Tuesday, September 18, 2018

ပအိုဝ်းအမျိုးသမီးများနှင့်လယ်ယာမြေ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်


ကျွန်ုပ်တို့ ပအိုဝ်းလူမျိုးများသည် အေးငြိမ်းချမ်းသာစွာနေထိုင်နေကြသော လူမျိုးတစ်မျိုးဖြစ်သည်။ ယဉ်ကျေးမှုဓလေ့ထုံးစံအရသော်လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှုအရသော်လည်း ကောင်း ခွဲခြားဆက်ဆံမှု ကြီးကြီးမားမားမရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ပအိုဝ်းလူမျိုးများသည် မိခင်ကိုသော်လည်းကောင်း၊ ဖခင်ကိုသော်လည်းကောင်း အဖေစကားကို ပို၍နားထောင်မည်၊ မိခင်စကားကိုမှ ပို၍နားထောင်မည်ဟူသော ကလန်ကဆန်စိတ်ဓါတ်များ ပအိုဝ်းလူမျိုးတွင် မရှိကြပေ။

ပအိုဝ်းကျေးရွာသူ/သားများအတွက်  မိမိတို့ဘဝတွင် အဓိကထားဆောင်ရွက်ကြသည့် လုပ်ငန်းတစ်ရပ်မှာ မိရိုးဖလာထုံးတမ်းစဉ်လာများကို အလေးထားဆောင်ရွက်တတ်ကြသည်။ ထိုသို့လိုက်နာကျင့်သုံးရာတွင် အခြေအနေတစ်ရပ်ရပ်ကိုမှီတည်၍ အပြောင်းအလဲရှိတတ်သည်။ သို့သော် အပြောင်းအလဲရှိသည်ဟုဆိုသော်လည်း လုံးဝဆန့်ကျင်ဘက်ဖြစ်သွားသော အနေအထားမျိုး မရှိပေ။ ထိုသို့ပြောင်းလဲသွားမှုမှာလည်း ရှေးထုံးကိုပယ်ရှား၍ပြောင်းလဲသွားခြင်းမဟုတ်ဘဲ ရှေးထုံးထက် ပိုမိုကောင်းမွန်သော စရိုက်လက္ခဏာများကိုသာ ပြောင်းလဲကျင့်သုံးတတ်ကြသည်။

ပအိုဝ်းလူမျိုးများသည် ယခင်ကတည်းကမှစ၍ယခုထက်တိုင်အောင် အမျိုးသားနှင့် အမျိုးသမီးခွဲခြားဆက်ဆံခြင်းရှိသည်ဟူသော စိတ်ခံစားချက် စိုးစဉ်များမရှိခဲ့ပေ။ ဤသို့ပြောဆိုခြင်းဖြင့် ယခုဆောင်းပါးရှင်သည် ခေတ်မမီခြင်း၊ အတွေးအမြင်ကျဉ်းမြောင်းခြင်း ရှေးရိုးစွဲရှိခြင်းစသော အတွေးအမြင်အမျိုးမျိုးဖြင့်တွေးမြင်နိုင်ပါသည်။ ဤသို့ပြောဆိုနိုင်ခြင်းမှာလည်း ယခုဆောင်းပါး ရေးသားသူသည် တောသူစစ်စစ်ဖြစ်သည့်အပြင် ပအိုဝ်းစစ်စစ်ဖြစ်၍ မိမိတို့ပအိုဝ်းကျေးရွာ၏ ခံစားချက်ကို သိမြင်ခံစားနိုင်ခြင်းကြောင့်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းလုပ်ဆောင်ရာတွင်လည်းကောင်း လုပ်ငန်းအပေါ်မူတည်၍ အမျိုးသမီးနှင့်သင့်တော်လျှင် သင့်တော်သလိုလုပ်ကိုင်လေ့ရှိသည်။ ထိုနည်းတူအမျိုးသားများကလည်း အမျိုးသမီးမနိုင်မနှင်းဖြစ်နေသော ကိစ္စရပ်များကို လက်ပိုက်ကြည့်နေတတ်သော လူမျိုးများထဲတွင် ပအိုဝ်းအမျိုးသားများ ပါဝင်ခြင်းမရှိဟု ယုံကြည်ပါသည်။ ပအိုဝ်းလူမျိုးများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်ကြသော တောင်သူလယ်သမားများ ဖြစ်ကြသည်။

ထိုသို့တောင်သူလယ်သမားများဖြစ်ကြသည့်အလျှောက် ပအိုဝ်းလူမျိုးများ၏လယ်ယာမြေပိုင်ဆိုင်မှုမှာလည်း အမျိုးသမီးများသည် အမျိုးသားများနည်းတူခံစားပိုင်ခွင့်ရှိသည်။ သား/သမီးများသည်လည်း မိဘ၏အမွေကို ညီတူညီမျှခံစားခွင့်ရှိသည်။ ပအိုဝ်းလူမျိုးများ၏အမွေခွဲဝေပုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် မိသားစုတွင် အမွေပစ္စည်းခွဲဝေခြင်း၊ ဆက်ခံခြင်းဓလေ့ရှိပေသည်။ မိဘနှစ်ပါးကွယ်လွန်သွားသည်ဖြစ်စေ၊ ရှိနေသည်ဖြစ်စေ သားသမီးများက ကျား/မ ခွဲခြားမှုမရှိဘဲ အမွေဆက်ခံခွင့်ရှိလေသည်။ သားသမီးအိမ်ထောင်ပြု၍ အိမ်ခွဲသွားလျှင် မိဘသည်ထိုသားသမီးကို လယ်ဖြစ်စေ၊ ယာဖြစ်စေ၊ ရွှေ၊ ငွေ၊ ကျွဲ၊ နွား စသော ပစ္စည်းဥစ္စာများဖြစ်စေ ခွဲဝေပေးလေ့ရှိသည်။ မိဘတစ်ဦးဦးကွယ်လွန်၍ နောက်အိမ်ထောင်ပြုလျှင် ဖခင်သို့မဟုတ် မိခင်သည် အိမ်ထောင်ဦးစီးအဖြစ် အိမ်ထောင်တာဝန်ကို ဆက်လက်ယူရသည်။ မိဘနှစ်ပါးလုံးကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူ အစ်ကို သို့မဟုတ် အစ်မဖြစ်သူက ဦးဆောင်ကြည့်ရှု ထိန်းသိမ်းခြင်း၊ ကျန်ရစ်သော မိဘပစ္စည်းများကိုခွဲဝေရာတွင် နားလည်မှုဖြင့်ခွဲဝေကြသည်။

ထိုနည်းတူခြံမြေခွဲဝေပေးရာတွင်လည်း အညီအမျှခွဲဝေပေးကြသည့်အပြင် ဦးစားပေးအနေဖြင့် ခြံမြေနည်းပါးသူကို ပိုများသောပမာဏဖြင့် ခွဲဝေပေးကြသည်။ ထိုသို့ခွဲဝေပေးရာတွင်လည်း အငြင်းပွားမှုမဖြစ်ဘဲ အားလုံးသဘောတူညီမှုဖြင့် ခွဲဝေလေ့ရှိသည်။ အိမ်နှင့်နီးသော ခြံယာများကို သားသမီးများထဲမှ အထွေးဆုံးကို ဦးစားပေးလေ့ရှိရာ အထွေးဆုံးက ကျန်သားသမီးများထက် ပိုရလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် အထွေးဆုံးသားသမီးများသည် မိဘနှစ်ပါးသက်ရှိထင်ရှား ရှိနေစဉ်သော်လည်းကောင်း မိဘ၏ဝေယျာဝစ္စကို အထွေးဆုံးက တာဝန်ယူစောင့်ရှောက်မှုများ ပြုလုပ်လေ့ရှိသည်။

ထိုသို့ပြုလုပ်ရာတွင်လည်း ပြုစုစောင့်ရှောက်ရမည်ဟူသော ပုံစံမျိုးဖြင့်ပြုလုပ်ခြင်းမဟုတ်ဘဲ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ပါသည်။ သို့သော် အထွေးဆုံးမို့ ပြုစုစောင့်ရှောက်ရမည်ဟု ပုံသေသတ်မှတ်ထားခြင်းမရှိဘဲ များသောအားဖြင့် အထွေးဆုံးသည် ကျန်ညီအစ်ကိုမောင်နှမများထက် အိမ်ထောင်ကျနောက်ကျသောကြောင့် အထွေးဆုံးက စောင့်ရှောက်ရသောသဘောမျိုးဖြစ်သည်။ များသောအားဖြင့် အိမ်ထောင်နောက်ကျမှပြုတတ်သော သားသမီးမည်သူမဆို မိဘများနှင့် ပူးတွဲ နေထိုင်ကြရသည်။ ထူးခြားမှုတစ်ခုမှာ ပအိုဝ်းလူမျိုးအမွေခွဲဝေရာတွင် မိဘနှင့်အတူနေထိုင်သော သားသမီးက အမွေပိုရလေ့ရှိသည်။ ထိုသို့ပိုရပိုင်ခွင့်ရှိသော်လည်း ကျန်ညီအစ်ကိုမောင်နှမများက အမြင်စောင်းခြင်း ခွဲခြားဆက်ဆံခြင်းဟု မမြင်ကြပါ။

အမွေခွဲရာတွင် မကျေနပ်မှုဖြစ်လေ့ဖြစ်ထမရှိကြပေ။ ရှိခဲ့သော်လည်း ပအိုဝ်းအခေါ် “ ဖြားဒုံ” ရွာသူကြီးများနှင့်ရပ်မိရပ်ဖများက အညီအမျှ ဆုံးဖြတ်ပေးလေ့ရှိသည်။ အတူနေသူများကို ပြုစုသူအဖြစ် အမွေပိုရထိုက်သည် ဟု ယူဆကြသည်။ သို့သော်သေသူက အမည်တပ်၍ပေးခဲ့လျှင် နာမည်ရှင်ကသာ ရရှိသည်။ အမည်တပ်၍မပေးခဲ့လျှင် အနီးတွင်နေ၍ ပြုစုစောင့်ရှောက်ပေးသူက ပို၍ရသည်။ သားသမီးအရင်းအချာမရှိဘဲ မွေးစားသားသမီးရှိလျှင် မွေးစားသားသမီးက ရသည်။

အိမ်ထောင်ဦးစီးတစ်ယောက်အရွယ်မတိုင်မီ ကွယ်လွန်သွားသည့်အခါ အမွေဆက်ခံခွင့် အရှုပ်အရှင်း ဖြစ်ပေါ်တတ်သည်။ လင်မယားနှစ်ယောက်စလုံးကွယ်လွန်၍ သားသမီးမကျန်ခဲ့လျှင် နှစ်ဖက်မိဘသည် မိမိတို့ပေးလိုက်သည့် မြေယာများကို ပြန်သိမ်းဆည်းကြသည်။ လင်ယောက်ျား ကျန်ရစ်လျှင် ဇနီးဘက်ပါလာသောမြေကို ဆက်လက်လုပ်ကိုင်ခွင့်ရှိသည်။ သို့သော် လက်ထပ်စဉ် ကထားရှိသည့် သဘောတူညီချက်ကို အဓိကထားစဉ်းစားရသည်။ ဇနီးဖြစ်သူ ကျန်ရစ်ပြီး ၎င်းမိဘ ထံပြန်သွားလျှင် ခင်ပွန်းဘက်မှပါလာသည့်မြေယာကို ခင်ပွန်းဘက်မိဘအား ပြန်လည်ပေးအပ်ရသည်။ လက်ထက်ပွားပစ္စည်းဥစ္စာများကိုမူ ၎င်းကပိုင်ဆိုင်ခွင့်ရှိသည်။ ကလေးများကျန်ရစ်လျှင် ထိုအမွေပစ္စည်းများသည် သားသမီးများအတွက် ဆက်လက်ထိန်းသိမ်းကြရသည်။

ထိုနည်းတူပင် ပအိုဝ်းလူမျိုး၏အမွေခွဲဝေပုံနှင့် အမွေဆက်ခံပိုင်ခွင့်မှာ မည်သည့်ပစ္စည်းဥစ္စာ မဆို ဤသို့ခွဲဝေကျင့်သုံးတတ်ကြသည်။ ထိုသို့ကျင့်သုံးသည်ကို တစ်စုံတစ်ရာ ကျေနပ်နှစ်သက်မှု မရှိခဲ့လျှင် အဆင့်ဆင့်သော ပအိုဝ်းအုပ်ချုပ်မှုသို့ ဆက်လက်အယူခံပိုင်ခွင့်ရှိသည့်အပြင် ကြိုက်နှစ်သက်ရာစနစ်ဖြင့် သွားရောက်အယူခံနိုင်ကြောင်း ပအိုဝ်းဓလေ့ထုံးစံအနေဖြင့် လွတ်လပ်ခွင့်ပေးထားသည်။ ထိုသို့ကျင့်ကြံသည့်အတိုင်း အမျိုးသားများက ပို၍အခွင့်အရေးရှိသည်/မရှိသည် အမျိုးသမီးများကလည်း အမျိုးသားများက ပိုင်ဆိုင်မှုများတွင် ခွဲခြားဆက်ဆံမှုရှိခြင်း/ မရှိခြင်း စသည့် အခွင့်အရေးမျော်မှန်းသော စိတ်ဓါတ်များ မရှိသောကြောင့် ပအိုဝ်းဓလေ့အရ နေထိုင်သော ပအိုဝ်း လူမျိုးများသည် ငြိမ်းချမ်းသော လူနေမှုဘဝဖြင့် နေထိုင်နေကြသေးသည်ကို ပအိုဝ်းကျေးရွာ ရောက်ဖူးသူတိုင်း တွေ့မြင်ခံစားရမည်ဖြစ်သည်။

ထို့ကြောင့်ဤဆောင်းပါးတွင် ပါရှိသောအသုံးအနှုန်းအာဘော်များသည် စာရေးသူ၏ ကျဉ်းမြောင်းသော အမြင်ဖြင့်သာရေးသားတင်ပြခြင်းဖြစ်သောကြောင့် လွတ်လပ်စွာ စောဒကတက်ခွင့် သဘောထားကွဲလွဲခွင့်ရှိပါသည်။

နန်းစိန်း (အွံအား)
Powered by Blogger.