင့်အတူယှဉ်တွဲသွားကြရမည်ဖြစ်သည်။ လူမျိုးတိုင်းသည်လည်း ယဉ်ကျေးမှု၊ ဘာသာစကားကိုယ်စီရှိကြပေသည်။ မိမိလူမျိုးကိုချစ်မြတ်နိုးစိတ် မိမိလူမျိုးအတွက်အနစ်နာခံစိတ်ရှိအောင် မိဘများ၏ ပြောဆိုဆုံးမှုနှင့် မေတ္တာတရားသည်လည်းလိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် မေတ္တာတရားထားနိုင်မှသာလျှင် အမျိုးအနွယ်နှင့် မိမိယဉ်ကျေးမှုဓလေ့ထုံးတမ်းကို နောင်လာမျိုးဆက်သစ်လူငယ်များအားမချန်လှပ်ထားဘဲလက်ဆင့်ကမ်း မျှဝေပေးနိုင်မည်ဖြစ်သည်။ ထို့ပြင်ပအိုဝ်းလူမျိုးများသည် ရှေးရိုးစွဲ ၊ လူမျိုးစွဲ ၊ ဒေသစွဲမထားဘဲ မိမိလူမျိုးတစ်မျိုးတည်း တိုးတက်လို စိတ်ဓာတ်မျိုးမမွေးဘဲ မိမိ၏လူမျိုးနှင့်တပြေးညီစိတ်ဓာတ်ထားမှသာ မိမိဘာသာသာသနာကို ထိန်းသိမ်းထားနိုင်သည့်အပြင် မိမိလူမျိုးအပေါ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ် ရှိမည်ဖြစ်သည်။ ထို့ကြောင့် ချစ်ခင်စုံမက်အိမ်ထောင်ဖက်ဖြစ်ရွေးချယ်ရာတွင် လူမျိုးခြားဖြစ်စေ မိမိလူမျိုးသမိုင်းကြောင်း၊ ဘာသာစာပေ၊ ဘာသာစကားများကို မမေ့ထားဘဲ သားမြေးစဉ်ဆက်အထိ လက်ဆင့်ကမ်းထိန်းသိမ်းစေလိုပါသည်။ မိသားစုတွင်အိမ်ထောင်ဦးစီးဖြစ်သည့်မိဘများသည် မိဘ၀တ္တရားနှင့်အညီ အတတ်ပညာများ၊ အသိပညာများ ပေးထားရမည်ဖြစ်သည်။ ထိုမှသာ သားသမီးများသည်လည်း မိမိလူမျိုးမိမိရပ်ရွာအကျိုး ဒေသအကျိုးကျရာတာဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်သည်။ အတိတ်ကာလတွင် ပအိုဝ်းလူမျိုးများသည် စာသင်ကြားရခြင်းမရှိဘဲ ဗဟုသုတအလွန်နည်းပါးခဲ့ကြသည်။ ထိုသို့အသိပညာဗဟုသုတနည်းပါးခဲ့ကြသောကြောင့် ဘ၀ကိုခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ကြရပီး မျက်စိသူငယ် နားသူငယ် ဖြစ်ခဲ့ရပါသည်။လွန်ခဲ့သောနှစ်ပေါင်းများစွာက အင်္ဂလိပ်မှ စစ်ပညာရေးကိုလေ့ကျင့်သင်ကြားပေးသည့်အခါ ဘယ်ညာညီအောင်ခြေထောက်တစ်ဖက်ကို ကောက်ရိုးနှင့်ချီပီး အခြားတစ်ဖက်ကို မြက်နှင့်ချီကာလေ့ကျင့်ခဲ့ကြရသည်ကိုကြားခဲ့ဖူးပါသည်။ ထိုသို့ အခြေခံပညာဖြစ်သော ဘယ်ညာကိုသင်ကြားရာ ခက်ခက်ခဲခဲသင်ကြားခဲ့ရသည်ကို ကြည့်ခြင်းဖြစ် စာမတတ်သည်သာမက အသိပညာဗဟုသုတနည်းပါးခဲ့သည်ကိုတွေ့ရပါသည်။ ထိုသို့လူမျိုးတစ်မျိုးတိုးတက်ပြောင်းလဲရေးသည် လူတစ်ဦး တစ်ယောက်ချင်းမှ အစုဖွဲ့စည်လုံးချင်း ထိုသူတို့၏အရည်အချင်း၊ အကျင့်စာရိတ္တ၊ အစုဖွဲ့ဦးဆောင်နိုင်မှုစွမ်းရည်တို့အပေါ်တွင် များစွာမူတည်နေသည်။
ပအိုဝ်းလူမျိုးများသည် ယခင်ကတည်းကပင် ယခုချိန်ကာလထိ ပညာတတ်များနည်းပါးနေသေးသည်ကိုတွေ့ရပါသည်။ စာပေပညာသင်ကြားတတ်မြောက်ထားသော်လည်း မိမိလူမျိုး မိမိရပ်ရွာအရေး မိမိဒေသတွင်းတွင် အကောင်တည်ဖော်ခြင်းမရှိဘဲ လေလွင့်နေရသည်မှာလည်းများစွာရှိနေပါသည်။ သားသမီးပညာရေးကို အားပေးမှုနည်းသည်မှာလည်း ကုဋေရှစ်ဆယ်သူဌေးသားအလား ဥစ္စာပစ္စည်းချမ်းသာကြွယ်ဝသော်လည်း သားသမီးကိုချစ်လွန်းသည့်မိဘသည် သားသမီးကို တပါးသူအနိုင်ကျင့်မည်စိုးရိမ်သောကြောင့် ရင်အုပ်မကွာထားလိုသောအခါ သူတောင်းစားဘ၀သို့ ရောက်ခဲ့ရသည်။ ချစ်ရာမကျဘဲ နှစ်ရာကျသည်မှာ ရင်လေးဖွယ်ဖြစ်ခဲ့ရပါသည်။ ယခုအခါ ခေတ်မှီတိုးတက် ပြောင်းလဲလာခဲ့သော်လည်း သားသမီးများသည် မိမိရည်မှန်းချက်၊ မိမိဝါသနာ၊ မိမိမျော်မှန်းချက်များ အကော်အထည်ဖော်ခွင့်မရှိဘဲ မိဘများဖြစ်စေသည့်လိုရာအတိုင်း တဝေမတိမ်းလုပ်ကြရသည်မှာ လူငယ်များ၏ မျင်စိနှင့်နားကိုပိတ်ထားသကဲ့သို့ ရည်မှန်းချက်များ မြေးမှိန်ပျောက်ကွယ်ခဲ့ရသည်။ ထိုသို့ကြည့်ခြင်းဖြင့် အိမ်ထောင်စုတစ်စုတွင် မိဘမေတ္တာစေတနာသည်လည်း မှားယွင်းသောမေတ္တာစေတနာမဖြစ်ရန်လိုအပ်ပေသည်။ တစ်ခေတ်တစ်ခါတွင် ပအိုဝ်းလူမျိုးများသည် သားသမီးများကို ပညာသင်ကြား ပို့ချရမည်ထက် မိမိမိသားစုဝမ်းစာတွက်ပင်လျှင် ခက်ခဲလွန်းလှပေသည်။ ဆင်းရဲပင်ပန်းစွာနေထိုင်ခဲ့ကြရသည်။ထို့ကြောင့်လူမျိုးတစ်မျိုးပညာရေးနိမ့်ကျလျှင် ကိုယ်ကျင့်သိက္ခာ အတတ်အသိပါနိမ့်ကျပါကလူမျိုးကိုကာကွယ်နိုင်ရန် အခက်ရစေသည့်အပြင် တိုင်းပြည်တိုးတက်ရေးကိုလည်းများစွာထိခိုက်စေပါသည်။ပအိုဝ်လူမျိုးများသည် ရိုးလွန်းသောကြောင့်လား? မိမိလူမျိုးကို ချစ်မြတ်နိုးစိတ်နည်းပါးသောကြောင့်လား? ထိုသို့မဟုတ် ရှက်တတ်လွန်းသောစိတ်၊စိုးရိမ်တတ်လွန်သောစိတ်ကြောင့်များလား? ဝေခွဲမရနိုင်ပေ။ ပအိုဝ်းလူမျိုးဖြစ်ရခြင်းသည် ရှက်စရာမဖြစ်သလို တိမ်ငယ်နေစရာလည်း မဟုတ်ပေ။ မိမိဘာသာစကားပြောရသည်ကိုမပြော၊ မိမိရိုးရာဝတ်စုံဝတ်ရမည်ကိုမ၀တ်မှသာလျှင် ရှက်စရာဖြစ်ရပါသည်။
ထို့နောက် ခေတ်မှီတိုးတက်ပြောင်းလဲလာခြင်းသည် ပညာရေး၊ စီးပွားရေး၊ လူမျိုးသာသနာရေး စသည့် လူနေမှုကိုပြောင်းလဲစေပါသည်။ ထိုသို့ပြောင်းလဲအတုယူရာတွင် အပြောအဆို၊ နေထိုင်ဝတ်စားဆင်ယင်မှု စသည်ကိုပိုမို အတုယူသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် အပြောအဆိုသည်အများသုံးစကားပြောဆိုဝတ်စားရသည်မှာမှန်ကန်သော်လည်းမိမိ မိသားစုချင်း၊ လူမျိုးအချင်းချင်း တွေ့ဆုံရာတွင် မိမိဘာသာစကား၊ မိမိဝတ်စားဆင်ယင်မှုများကိုလည်းမမေ့ထားသင့်ဘဲ ပြောဆိုသင့်ပေသည်။ ထိုသို့ မြို့သူမြို့သားများဖြစ်သော ပအိုဝ်းလူငယ်အချို့သည် မိမိဘာသာစကားကို ပြောအားနည်းတတ်ကြသည်မှာ လူကြီးဖြစ်သောမိဘများသည် မိမိဘာသာစကားနှင့် ပြောဆိုမှုအားနည်းခြင်းကြောင့် မိမိရင်သွေငယ်လေးများသည်လည်း မိမိလူမျိုးဘာသာစကားကို မပြောတတ်တော့ပေ။ ထို့ကြောင့် မည်သည့်အရပ်ဒေသတွင်နေထိုင်သည်ဖြစ်စေ မိမိလူမျိုး၏ရိုးရာဓလေ့နှင့်အညီနေထိုင်ပြောဆိုသင့်ပြီး မိမိ၏ မိသားစုကို စည်းလုံးစွာ ထိန်းသိမ်းထားနိုင်မှသာ လူမျိုးကိုကာကွယ်နိုင်ပေသည်။
နာင်;အိန်းခေ
Like On Facebook
Follow On Twitter
Subscribe On RSS