Wednesday, September 12, 2018

ဟိုပုံးမြို့နယ် လူထုအခြေပြုလမ်းဖြစ်သော ဘန့်ပိန်း-ဟိုဟွေးကျေးရွာ မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် ပြုလုပ်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်


၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်၊ မနက်(၁၀း၃၀)နာရီအချိန်တွင် ဟိုပုံးမြို့နယ်အတွင်းရှိ ဘန့်ပိန်း-ဟိုဟွေးမြေသားလမ်းအား ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင် ပြုလုပ်နိုင်ရေးအတွက် ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူနှင့် ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

လူထုအကျိုးပြုလမ်းဖြစ်သော ဘန့်ပိန်း-ဟိုဟွေးကျေးရွာနှင့် ရွာချင်းဆက်မြေသားလမ်းအရှည် ၄မိုင် ၄ဖာလုံကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားရေးရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ခုနှစ်ရံပုံငွေဖြင့် ပြုလုပ်ပေးခဲ့ပြီးဖြစ်၍ ယခု ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ဖြင့် ကျောက်ချောလမ်း ခင်းကျင်းပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်လျှင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကတ္တရာထောက်ပံ့ပေးမည်ဆိုပါက မိမိတို့အနေဖြင့် ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ်ပြောင်းလဲရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းဆောင်ရွက်ရသောမြို့နယ်များ၊ လုပ်ငန်းဆောင်တာများ၊ အကြောင်းအရာများ၊ မိမိတို့ဌာနအနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လမ်းတံတား၊ ရေမီးစသည့် အခြေခံလိုအပ်ချက်များကို ပြုလုပ်ပေးလျှက်ရှိကြောင်း၊ ကျေးရွာသူ/သားများ၏ စီးပွားရေး၊ လူမှုရေး၊ အဆင့်အတန်းမြှင့်မားလာပြီးတော့ လူနေမှုဘဝတဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်ဖို့ ရည်ရွယ်ကာ အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးရန်လိုအပ်ကြောင်း ပူးပေါင်းပေးခြင်းဖြင့် ဖွံ့ဖြိုးရေးလုပ်ရာတွင် အောင်မြင်မှုရရှိလာမည်ဖြစ်ကြောင်းနှင့်နောက် မိဘပြည်သူများအနေဖြင့် လမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့များကိုဖွဲ့ထားပြီး လမ်းများကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း          နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်သက်က ပြောကြားပေးခဲ့ပါသသည်။

ပေါင်လင်းကျေးရွာအုပ်စု၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဌ ဦးခွန်မောင်သန်းမှ "အဆိုပါကျေးရွာ(၂)ရွာသည် ပေါင်လင်းကျေးရွာအုပ်စု၊ စငေါကျေးရွာအုပ်စုနှင့် စံဖူးကျေးရွာအုပ်စုအတွင်း ပါရှိပြီး ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တိုး၍ ဆောင်ရွက်ပေးမည်ဆိုပါက လူထုအတွက်များစွာ အကျိုပြုမည်ဖြစ်ကြောင်း၊ ယခုလို လာရောက်ကွင်းဆင်းကြည့်ရှုပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း" ပြောကြားခဲ့ပါသည်။

အဆိုပါလမ်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားရေးရာဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်သက်၊ ပေါင်လင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးရီ၊ စငေါကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခွန်ပန်းအောင်၊ ပေါင်လင်းကျေးရွာအုပ်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဋ္ဌ ဦးခွန်အောင်သန်းနှင့် ဒေသခံအချို့ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

နန်းခမ်းဗွေ
Powered by Blogger.