Monday, August 13, 2018

သောက်သုံးရရှိရေးအတွက် လူငယ်အားမာန်(Youth Force)မှ ငွေကျပ်(၂၄၂)သိန်း ပေးအပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ် (၁၃)ရက်





ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် Youth Force ကုမ္ပဏီလီမိတက်မှ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာ(၆)ရွာ၏ သောက်သုံးရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအတွက် ရေစက်သွန်းချပွဲနှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို သြဂုတ်လ (၁၁) ရက် နံနက်(၁၀)နာရီခွဲက အဆိုပါအုပ်စု တွေပူးကျေးရွာ၊ ဆန္ဒသုခဓမ္မ၀ိဟာရ ကျောင်းတိုက်၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ဆန္ဒသုခဓမ္မ၀ိဟာရ ကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခွန်လှသိန်းနှင့်ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ရန်ကုန်မြို့နေ အလှူရှင် ဦးတင်ထွန်းအောင်နှင့်ဇနီးဒေါ်မြမြဖြိုး (Youth Force) ကုမ္ပဏီနှင့် ဒေသခံရပ်မိရပ်ဖများတို့က ဆရာတော်အရှင်သူမြတ်များထံ ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု၊ တွေပူးရွာ၊ ပြင်သာယာရွာ၊ တောရရွာ၊ မီးရယ်ရွာ၊ ထီရီးရွာနှင့် လိုက်ပေးရွာ သောက်သုံးရေရရှိရေးနှင့် ပင်လောင်းမြို့နယ် ဆောင်းပြောင်း (အနောက်ရွာ) သောက်သုံးရေရရှိရေးတို့အတွက် ငွေကျပ်(၂၄၂)သိန်းကို (Youth Force) ကုမ္ပဏီလီမိတက်မှ အလှူရှင် ဦးတင်ထွန်းအောင်နှင့်ဇနီးဒေါ်မြမြဖြိုးတို့က ပေးအပ်လှူဒါန်းရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးခွန်စံလွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သောက်သုံးရေသွယ်တန်းမှု မှတ်တမ်းဓါတ်ပုံများအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းနောက် ဆန္ဒသုခဓမ္မ၀ိဟာရ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီး၊ ဆရာတော်သံဃာတော်များမှ ချီးမြှင့်သည့် မေတ္တာသုတ်တရားတော်ကို အတူတကွနာယူကြကာ ဆီဆိုင်မြို့နယ် ကျေးရွာ(၆)ရွာ၏ သောက်သုံးရေပေးဝေရေး လုပ်ငန်းများ လှူဒါန်းမှု နှင့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ပြီးမြောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စုအတွင်းရှိ ထီနိင်းရေထွက်မှ စိမ့်စမ်းရေကို (၁၅)မိုင်ခန့် သွယ်တန်းခဲ့ပြီး တွေပူးကျေးရွာ၊ ဆန္ဒသုခဓမ္မ၀ိဟာရ ကျောင်းတိုက်တွင် ရေလှောင်ကန်ထားရှိကာ ကျေးရွာ(၆)ရွာ သောက်သုံးရေရရှိရေးအတွက် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.