Wednesday, July 4, 2018

မျိုးဆက်သစ် လူငယ်အားကစားသမားများ ဖွံဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်၍ အားကစားပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် နာယက ဖြားတန်ပီတာထွန်းနိုင်ပြောကြား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလှိုင်လ (၄) ရက်





အထူးဒေသ(၆) တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု နားဘောင်ဒေသ ဗိုလ်ချုပ်ချန်ဇုံ ဘက်စုံဖွံဖြိုးတိုးတက်ရေး အားကစားကွင်း ဒုတိယအကြိမ် ခွန်ဖြားဗွာခမ်းဖလား ဘောလုံးပြိုင်ပွဲတွင် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်နာယက ဖြားတန်ပီတာထွန်းနိုင်က မျိုးဆက်သစ်လူငယ်အားကစားသမားများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်၍ အားကစားပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့ ၊ နံနက်(၁၀း၀၀) အချိန် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဒုတိယအကြိမ် ခွန်ဖြားဗွာခမ်းဖလား ဘောလုံးပြိုင်ပွဲသည် အထူးဒေသ (၆) ခွန်ဖြားဗွာခမ်း အတွင်းရှိ ကျေးရွာအုပ်စု(၂၁) အုပ်စုအပြင်၊ တောင်ကြီးမြို့နယ် မြောက်ခြမ်း ကျေးရွာအုပ်စုများကိုလည်း ဖိတ်ခေါ်၍ ခမ်းခမ်းနားနား ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် နာယက ဖြားတန်ပီတာထွန်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် - ယခုလို ဒုတိယအကြိမ် ပအိုဝ်းအမျိုးသားပိုင် ဗိုလ်ချုပ်ချန်ဇုံ အားကစားကွင်းမှာ အားကစားပြိုင်ပွဲ ကျင်းပရခြင်းမှာ ခွန်ဖြားဗွာခမ်းဖလား ဘောလုံးပြိုင်ပွဲသာဖြစ်ပါကြောင်း၊  ဘောလုံးပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ မိမိတို့ ပအိုဝ်းလူမျိုး ဘောလုံးအားကစားသမား လူငယ်များ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လူငယ်ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာဖို့ မမှိတ်မသုံ အကောင်အထည်ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရေး လူငယ် ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ပြည်သူလူထု၏ သည်းချေကြိုက် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးစားအားထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဘောလုံးအားကစားနည်းကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကားကို အကျယ်တဝင့် ပြောကြားခဲ့ပြီးနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး (အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ) ဖြားတန်စင်ဖါအောင်ခမ်းထီက အားကစားသမားများ လိုက်နာရမည့် ပြိုင်ပွဲဝင်စည်းကမ်းများ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဆက်ဆက်က ချမှတ်ပေးသည့် နည်းလမ်းများကို လူငယ်များအနေဖြင့် သိရှိနိုင်အောင်ကြိုးစားကြရမည်ဖြစ်ပြီး လူမျိုးတစ်မျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကစားနည်းပညာသာမက ကာယဗလအားဖြင့် ကြိုးစားမှသာလျှင် ထင်ရှားသော လူမျိုးတစ်မျိုး ဖြစ်လာမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

ခွန်ဖြားဗွာခမ်းဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို နားဘောင်ဈေးနေ့တိုင်း တစ်ရက်လျှင် (၄) သင်းစီ ယှဉ်ပြိုင်ကစားပေးသွားဖြစ်ပြီး ပထမဆုရအသင်းကို ပွဲဖြစ်မြောက်ရေးကော်မတီမှ ငွေကျပ် (၈) သိန်း ၊ဒဂုံအချိုးရည် ကုမ္ပဏီမှ ငွေကျပ်(၃) သိန်း၊ ဒုတိယဆုကို ငွေကျပ်(၆)သိန်း၊ ဒဂုံအချိုရည် (၂)သိန်း၊ တတိယဆုကို ငွေကျပ်(၃)သိန်း၊ ဒဂုံအချိုရည် (၁)သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ဖြားခမ်းဖလား ဘောလုံးပြိုင်ပွဲကို ဈေးနေ့တွင် ရွေးချယ်၍ ကျင်းပပြုလုပ်ရခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး အများပြည်သူ အလုပ်အကိုင် မပျက်စေရေး ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် တစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။

နားဘောင်ဈေးနေ့တိုင်း ကျင်းပပြုလုပ်သည့် ခွန်ဖြားဗွာခမ်းဖလား ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း (၃၉)သင်း ပါဝင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီနှင့်တကွ ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ၊ အားကစားပြိုင်ပွဲတွင် တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဒဂုံအချိုရည် ကုမ္ပဏီမှ အကြီးအကဲများ အားကစားဝါသနာရှင်များ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်အားပေးကြကြောင်း သတင်းရရှိပါသည်။

ခွန်ထွိုက်ခမ်း

Powered by Blogger.