Sunday, September 30, 2018

ပြည်သူလူထုများ စည်းလုံးညီညွှတ်ပြီး မကြာခဏတွေ့ဆုံဆွေးနွေးမှသာလျှင် အမျိုးသားရေးများ၏ ပန်းတိုင်ကိုရောက်ရှိလာနိုင်မည်ဟု ဒေသဦးစီး ဥက္ကဋ္ဌပြောကြား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်









ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်အရှေ့ကျေးရွာအုပ်စု၊ တောင်တပ်ဘုန်းတော်ကြီး ကျောင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က ပြောကြားရာတွင် ပြည်သူလူထုများ မကြာခဏတွေ့ဆုံဆွေးနွေးမှသာလျှင် အမျိုးသားများ၏လိုချင်သောပန်းတိုင်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အမြန်ဆုံးရရှိလာမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေးမှသာ အချင်းချင်းသွေးနီးလာမည်ဖြစ်ကြောင်း၊ အနာဂတ်လုပ်ငန်းများကို မိဘပြည်သူများနှင့် အတူတကွလက်တွဲလုပ်ကိုင်ဆောင်ရွက်မှသာ အောင်မြင်မှုများရရှိလာမည်ဖြစ်ကြောင်း၊ မိဘပြည်သူများ၏ ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အရေးအရာကိစ္စများကို ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်တွဲပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်သူလူထုများ အချင်းချင်းစည်းလုံးညီညွှတ်၍ ခေါင်းဆောင်အဆက်ဆက်က ထားခဲ့ပေးသော အမျိုးသားရေးလမ်းစဉ်၊ မူဝါဒများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ရွေးချယ် တင်မြောက်ထားသော ကိုယ်စားလှယ်များသည် မိဘပြည်သူများအတွက် လိုအပ်ချက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ က "ယခုသွားနေသောလမ်းသည် ဒီမိုကရေစီစနစ်သို့ ဦးတည်သွားနေသည့်လမ်းကြောင်းဖြစ်ကြောင်း၊ ခေါင်းဆောင်အဆက်ကထားခဲ့ပေးသော ပအိုဝ်းအမျိုးသာ ရေးလုပ်ငန်း၊ လမ်းစဉ်များကို ဆက်လက်လုပ်ကိုင်နေတာဖြစ်ကြောင်း၊ လူမျိုးရသင့်ရထိုက်သော အခွင့်အရေးများ၊ လုပ်ပိုင်ခွင့်များကိုရရှိနိုင်ရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်အဆက်ဆက်က ချမှတ်ပေးထား သော နည်းဗျူဟာ၊ မူဝါဒများအတိုင်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဖြစ်ကြောင်း၊ ရပ်ရာဒေသအေးချမ်းမှသာလျှင် ဒေသလိုအပ်ချက်များဖြစ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ မိဘပြည်သူများသိရှိနိုင်ရန်အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့်အခန်းကဏ္ဍများ နှင့် လွှတ်တော်အကြောင်းအရာ" များကို ပြောကြားခဲ့ပါသည်။

ဆီဆိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှသိန်း က "ပြည်သူလူထု၏လိုအပ်ချက်များဖြစ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍများသည်လည်း အလေးပေးဆောင်ရွက်ရန်လိုအပ်၍ ရပ်ရွာဒေသအချင်းချင်း စည်းလုံးညီညွှတ်မှုရှိရန်လိုအပ်ကြောင်း၊ မျိုးချစ်စိတ်များကိုအရင်းခံပြီး လူတိုင်းတာဝန်ရှိကြောင်း၊ လှုမှုဘ၀ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးရေး နည်းပညာသစ်များကို ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့ကျေးရွာဒေသများတွင် နည်းပညာသစ်စနစ်များ စမ်းသပ်စိုက်ပျိုးနေသည်ကိုတွေ့မြင်နေရကြောင်း၊ တတ်နိုင်သမျှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါသည်။

အဆိုပါလူထုတွေ့ဆုံပွဲအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှသိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဝင် ခွန်အောင်ခင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ ဆီဆိုင်မြို့နယ် အနုပညာအဖွဲ့မှ ခွန်စောင်းဝဲင်း၊ ခွန်ဘာဂျ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာ (၈) ရွာမှ ဒေသခံပြည်သူများ (၅၀၀)ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.