Monday, August 13, 2018

မြန်မာအခက် တရုတ်အချက်လား ?

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်


လက်ရှိအချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေးပြဿနာများ၊ ရခိုင်ပြည်နယ်အရေးအခင်းပြဿနာများ၊ စီးပွားရေးကျဆင်းမှုပြဿနာများစသည့် အခက်အခဲများပေါင်းစုံ၏ ထိုးနှက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အလူးအလဲ ရင်ဆိုင်နေရသည့် အကျပ်အတည်းကာလ ဖြစ်သည်။ ပထဝီအနေအထားအရ ဖွံ့ဖြိုးတိုးတက်မှု နောက်ကောက်ကျန်ရမည့်နိုင်ငံ မဟုတ်သော်လည်း ယနေ့အချိန်အထိ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေဆဲ ဖြစ်သည်။ ပထဝီအနေအထားအရ အချိန်အဟုန်မြင့်မြင့်ဖြင့် ဖွံ့ဖြိုးတိုးတက်သင့်သော်လည်း ဖွံ့ဖြိုးမှုမရှိဘဲ နောက်ကောက်ကျန်နေရခြင်း၏ အဓိကပြဿနာများကို မိမိအနေဖြင့် သုံးသပ်ကြည့်ရပါက ငြိမ်းချမ်းမှု မရှိခြင်းက စတင်သည်။ ထိုကဲ့သို့ ငြိမ်းချမ်းမှုမရှိသည့်အတွက်ကြောင့် နိုင်ငံရေးမတည်မငြိမ် ဖြစ်လာသည်။ နိုင်ငံရေးတည်ငြိမ်မှု မရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျရသည်။ ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု မရှိသည့်အတွက်ကြောင့် နိုင်ငံ၏ ဆင်းရဲမွဲတေမှုထုထည်သည်လည်း ကြီးမားလာသည်။ ဆင်းရဲမွဲတေမှု ကြီးမားလာသည့်အတွက်ကြောင့် နိုင်ငံသည် ငြိမ်းချမ်းမှုမရှိ မတည်မငြိမ်ဖြစ်လာသည် စသည်ဖြင့် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ ဤသို့ပင် သံသရာလည်နေသည်ဟု မိမိအနေဖြင့် သုံးသပ်မိပါသည်။

ယခုကဲ့သို့ အခက်အခဲများ၊ ပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံအပေါ် တရုတ်၏ လွမ်းမိုးမှုသည် အရှိန်အဟုန်ဖြင့် စီးဝင်လာသည်။ မြန်မာနိုင်ငံအပေါ် ယခင်ကတည်းကပင် သြဇာလွှမ်းမိုးမှုကြီးမားခဲ့သည့် တရုတ်သည် ယခုလက်ရှိအချိန်တွင် မြန်မာအခက် တရုတ်အချက် ဖြစ်လာသည်။ ရခိုင်ပြည်နည်အရေးအခင်းပြဿနာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြဿနာများ၊ လက်ရှိနိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာစေခဲ့သည်။

ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရသွားနေသည့် မူဝါဒများသည် အနောက်တိုင်းဥရောပ နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ပြန်လည်မိတ်ဖွဲ့ဦးတည်တည်ဆောက်လာခဲ့ပြီး တရုတ်အား အစဉ်အဆက်မှီခိုနေသည့် မူဝါဒကို ပြောင်းလဲခဲ့သည်။ အစိုးရအနေဖြင့် တရုတ်အား အကြောင်းကြားမှု တစ်စုံတစ်ရာမရှိဘဲ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းသည် တရုတ်အား ခေတ်အဆက်ဆက် မှီခိုနေသည့် မူဝါဒကို ဘက်ရွေ့ခြင်းသင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ တရုတ်အနေဖြင့် မြန်မာနိုင်ငံသည် ထိုကဲ့သို့သော လုပ်ရပ်များ ဆောင်ရွက်ဝံ့လိမ့်မည်ဟု ၎င်းတို့၏ အစီအစဉ်အတွေးများ မရှိခဲ့သကဲ့သို့ ထိုကိစ္စရပ်များသည် တရုတ်အား အကြပ်ရိုက်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် မည်သို့ပင် အကြပ်ရိုက်စေခဲ့သည်ရှိသော် တရုတ်အနေဖြင့် မြန်မာနိုင်ငံကို အပြစ်မမြင်သည့် သံတမန်ဆက်ဆံရေးဖြင့်သာ ဆက်လက်ပုံဖော်သွားခဲ့ပါ သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် တရုတ်၏ အနာဂတ်အကျိုးစီးပွါးဖြစ်ထွန်းစေမှုမှာ များစွာ ရှိနေပြီး လက်ရှိတရုတ်သမ္မတမှ ဖေါ်ဆောင်လျက်ရှိနေသော ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု(One Belt One Road) စီမံကိန်းအစီအစဉ်တွင်လည်း မြန်မာနိုင်ငံပါဝင်နေပြီး အဆိုပါစီမံကိန်းအပေါ် တရုတ်အနေဖြင့် များစွာ မျှော်လင့်ထားသည်။ 

မကြာခင်ကာလတွင် အစိုးရအနေဖြင့် တတိယအကြိမ် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကို ပြုလုပ်ကျင်းပခဲ့ပြီး NCA လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် မြောက်ပိုင်းတပ်ဖွဲ့များသည်လည်း တရုတ်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ မြောက်ပိုင်းအဖွဲ့များအနေဖြင့် NCA လက်မှတ်ရေးထိုးခြင်းမထိုးခြင်းကို တရုတ်အပေါ်တွင် မူတည်သည်ဟုလည်း အချို့က သုံးသပ်ပြောဆို ကြသည်။ တဘက်တွင်လည်း ငြိမ်းချမ်းရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော JMC ၏ ရုံးပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များကို ပေးအပ်လှူဒါန်းခဲ့သည်။ ဤသည်များကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်သည် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အစဉ်တည်ဆောက်ယူ နေပြီး မြန်မာနိုင်ငံနောက်တစ်လှမ်းဆုတ်လေလေ တရုတ်ရှေ့နှစ်လမ်းတိုးလေလေ ဖြစ်သည်ကို ပိုမိုထင်ရှားလာ စေသည်။

၂၀၁၅ နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် အလွှာစုံဆက်ဆံရေးကို တရုတ်တို့ စတင်လာခဲ့သည်။ ငွေကုန်ကြေးကျများစွာ ကုန်ကျခံပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားပါတီများကို လေ့လာရေးခရီးများ ဖိတ်ကြားခြင်း၊ ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်ခြင်း စသည့် ပါတီအချင်းချင်းဆက်ဆံရေးကို တရုတ်တို့ အနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လာသည်။ တရုတ်အစိုးရမှ သဘောပေါက်ထားသည်မှာ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရာတွင် အစိုးရနှင့် သဘောတူညီမှုရရှိသည့်တိုင် တိုင်းရင်းသားဒေသခံများနှင့်လည်း အဆင်ပြေအစပ်တည့်မှုများ လိုအပ်လျက်ရှိသည်ကို ကောင်းစွာသဘောပေါက်ထားကြပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် ရင်းနှီးမှုရရှိပါက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံမည့် တရုတ်ကုမ္ပဏီများအတွက် ထိတ်တိုက်ရင်ဆိုင်မှုများ၊ ပွတ်တိုက်မှုများ လျော့နည်းလာမည်ဟု တွက်ချက်ထားပြီးဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီ၏ နှစ်စဉ်ရေးဆွဲထားသော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းစဉ်စီမံကိန်းတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်လေ့လာရန် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပါတီများအား ချစ်ကြည်ရင်းနှီးမှု လေ့လာရေး ခရီးစဉ် ဖိတ်ကြားသည့် စီမံကိန်းများကို နည်းဗျူဟာကျကျ နှစ်စဉ် ထည့်သွင်းရေးဆွဲထားပါသည်။ ဤသည်ကို သုံးသပ်ကြည့်ရပါက မြန်မာနိုင်ငံ၏ အားသာချက်၊ အားနည်းချက်များကို အစဉ်လေ့လာစောင့်ကြည့်ပြီး မည့်သည့်အချိန်၊ မည့်သည့်နေရာတွင် မည်ကဲ့သို့ အသုံးချရမည်ကို ကောင်းစွာ နားလည်သဘောပေါက်ထား ဟန် ရှိသည်။

ရခိုင်ပြည်နယ်အရေးအခင်းကိစ္စနှင့် ပတ်သက်၍လည်း တရုတ်အတွက် အကျပ်အတည်းတစ်ခု ဖြစ်စေ သကဲ့သို့ တဘက်တွင်လည်း အခွင့်အလမ်းတစ်ခု ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းသည် တဘက်တွင်ဖြစ်သော ၎င်းတို့၏ မဟာမိတ်နိုင်ငံများနှင့် ပေးဆပ်မှု၊ ထိပ်တိုက်ရင်ဆိုင်ရမှု အကြပ်အတည်းများ ဖြစ်ပေါ်စေသည်။ တရုတ်နိုင်ငံမှ အသုံးပြုသောစွမ်းအင်အများစု သည် ကမ္ဘာ့အလယ်ပိုင်းနိုင်ငံများမှ တင်သွင်းလာခြင်းဖြစ်သည့်အတွက်ကြောင့် မြန်မာနိုင်ငံနှင့် အခြားသော နိုင်ငံများကို ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ကစားနေရသည်။ ကမ္ဘာ့လူ့အခွင့်အရေးကောင်စီများတွင် မြန်မာနိုင်ငံအတွက် ထောက်ခံပေးတိုင်း မြန်မာနိုင်ငံအနေဖြင့် တရုတ်ကို ပြန်လည်ပေးဆပ်ရသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းကာလသည် တရုတ်တို့၏ အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။ အဆိုပါအခွင့်အရေးကိုလည်း တရုတ်တို့အနေဖြင့် မိမိရရ ဖမ်းဆုပ်ရယူထားပြီး မြန်မာနိုင်ငံအနေဖြင့် ဤအကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်းသည် ပေးဆပ်မှုများ အထူးကြီးမားပါ သည်။ မြန်မာနိုင်ငံအစိုးရမှ အကျပ်အတည်းကာလ ရင်ဆိုင်ဖြေရှင်းပုံဖြေရှင်းနည်းများကို အီးယူမှ ဘဝင်မကျ ကန့်ကွက်စောဒကမှုများ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤအကျပ်အတည်းသည် မြန်မာအခက် တရုတ်အချက် ဖြစ်လာစေခဲ့သည်ဟု သုံးသပ်ရပါသည်။

Kka Sp
Powered by Blogger.